ရုရှားကိုအင်အားပြမည့် နေတိုး၏ စစ်ရေးလေ့ကျင့်မှုကြီး လာမည့်လတွင် ကျင်းပမည်

ရုရှားကိုအင်အားပြမည့် နေတိုး၏ စစ်ရေးလေ့ကျင့်မှုကြီး လာမည့်လတွင် ကျင်းပမည်
ဇွန် ၄ ရက်တွင် ဘော်လ်တစ်ပင်လယ်၌ နေတိုး၏ ရေကြောင်းဦးစားပေး နိုင်ငံစုံလေ့ကျင့်မှုတွင် ကမ်းတက်လေ့ကျင့်နေမှုကို တွေ့ရစဉ် (Photo: AFP)
ဇွန် ၄ ရက်တွင် ဘော်လ်တစ်ပင်လယ်၌ နေတိုး၏ ရေကြောင်းဦးစားပေး နိုင်ငံစုံလေ့ကျင့်မှုတွင် ကမ်းတက်လေ့ကျင့်နေမှုကို တွေ့ရစဉ် (Photo: AFP)
Published 10 October 2018
Ref: AFP

စစ်အေးခေတ်နောက်ပိုင်း နေတိုး၏အကြီးဆုံး စစ်ရေးလေ့ကျင့်မှုအတွင်း အင်အား ၅၀၀၀၀ ရှိသည့် တပ်ဖွဲ့ဝင်များသည် မည်သည့် တိုက်ခိုက်မှုကိုမဆို တွန်းလှန်ရန် အသင့်ရှိကြောင်း ရုရှားအား ပြသရန်အတွက် နော်ဝေဆောင်းရာသီ၏ ပထမဆုံးနှင်းများ ကျဆင်းစဉ် တပ်ဖြန့်စုဝေးကြမည်ဖြစ်သည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာလတွင် ကျင်းပမည့် Trident Juncture စစ်ရေးလေ့ကျင့်မှု၌ စိတ်ကူးယဉ်နိုင်ငံတစ်နိုင်ငံ၏ တိုက်ခိုက်ခြင်းကို ခံရသည့်သဖွယ် သဏ္ဌာန်လုပ်လေ့ကျင့်မည် ဖြစ်သည်။ Trident Juncture ကြောင့် ရုရှား၏အလွန်ကြီးမားသော ဗိုစတော့စစ်ရေး လေ့ကျင့်မှုကြီးကျင်းပပြီး လအနည်းငယ် အကြာ၌ ရုရှားအိမ်နီးချင်းနိုင်ငံတစ်နိုင်ငံသို့ ကြီးမားသော စစ်အင်အားကြီးတစ်ခု ရောက်ရှိလာစေမည်ဖြစ်သည်။

နေတိုးအုပ်စုသည် မည်သည့် (တစ်နိုင်ငံတည်းမဟုတ်ဘဲ မည်သူမဆို) ကျူးကျော်မှုကိုမဆို တန်ပြန်ကာကွယ်နိုင်စွမ်းရည်ရှိကြောင်း ယခုစစ်ရေးလေ့ကျင်မှုက ပြသမည်ဖြစ်သည်ဟု နေတိုး၏ မဟာမိတ်ပူးပေါင်းရေး တပ်ဖွဲ့၏ အကြီးအကဲဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဖောဂိုက ပြောကြားခဲ့သည်။

လေယာဉ်အစင်း ၁၅၀၊ သင်္ဘောအစင်း ၆၀ နှင့် စစ်ယာဉ် ၁၀၀၀၀ ခန့်က ပံ့ပိုးထားသော ထိုကြီးမားသည့် စစ်အင်အားစုကြီးသည် မဟာမိတ်နိုင်ငံတစ်နိုင်ငံကို ကာကွယ်ရန် လျင်လျင်မြန်မြန် ရွှေ့ပြောင်းရောက်ရှိနိုင်သည်ကို ပြသလိမ့်မည်ဟု ဖောဂိုက ပြောကြားခဲ့သည်။

“အဓိကစစ်ရေးလေ့ကျင့်မယ့်နေရာဟာ ရုရှားနယ်စပ်ကနေ ကီလိုမီတာ ၁၀၀၀ ကွာဝေးပါတယ်” ဟု နော်ဝေဗိုလ်ချုပ်ကြီး ရူနီဂျာကော့ဆင်က ပြောကြားခဲ့သည်။ ယခု စစ်ရေးလေ့ကျင့်မှုသည် ရုရှားတို့ကို ခြောက်လှန့်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ ကာကွယ်ရေးအတွက် စစ်ရေးလေ့ကျင့်မှုတစ်ခုအဖြစ်သာ ရှုမြင်စေလိုသည်ဟု ၎င်းက ပြောကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုကို လာရောက်ကြည့်ရှုရန် ရုရှားနှင့် ဘီလာရုစ်တို့မှ စစ်ဘက်စောင့်ကြည့်သူနှစ်ဦးစီကို ဖိတ်ခေါ်ထားသည်။

ရုရှားသည် ယူကရိန်းနိုင်ငံထဲမှ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့သည့် လွန်ခဲ့သော လေးနှစ်ကတည်းက အနောက်မဟာမိတ်များသည် အရှေ့ဥရောပနှင့် ဘော်လ်တစ်နိုင်ငံများ၌ အလှည့်ကျ တပ်ချကာကွယ်မှုများ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ စစ်ရေးတည်ရှိမှုကိုလည်း အဆင့်မြှင့်တင်ခဲ့ကြသည်။

ယခု Trident Juncture 18 ကဲ့သို့ စစ်ရေးလေ့ကျင်မှုသည် နေတိုးအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ကျူးကျော်ခံရသည့် ဖြစ်စဉ်မျိုးတွင် ကြီးမားသည့် စစ်အင်အားတစ်ခုအား မည်သို့ ရွှေ့ပြောင်းမည်ကို တပ်ဖွဲ့ဝင်များအား သင်ကြားရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယခုစစ်ရေးလေ့ကျင့်မှုအတွက် ဂျာမနီက အင်အား ၆၀၀၀ ရှိသည့်တပ်မဟာတစ်ခုကို စေလွှတ်မည်ဖြစ်ပြီး ယခုကတည်းက နော်ဝေသို့ ဂျာမန်စစ်သားအမြောက်အမြား ရောက်ရှိနေနှင့်ကြပြီဖြစ်သည်။ ဥရောပတစ်လွှားနှင့် မြောက်အမေရိကမှ အင်အားစုများမှာမူ လေကြောင်း၊ ရေကြောင်းများမှတစ်ဆင့် နော်ဝေသို့ လာမည်ဖြစ်ပြီး ဗြိတိန်တပ်များမှာမူ လေကြောင်း၊ ကုန်းကြောင်းမှ တစ်ဆင့်လာမည်ဖြစ်သည်။

Most Read

Most Recent