တရုတ်နိုင်ငံတောင်ပိုင်းရဲ့ ကားမြို့တော်ချန်ဒူမြို့မှ မြန်မာကားဈေးကွက်ကို လည်ပြန်ကြည့်သောအခါ

တရုတ်နိုင်ငံတောင်ပိုင်းရဲ့ ကားမြို့တော်ချန်ဒူမြို့မှ မြန်မာကားဈေးကွက်ကို လည်ပြန်ကြည့်သောအခါ
Published 24 September 2018

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၏ မြို့တော်ချန်ဒူမြို့ရှိ ကားစက်ရုံတစ်ခု၏လုပ်ငန်းခွင်အား တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)

၂၀၁၁ ခုနှစ် စက်တင်ဘာလကအစပြုပြီး ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ မော်တော်ကားမူဝါဒကြောင့် ကားဈေးကွက်ဟာ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ငါးနှစ်နဲ့ လက်ရှိအစိုးရလက်ထက် နှစ်နှစ်ကျော်အတွင်း ကားစီးရေ ၈၉၀၀၀၀ ကျော်တင်သွင်းခဲ့ပြီး တန်ဖိုး ဒေါ်လာ ၁၀ ဘီလျံကျော်ဖိုး ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကားမူဝါဒ ၁၇ ကြိမ်ဝန်းကျင်ပြောင်းလဲခဲ့ပြီး ၂၀၁၈ ခုနှစ် မူဝါဒမှာ ဘယ်မောင်းကားတွေကိုပဲ တင်သွင်းခွင့်ပြုထားကာ လူစီးယာဉ် အိမ်စီးကားတွေကို ၂၀၁၄ ခုနှစ်နဲ့ အထက်ကားတွေကိုပဲ တင်သွင်းရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တစ်ပတ်ရစ် ကားဟောင်းဈေးကွက် အားကောင်းခဲ့ပြီး ယခုအစိုးရလက်ထက်မှာ ချမှတ်ခဲ့တဲ့ မူဝါဒတွေအရ Brand New ကားဈေးကွက်က တဖြည်းဖြည်းနဲ့ အားကောင်းလာပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကားဈေးကွက်ဖွံ့ဖြိုးမှု သက်တမ်းဟာ ခုနစ်နှစ်ကျော်သာရှိသေးပြီး   ခြောက်နှစ်ကျော်ကာလအထိ တစ်ပတ်ရစ်ကားတွေပဲ ဈေးကွက်စိုးမိုးထားကာ လက်ရှိ ၂၀၁၈ ခုနှစ်မှာ Brand New ကားသစ်ဈေးကွက်က သိသိသာသာ ဦးမော့လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားနိုင်ငံတွေ၊ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ကားသစ်ထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေနဲ့ နှိုင်းယှဉ်ရင် အဆပေါင်းများစွာ ဖွံ့ဖြိုးဖို့လိုအပ်နေပါတယ်။ ဒေသတွင်း ဈေးကွက်အချက်အချာနိုင်ငံအဆင့်အထိ ရောက်ဖို့အတွက် ဒီနိုင်ငံတွေလည်း မော်တော်ကားမူဝါဒ အဆင့်ဆင့် ဖြတ်သန်းပြောင်းလဲပြီး တည်ဆောက်ခဲ့တာဖြစ်တာကြောင့် မြန်မာနိုင်ငံ အနေနဲ့လည်း စဉ်ဆက်မပြတ်တိုးတက်မှုရှိစေမယ့် မော်တော်ကားမူဝါဒ ချမှတ်နိုင်ဖို့အတွက် သူတို့အတွေ့အကြုံက အထောက်အကူပြုမှာ ဖြစ်ပါတယ်။

ဒီအချိန်မှာ မြန်မာ Brand New ကားသစ်ဈေးကွက်ကို ၂၀၁၆ ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့တဲ့ Volvo Myanmar က တရုတ်နိုင်ငံ ချန်ဒူမြို့မှာရှိတဲ့ ကားသစ်ထုတ်လုပ်ရေးစက်ရုံကို သွားရောက်ဖို့ ဖိတ်ကြားလာတာကြောင့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်ကနေ ၁၆ ရက် အထိ မြန်မာဂျာနယ်လစ်ငါးဦး Volvo ကားစက်ရုံကို လေ့လာနိုင်ဖို့ ချန်ဒူမြို့ကို ရောက်ခဲ့ပါတယ်။

ချန်ဒူမြို့ဟာ တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး တရုတ်တောင်ဘက်ရဲ့ အနောက်ပိုင်းမှာ တည်ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးငါးမြို့နဲ့ ဂျီဒီပီ အများဆုံး မြို့ကြီးငါးမြို့ထဲက မြို့ကြီးတစ်မြို့ဖြစ်ပြီး တရုတ်ပြည် အနောက်ပိုင်း၊ အလယ်ပိုင်းနဲ့  အရှေ့ပိုင်းပြည်နယ်တွေနဲ့ ချိတ်ဆက်ရာမှာ အချက်အချာကျတဲ့ မြို့ကြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လူဦးရေ ၁၆ သန်း ကျော်နေထိုင်လျက်ရှိပြီး ကားအစီးရေ နှစ်သန်းကျော်ရှိတဲ့ မြို့ဖြစ်တဲ့ ချန်ဒူမြို့မှာ ပြည်တွင်းပြည်ပ ကားစက်ရုံအများအပြား တည်ထောင်ထားပါတယ်။

၂၀၀၉ ခုနှစ်ကစပြီး ချန်ဒူမြို့မှာ နိုင်ငံတကာကားကုမ္ပဏီတွေနဲ့ ပြည်တွင်းကုမ္ပဏီတွေပူးပေါင်းကာ ကားထုတ်လုပ်ရေးစက်ရုံတွေ တည်ထောင်ခဲ့ကြပြီး ဒီနေ့အချိန်မှာတော့ Volkswagen ၊ Toyota ၊ Volvo ၊ Peugeot စတဲ့ နိုင်ငံတကာ ကားကုမ္ပဏီကြီးတွေရဲ့ တရုတ်ဈေးကွက်အတွက် အရေးပါတဲ့  ကားထုတ်လုပ်ရေးစက်ရုံတွေ အခြေစိုက်ထားပါတယ်။ ၂၀၀၉ ခုနှစ်က စတင်ခဲ့တဲ့ကား ထုတ်လုပ်မှုဟာ ၂၀၁၂ ခုနှစ်မှာ ကားအစီးရေ လေးသိန်းခန့်၊ ၂၀၁၃ ခုနှစ်မှာ ခုနစ်သိန်းကျော်၊ ၂၀၁၄ ခုနှစ်မှာ ရှစ်သိန်း၊ ၂၀၁၆ ခုနှစ်မှာ တစ်သန်း၊ ၂၀၁၇ ခုနှစ်မှာ ၁ ဒသမ ၁၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ကားစီးရေ ၁ ဒသမ ၈ သန်းအထိထုတ်လုပ်ဖို့ ခန့်မှန်းထားကာ တရုတ်နိုင်ငံရဲ့ အဓိက ကားထုတ်လုပ်တဲ့မြို့တစ်မြို့ဖြစ်ဖို့ မျှော်မှန်းထားပါတယ်။

ချန်ဒူမြို့မှာ ၂၀၁၇ ခုနှစ်အတွင်း ထုတ်လုပ်ခဲ့တဲ့ ကားစီးရေ ၁၁၇၉၀၀ မှာ FawVolkswagen ကအစီးရေ ၆၂၀၀၀၀၊ Faw Toyota က အစီးရေ ၁၆၀၀၀၀၊ Geely က အစီးရေ ၁၀၀၀၀၀၊ Dongfeng Peugeot က အစီးရေ ၁၀၀၀၀၀၊ Volvo က အစီးရေ  ၇၅၀၀၀၊ Da Yun က အစီးရေ ၆၅၀၀၀ ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချန်ဒူမြို့ရဲ့ ကားထုတ်လုပ်ရေးစက်ရုံတွေဟာ Longquanyi ခရိုင်ရှိ Chengdu Economic and Technological Development Zone (CEDZ) မှာတည်ရှိတာဖြစ်ပြီး ကားတွေကို ဒေသတွင်း တင်ပို့နိုင်ဖို့အတွက် အဲဒီစီးပွားရေးဇုန်ထဲမှာပဲ ကုန်းတွင်းဆိပ်တွေ တည်ဆောက်ထားပါတယ်။

Volvo ကားကုမ္ပဏီဟာ တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေအဓိကပြုလုပ်ထားပြီး ချန်ဒူမှာရှိတဲ့ ကားထုတ်လုပ်ရေးစက်ရုံအပြင်  Zhangjiakou မှာ အင်ဂျင်ထုတ်လုပ်ရေး စက်ရုံ၊ Daqing မှာ ကားထုတ်လုပ်ရေးစက်ရုံ၊ Luqiao မှာ ကားထုတ်လုပ်ရေးစက်ရုံ၊ Shanghai မှာ အာရှပစိဖိတ်ဒေသဆိုင်ရာ ရုံးချုပ်ဖွင့်လှစ်ထားပါတယ်။ ချန်ဒူမြို့မှာရှိတဲ့ ကားထုတ်လုပ်ရေးစက်ရုံဟာ တရုတ်မှာရှိတဲ့  Volvo ရဲ့စက်ရုံတွေထဲမှာ အကြီးဆုံးဖြစ်ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လမှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Volvo ရဲ့ ချန်ဒူစက်ရုံဟာ စတုရန်းမီတာငါးသိန်းကျယ်ဝန်းပြီး တစ်နှစ်ကို ကားစီးရေ ၁၂၀၀၀၀ အထိ ထုတ်လုပ်နိုင်ပါတယ်။ ချန်ဒူစက်ရုံကနေ ၂၀၁၃ ခုနှစ် နိုဝင်ဘာလကစပြီး Volvo S60L ကို ထုတ်လုပ်နိုင်ခဲ့ပြီး နှစ်အလိုက် ကားအမျိုးအစားနှင့် မော်ဒယ်သစ်များ ထုတ်လုပ်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ The All New XC60 ကို ချန်ဒူစက်ရုံကနေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ချန်ဒူမြို့ရှိ Volvo ကားတပ်ဆင်ထုတ်လုပ်သည့်စက်ရုံတွင် ကားတပ်ဆင်နေမှုကို တွေ့ရစဉ်

Volvo ကားကုမ္ပဏီရဲ့ တရုတ်နိုင်ငံအတွင်း ရောင်းအားကို လေ့လာကြည့်ပါက ၂၀၀၅ ခုနှစ်မှာ ၄၇၈၆ စီးရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ၄၇၁၅၆ စီးအထိ ရောင်းချခဲ့ရကာ နှစ်အများစုမှာ ဂဏန်းနှစ်လုံးရှိတဲ့ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း နှစ်အလိုက်ရောင်းချခဲ့ရတဲ့ ကားစီးရေတွေမှာ ၂၀၁၃ ခုနှစ်မှာ ၆၁၁၄၆ စီး၊ ၂၀၁၄ ခုနှစ်မှာ ၈၁၂၂၁ စီး၊ ၂၀၁၅ ခုနှစ်မှာ ၈၁၅၈၈ စီး၊ ၂၀၁၆ ခုနှစ်မှာ ၉၀၉၃၀ စီး၊ ၂၀၁၇ ခုနှစ်မှာ ၁၁၄၄၁၀ စီးတို့ဖြစ်ပြီး ၂၀၁၇ ခုနှစ်ရဲ့ ရောင်းအားတိုးတက်မှုနှုန်းက ၂၅ ရာခိုင်နှုန်းကျော် ရှိပါတယ်။

Volvo ရဲ့ တရုတ်ကားစက်ရုံတွေကနေ ထုတ်လုပ်တဲ့ ကားတွေကို တရုတ်ပြည်တွင်းမှာ အဓိကရောင်းချတာဖြစ်ပြီး အဲဒီစက်ရုံတွေကထွက်ရှိတဲ့ Volvo S60L ၊ XC60 ၊ S9 0 ၊ S9 0Lတို့ကို အမေရိကန်နဲ့ဥရော ပနိုင်ငံတချို့၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ၊ တောင်အမေရိကနှင့် အာဖရိကနိုင်ငံ တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။ Volvo ရဲ့တရုတ်ကားစက်ရုံတွေကနေ ပြည်ပဈေးကွက်ကို Premium Brand အဖြစ် နိုင်ငံပေါင်း ၃၀ ဝန်းကျင်ကို တင်ပို့နေတာဖြစ်ပြီး Volvo ရဲ့ တရုတ်နိုင်ငံအတွင်း ထုတ်လုပ်မှုရဲ့ ၄၅ ရာခိုင်နှုန်းကို ပြည်ပကိုတင်ပို့နေပါတယ်။ လက်ရှိအချိန်မှာ Volvo ရဲ့ တရုတ်နိုင်ငံရှိ စက်ရုံတွေကနေ တစ်နာရီတိုင်းမှာ ကားအစီး ၅၀ ထုတ်လုပ်နိုင်ပြီး ၂၅ မိနစ်တိုင်းမှာ ကားတစ်စီး ပြည်ပကို ပို့ကုန်အဖြစ် တင်ပို့နိုင်ပြီ ဖြစ်ပါတယ်။

Volvo အာရှပစိဖိတ်ဒေသဈေးကွက် အနေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားမှာ National Sales Companies တွေထားရှိပြီး စင်ကာပူ၊ နယူးဇီလန်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေမှာ Importers တွေကတစ်ဆင့် ဖြန့်ဖြူးရောင်းချနေပါတယ်။ မြန်မာပါဝင်နေတဲ့ အာရှပစိဖိတ်ဈေးကွက်မှာ Volvo ဟာ ဈေးကွက်ဝေစု ခြောက်ရာခိုင်နှုန်းကျော် ရရှိထားပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ကားစီးရေ ၃၃၅၁၈ စီးရောင်းချခဲ့ရကာ ၂၀၁၆ ခုနှစ် ကထက်  ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ မြန်မာဈေးကွက်ဆိုင်ရာ Volvo ကား တင်သွင်းသူနဲ့ ဖြန့်ဖြူးရောင်းချသူအဖြစ် Performance Auto International Co.,Ltd က ဆောင်ရွက်နေပြီး Performance Auto ကို UMG Co.,Ltd  နဲ့ Wai Family Co.,Ltd တို့က အကျိုးတူတည်ထောင်ထားကာ အရောင်းပြခန်းနဲ့ ဝန်ဆောင်မှုစင်တာကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှစတင်ကာ ဈေးကွက်ပွင့်လန်းခဲ့တဲ့ ထွန်းသစ်စ မြန်မာကားဈေးကွက်ကို Brand New ရောင်းချတဲ့နိုင်ငံတကာ ကားကုမ္ပဏီ အမှတ်တံဆိပ်တွေ စတင်ဝင်ရောက်လာပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်အခြေစိုက် Ford ၊ Chevrolet ၊ တောင်ကိုရီးယားအခြေစိုက် KIA ၊ Hyundai ၊ ဂျပန်အခြေစိုက် Suzuki ၊Toyota ၊ Nissan ၊ Mazda ၊ Isuzu ၊ Mitsubishi ၊ ဂျာမနီအခြေစိုက် Mercedes ၊ BMW  ၊ ပြင်သစ်အခြေစိုက် Peugeot ၊ ဆွီဒင်အခြေစိုက် Volvo ၊ ဗြိတိန်အခြေစိုက် Jaguar ၊ Land Rover ၊ တရုတ်အခြေစိုက် Dongfeng ၊ GAC ၊ BAIC ၊ အိန္ဒိယအခြေစိုက် TATA စတဲ့ ကုမ္ပဏီတွေအရောင်းပြခန်းနဲ့ ဝန်ဆောင်မှုစင်တာတွေ ဖွင့်လှစ်ပြီးဖြစ်ကာ ဂျာမနီအခြေစိုက် Volkswagen ကလည်း အရောင်းပြခန်းနဲ့ ဝန်ဆောင်မှုစင်တာဖွင့်လှစ်ဖို့ ပြင်ဆင်နေပါတယ်။

Brand New ကားသစ်အရောင်းပြခန်းတွေကို ၂၀၁၃ ခုနှစ်ကစတင်ကာ အပြိုင်အဆိုင်ဖွင့်လှစ်လာကြပြီး အစောပိုင်းနှစ်တွေမှာ ရောင်းအားက အစီးရေ ၁၀ ဂဏန်းပဲရှိ ရာကနေ လက်ရှိအချိန်မှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်နေတဲ့ တချို့ကုမ္ပဏီတွေ လစဉ်အစီးရေထောင်ချီ ရောင်းချနိုင်တဲ့အထိ ရောင်းအားတိုးတက်လာပါပြီ။ Brand New ကားတွေထဲမှာမှ မြန်မာနိုင်ငံမှာ စက်ရုံတည်ထောင်ပြီး SKD စနစ်နဲ့ ထုတ်လုပ်တဲ့ကားတွေကို ရန်ကုန်လိုင်စင်နဲ့ ရောင်းချနိုင်တဲ့ အားသာချက်ရှိတာကြောင့် ကားကုမ္ပဏီတချို့ တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတည်ထောင်ဖို့ ပြင်ဆင်လာတာတွေ့ရပါတယ်။ လက်ရှိ SKD စနစ်နဲ့ မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ကား ကုမ္ပဏီတွေကတော့ Suzuki ၊ KIA ၊ Ford ၊ Nissan ၊ Dongfeng စတာတွေဖြစ်ပြီး ကားကုမ္ပဏီ ကြီးတချို့လည်း မြန်မာနိုင်ငံမှာ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွေ တည်ထောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံမှာ Brand New ကားသစ်စီးရေ ၆၈၄၁ စီးရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကာလတူထက် ၁၁၄ ရာခိုင်နှုန်းကျော် များပြားခဲ့ကာ အာဆီယံနိုင်ငံတွေထဲမှာ တိုးတက်မှုနှုန်းအမြင့်ဆုံး ဖြစ်နေပေမယ့် ထုတ်လုပ်ရောင်းချနိုင်တဲ့ အရေအတွက်ကို နှိုင်းယှဉ်မယ်ဆိုရင်တော့ မြန်မာဈေးကွက်က ဖွံ့ဖြိုးစအခြေအနေမှာပဲ ရှိနေတာကို တွေ့ရမှာပါ။

၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ အာဆီယံနိုင်ငံတွေရဲ့ ကားသစ်ရောင်းချမှုပမာဏမှာ အင်ဒိုနီးရှားမှာ ၅၅၃၇၇၉ စီး၊ ထိုင်းမှာ ၄၈၉၁၁၈ စီး၊ မလေးရှားမှာ ၂၈၉၇၁၄ စီး၊ ဖိလစ်ပိုင်မှာ ၁၇၁၅၉၀ စီး၊ ဗီယက်နမ်မှာ ၁၂၅၆၅၉ စီး၊ စင်ကာပူမှာ ၄၈၄၄၃ စီး၊ မြန်မာမှာ ၆၈၄၁ စီး၊ ဘရူနိုင်းမှာ ၅၆၉၀ စီးဖြစ်ပြီး စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်နိုင်ငံတွေမှာ အရင်နှစ်ကထက် ရောင်းအားကျဆင်းခဲ့ပြီး ကျန်နိုင်ငံတွေမှာ ရောင်းအားအနည်းအများအလိုက် တိုးတက်ခဲ့ပါတယ်။ အာဆီယံဈေးကွက် တစ်ခုလုံးအနေနဲ့ အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကားသစ်ရောင်းချမှု ပမာဏ ၄ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး မြန်မာနိုင်ငံက ၁၁၄ ရာခိုင်နှုန်းကျော်နဲ့ တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ Brand New ကားသစ်စီးရေ ၈၂၂၅ စီး ရောင်းချနိုင်ခဲ့ရာ ၂၀၁၆ ခုနှစ်ကထက် ၉၇ ရာခိုင်နှုန်းကျော် များပြားခဲ့ပြီး လက်ရှိ ၂၀၁၈ ခုနှစ်မှာလည်း ၂၀၁၇ ခုနှစ် ကာလတူထက်  ပိုမိုရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်လအလိုက် ရောင်းချရမှုအနေနဲ့ ဇန်နဝါရီမှာ ၈၉၁ စီး၊ ဖေဖော်ဝါရီမှာ ၁၀၇၉ စီး၊ မတ်မှာ ၂၉၆၂ စီး၊ ဧပြီမှာ ၃၇၁၅ စီး၊ မေမှာ ၁၅၃၈ စီး၊ ဇွန်မှာ ၁၅၈၈ စီး ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကာလတူထက် ၃၆၄၆ စီး ပိုမိုရောင်းနိုင်ခဲ့ကာ တိုးတက်မှုနှုန်း ၁၁၄ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ကားသစ်စီးရေ ၄၁၆၈ စီးရောင်းချခဲ့ရပြီး ၂၀၁၇ ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့ မြန်မာအစိုးရရဲ့ ကားတင်သွင်းမှုဆိုင်ရာ မူဝါဒအပြောင်းအလဲကြောင့် ကားသစ်စီးရေ ၈၂၀၀ ကျော်အထိ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ကားသစ်တွေ ရောင်းချမှုနဲ့ ထုတ်လုပ်မှုတွေအတွက် မြန်မာဈေးကွက်ဟာ ထွန်းသစ်စဈေးကွက်တစ်ခုဖြစ်လာပြီး နှစ်အလိုက် တိုးတက်မှုနှုန်း ဆက်လက်မြင့်မားမယ်လို့ ခန့်မှန်းထားကြပါတယ်။

ကားသစ်ရောင်းချမှုပမာဏ တိုးတက်မှုနည်းတူ မြန်မာနိုင်ငံမှာ ကားသစ်ထုတ်လုပ်မှုပမာဏ တိုးတက်မှုလည်း အာဆီယံနိုင်ငံတွေထဲမှာ အမြင့်ဆုံးဖြစ်နေပါတယ်။ အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံခြောက်နိုင်ငံမှာ ကားသစ်ထုတ်လုပ်ရေးစက်ရုံ၊ တပ်ဆပ်ထုတ်လုပ်ရေး စက်ရုံတွေကနေ ကားသစ်တပ်ဆင် ထုတ်လုပ်မှုများပြုလုပ်နေပြီး အာဆီယံဒေသတွင်းတစ်ခုလုံး အနေနဲ့ ၂၀၁၇ ခုနှစ်မှာ ၀ ဒသမ ၆ ရာခိုင်နှုန်းပဲ တိုးတက်မှုရှိခဲ့ပေမယ့် မြန်မာနိုင်ငံက ရာခိုင်နှုန်း ၃၂၀ ကျော် တိုးတက်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ အာဆီယံနိုင်ငံတွေရဲ့ ကားသစ်တပ်ဆင်ထုတ်လုပ်မှု ပမာဏမှာ ထိုင်းက ၁၀၅၆၅၆၉ စီး၊ အင်ဒိုနီးရှားက ၆၂၄၄၀၈ စီး၊ မလေးရှားက ၂၈၀၉၄၇ စီး၊ ဗီယက်နမ်က ၁၀၁၄၅၉ စီး၊ ဖိလစ်ပိုင်က ၄၀၉၈၂ စီး၊ မြန်မာက ၄၆၈၃ စီးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကလွဲလို့ ကျန်နိုင်ငံတွေမှာ ထုတ်လုပ်မှုပမာဏ တိုးတက်ခဲ့ပါတယ်။ အာဆီယံဈေးကွက်တစ်ခုလုံးအနေနဲ့ ၂၀၁၈ ခုနှစ် ဇွန်လအထိ ကားသစ်တပ်ဆင်ထုတ် လုပ်မှုပမာဏ ၆ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး မြန်မာနိုင်ငံက ၁၉၄ ရာခိုင်နှုန်းကျော်နဲ့ တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်း တပ်ဆင်ထုတ်လုပ်တဲ့ ကားသစ်စီးရေမှာ ၄၉၃၀ စီးဖြစ်ပြီး ၂၀၁၆ ခုနှစ်ကထက် ၃၇၇၈ စီးပိုမိုခဲ့ကာ တိုးတက်မှုပမာဏ ၃၂၈ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာလည်း ဇန်နဝါရီတွင် ၆၁၀ စီး၊ ဖေဖော်ဝါရီတွင် ၇၇၇ စီး၊ မတ်တွင် ၆၆၅ စီး၊ ဧပြီတွင် ၆၁၈ စီး၊ မေတွင် ၉၈၂ စီး၊ ဇွန်တွင် ၁၀၃၁ စီးတပ်ဆင်ထုတ်လုပ်နိုင်ခဲ့ပြီး အရင်နှစ်ကာလတူထက် ၃၀၉၄ စီးပိုမိုခဲ့ကာ တိုးတက်မှုနှုန်း ၁၉၄ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကားသစ်တပ်ဆင်ထုတ်လုပ်မှုအတွက် ထွန်းသစ်စဈေးကွက်တစ်ခု ဖြစ်လာတာနဲ့အညီ တိုးတက်မှုနှုန်းမြင့်မားပေမယ့် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကားသစ်ထုတ်လုပ်ရောင်းချရမှုပမာဏဟာ အဆပေါင်းများစွာ ကွာခြားနေဆဲဖြစ်ပါတယ်။ လက်ရှိအချိန်ဟာ ကားသစ်ဈေးကွက် ဖွံ့ဖြိုးမှု ခြေလှမ်းစလှမ်းနေဆဲ ကာလတစ်ခုဖြစ်ပြီး ဈေးကွက်တိုးတက်လာဖို့ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ရပါဦးမယ်။

၂၀၁၇ ခုနှစ်ကစတင်ပြီး ပြောင်းလဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့ကားမူဝါဒအရ တစ်ပတ်ရစ်ကားတင်သွင်းမှုနဲ့ အရောင်းအဝယ်ဈေးကွက် တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး Brand New ကားသစ်ရောင်းအား တိုးတက်လာခဲ့တဲ့အတွက် ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံတွေ တည်ဆောက်ဖို့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ကြိုးစားလာခဲ့ပါတယ်။ မြန်မာနိုင်ငံလို ဈေးကွက်ထွန်းသစ်စ နိုင်ငံတစ်ခုအနေနဲ့ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်တဲ့ SKD စနစ်နဲ့ ကားသစ်တပ်ဆင် ထုတ်လုပ်ခွင့်ပြုထားတာဖြစ်ပြီး သတ်မှတ်ထားတဲ့ SKD သတ်မှတ်ချက်တွေကို ကားသစ်တပ်ဆင်ထုတ်လုပ်သူတွေ လိုက်နာမှ အလုံးစုံတပ်ဆင်ထုတ်လုပ်တဲ့ CKD အဆင့်ကို နောက်တစ်လှမ်းလှမ်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်အရ မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ ဖက်စပ်ကုမ္ပဏီကိုးခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၆၆၀ ကျော်ရှိပါတယ်။ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုနဲ့ မော်တော်ယာဉ်ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီခုနစ်ခုရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ကျပ် ၅၅ ဘီလျံဝန်းကျင်ရှိပါတယ်။ ကားသစ်တပ်ဆင်ထုတ်လုပ်တဲ့ စက်ရုံတွေ ဒီနှစ်ပိုင်းမှာ ရင်းနှီးမြှုပ်နှံမှု များပြားလာပေမယ့် ကားပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်ရေး စက်ရုံတွေ ဝင်ရောက်မှုနည်းပါးနေတာကြောင့် နောင်တစ်ချိန် SKD စနစ်မှ CKD စနစ်ကို ကူးပြောင်းနိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ပစ္စည်းအားလုံး ပြည်ပကနေတင်သွင်းပြီး ဒီမှာ တပ်ဆင်ထုတ်လုပ်နေတာထက် ကားပစ္စည်းအစိတ်အပိုင်းအများစုကို ဒီမှာထုတ်လုပ်နိုင်မှ ကားထုတ်လုပ်ရေးအဆင့် နောက်တစ်ဆင့်ဖြစ်တဲ့ အလုံးစုံတပ်ဆင်ထုတ်လုပ်တဲ့ CKD စနစ်ကို ပြောင်းလဲနိုင်ဖို့ လွယ်ကူမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိလုပ်ငန်းလည်ပတ်နေတဲ့ SKD စက်ရုံတွေမှာ အကြီးဆုံးက လစဉ်အစီးရေ ထောင်ဂဏန်းသာထုတ်လုပ်နိုင်တဲ့ စက်ရုံတွေဖြစ်ပြီး ဒီလိုကားသစ်တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ တည်ထောင်ဖို့အတွက် မြေနေရာ၊ လျှပ်စစ်ဓာတ်အားရရှိမှု၊ ကျွမ်းကျင်လုပ်သားရှားပါးမှု အခက်အခဲတွေ ရှိပါတယ်။ လက်ရှိကားသစ်ရောင်းအားကို ကြည့်ရင်လည်း အရင်တစ်ပတ်ရစ် ကားဟောင်းတွေနဲ့ ဈေးသိပ်မကွာတဲ့ ကျပ်သိန်း ၂၀၀ ကျော်ကနေ ကျပ်သိန်း ၄၀၀ ဝန်းကျင် ကားတွေက အများစုဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကားဈေးနှုန်းဟာ ကားတန်ဖိုးကြောင့် ကြီးမြင့်နေခြင်းမဟုတ်ဘဲ ကောက်ခံနေတဲ့အခွန်နှုန်းကြောင့် များပြားနေတာပါ။ တရုတ်နိုင်ငံမှာဆိုရင် ဓာတ်ဆီသုံးကားသစ်တွေကို အခွန်ကောက်ခံမှု ပျမ်းမျှ ၃၂ ရာခိုင်နှုန်းပဲရှိပြီး ထိုင်းနိုင်ငံမှာဆိုရင် အခွန်ရာခိုင်နှုန်း ၃၀ ကနေ ၃၅ ရာခိုင်နှုန်း ဝန်းကျင်ပဲရှိပါတယ်။ သဘာဝဓာတ်ငွေ့သုံး ယာဉ်နဲ့ လျှပ်စစ်စွမ်းအင်သုံးယာဉ်တွေဆို ၁၀ ရာခိုင်နှုန်းကျော်ပဲ အခွန်ကောက်ခံပါတယ်။ နိုင်ငံတကာ ကားကုမ္ပဏီကြီးတစ်ခုရဲ့ တစ်ကမ္ဘာလုံးရှိ ရုံးခွဲနဲ့ ကိုယ်စားလှယ် အရောင်းပြခန်းများကို ကောက်ခံတဲ့ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံမှာ ကားတစ်စီး ပိုင်ဆိုင်ခွင့်ရရှိဖို့အရေး ကားတန်ဖိုးရဲ့ ရာခိုင်နှုန်း ၁၃၀ အထိ အခွန်ပေးရပြီး အမြင့်ဆုံး အခွန်နှုန်းထားဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ အရင်အစိုးရအဆက်ဆက်ကတည်းက မော်တော်ကားမူဝါဒကို သေချာချမှတ်ခဲ့ခြင်းမရှိဘဲ လုပ်ချင်သလို  လုပ်ခဲ့တာကြောင့် ပြည်သူတွေဟာ နှစ်ကာလအတော်ကြာ ကားစုတ်ကားပျက်တွေကိုပဲ စီးခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ကားမူဝါဒ ပြောင်းလဲမှုကြောင့် ကားအသစ်နီးပါး အရည်အသွေးရှိတဲ့ တစ်ပတ်ရစ်ကားဟောင်းတွေ စီးလာရပါတယ်။ လက်ရှိအစိုးရရဲ့ ကားမူဝါဒကြောင့် ကားဈေးကွက်ဟာ ၂၀၁၇ ခုနှစ် ကစပြီး Brand New ကားသစ်ဈေးကွက်ဘက် ပိုအားသာလာပေမယ့် ကားရဲ့အရည် အသွေးနဲ့ပတ်သက်လို့ အာမခံချက်လိုလာပါတယ်။

မြန်မာနိုင်ငံရဲ့ မော်တော်ကားမူဝါဒကို အခြေခံအဆောက်အအုံ လမ်း၊ တံတားအရေအတွက်နဲ့ အရည်အသွေးတွေ ထည့်သွင်းမစဉ်းစားခဲ့လို့ အရည်အသွေးမပြည့်မီတဲ့ လမ်းတွေနဲ့ ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုတွေကို ၂၀၁၃ ခုနှစ်လောက်ကစပြီး အခုအချိန်အထိ ခံစားနေရဆဲဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၈ ခုနှစ် ဧပြီလအထိ ရန်ကုန်ဆိပ်ကမ်းကနေ ထုတ်ယူသွားတဲ့ ကားစီးရေ ရှစ်သိန်းကျော်ကနေ အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်အားလုံးပေါင်း  ကျပ်ဘီလျံ ၂၀၀၀ ကျော်ရရှိပြီးဖြစ်ကာ ရရှိတဲ့ အခွန်အခတွေကို အခြေခံအဆောက်အအုံ လမ်းတံတားတွေ နိုင်ငံတကာအရည်အသွေးမီဖို့ အဆင့်မြှင့်တင်တာ ဒါမှမဟုတ် အသစ်ဖောက်လုပ်ဖို့ လိုအပ်ပါတယ်။ ကားတွေတင်သွင်းပြီး၊ ကားတွေထုတ်လုပ်ပြီး သွားစရာလမ်းမရှိရင်၊ လမ်းတွေအရည်အသွေးမမီရင် ပို့ဆောင်ဆက်သွယ်ရေးအတွက် အကျိုးမရှိဘဲဖြစ်နေမှာပါ။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လကုန်အထိ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်စာရင်းအရ မြန်မာနိုင်ငံမှာ ကားစီးရေ ၇၀၁၁၆၀၂ စီးရှိပြီး ရန်ကုန်မြို့မှာ ကားစီးရေ ၈၉၀၀၀၀ ကျော်ရှိတယ်။ စတုရန်းကီလိုမီတာ ၆၇၆၀၀၀ ကျော် အကျယ်အဝန်းရှိတဲ့ နိုင်ငံတစ်ခုရဲ့၊ လူဦးရေ ၅၃ သန်းရှိတဲ့ နိုင်ငံတစ်ခုရဲ့ ပို့ဆောင်ဆက်သွယ်ရေးအတွက် ကားအစီးရေ သန်းပေါင်းများစွာ လိုအပ်ဦးမှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ကားဈေးကွက်နဲ့ ကားထုတ်လုပ်မှုတိုးတက်ဖို့အတွက် တိုးတက်မှုရှိပြီး တည်ငြိမ်တဲ့စီးပွားရေးရှိဖို့၊ နိုင်ငံအတွင်း ဝယ်လိုအားကောင်းမွန်ဖို့၊ ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ အဓိကလိုအပ်ပါတယ်။ ဖွံ့ဖြိုးပြီးဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကားမူဝါဒတွေကို နည်းနမူနာယူပြီး မြန်မာနိုင်ငံရဲ့ ကားမူဝါဒနဲ့ အခြေခံအဆောက်အုံ လမ်းတံတားဖွံ့ဖြိုးရေးကို စီမံခန့်ခွဲနိုင်မယ်ဆိုရင် နိုင်ငံတစ်ဝန်းက လမ်းမကြီးတွေပေါ်မှာ ပြည်သူပြည်သားတွေ ကားတဝီဝီစီးနိုင်ဖို့ မျှော်လင့်ချက်ထားနိုင်မှာ ဖြစ်ပါတယ်။

 

Most Read

Most Recent