လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ခဲ့သော အမေရိကန်အား ဒူတာတေးက ပြင်းပြင်းထန်ထန် ဝေဖန်

လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်မှ နုတ်ထွက်ခဲ့သော အမေရိကန်အား ဒူတာတေးက ပြင်းပြင်းထန်ထန် ဝေဖန်
Published 8 August 2017

သြဂုတ် ၂ ရက်က မနီလာတွင် ပြည်တွင်းအခွန်ဦးစီးဌာန ထူထောင်မှု ၁၀၃ နှစ်ပြည့် အခမ်းအနား၌ သတင်းထောက်တစ်ဦးကို လက်ညှိုးထိုး စကားပြောနေသော သမ္မတဒူတာတေး (Photo: AP)

ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ မြင့်တက်လာနေမှုအား ယခုသီတင်းပတ်တွင် မနီလာ၌ ကျင်းပခဲ့သော ဒေသတွင်း သံတမန်ရေးရာနှင့် လုံခြုံရေးဖိုရမ်၌ အာရှနိုင်ငံများက ဝေဖန်ခဲ့မှုနှင့်အတူ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကလည်း အဓိကလွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုမှ နုတ်ထွက်ခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရအား သြဂုတ် ၈ ရက်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ မကြာသေးမီကာလအထိ အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့ နိုင်ငံမပါဝင်သော လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်များရရှိရန် တွန်းအားပေး လုပ်ဆောင်နေသည်။

ပြီးခဲ့သော ဇန်နဝါရီတွင် အမေရိကန်သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်ခဲ့ပြီးနောက် မကြာမီ ထရန့်က ပစိဖိတ်ဖြတ်ကျော် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် TPP သည် အလုပ်အကိုင်ဆုံးရှုံးစေသည်ဟုဆိုကာ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ ယင်းကြေညာချက်ကြောင့် ကမ္ဘာတွင် အကြီးဆုံးကုန်သွယ်ရေးသဘောတူညီချက်ဟု ညွှန်းဆိုထားသော TPP အတွက် သဘောတူညီချက်ရရှိရန် ခုနစ်နှစ်ကြာ ညှိနှိုင်းခဲ့ရသည့် အခြားနိုင်ငံ ၁၁ နိုင်ငံအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်ခဲ့သည်။

မနီလာတွင် အာဆီယံအဖွဲ့၏ နှစ် ၅၀ ပြည့် အထိမ်းအမှတ် မိန့်ခွန်း၌ ဒူတာတေးက တရုတ်က ဦးဆောင်ကြိုးပမ်းနေသည့် ဒေသဆိုင်ရာ ကျယ်ပြန့်သော စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု RCEP အား ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒအား ဆန့်ကျင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးတွင် ကစားပွဲစည်းမျဉ်းများကို စောင့်ထိန်းခြင်းတို့တွင် အာဆီယံသည် ကမ္ဘာ၏ မည်သည့်အစိတ်အပိုင်းထက်မဆို ကြီးမားသော အင်အားစုဖြစ်ကြောင်း ဒူတာတေးက ပြောကြားခဲ့သည်။

TPP မှ အမေရိကန်က နုတ်မထွက်မီ ယင်းသဘောတူညီချက်သည် ကမ္ဘာ့စီးပွားရေး၏ ရာခိုင်နှုန်း ၄၀ အား လွှမ်းခြုံကြောင်း သိရသည်။ ယင်းသဘောတူညီချက်သည် လက်ရှိကျင့်သုံးနေသော လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်များထက် သာလွန်ပြီး အလုပ်သမားဥပဒေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်မှုများနှင့် ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၏ ကောင်းမွန်သော စံသစ်တစ်ခုဖြစ်ကြောင်း ထောက်ခံသူများက ချီးကျူးထားသည်။

တရုတ်မပါဝင်သော TPP သဘောတူညီချက်သည် ဒေသတွင်း၌ တရုတ်၏ စီးပွားရေး လွှမ်းမိုးမှုကို တန်ပြန်ရန် နည်းလမ်းတစ်ခုအဖြစ်လည်း ရှုမြင်ခံထားရသည်။ TPP ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်က ကန့်သတ်ထားသော စည်းမျဉ်းများနှင့် စံများအား လျှော့ချထားသည့် RCEP ကို ရရှိနိုင်ရန် တွန်းအားပေးလုပ်ဆောင်နေသည်။ RCEP တွင် အာဆီယံနိုင်ငံများအပြင် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent