ဗီယက်နမ်တို့၏ ဟနွိုင်းအကျဉ်းထောင်၌ ခေါင်းမာခဲ့သူ စစ်သုံ့ပန်း ဂျွန်မက်ကိန်း

ဗီယက်နမ်တို့၏ ဟနွိုင်းအကျဉ်းထောင်၌ ခေါင်းမာခဲ့သူ စစ်သုံ့ပန်း ဂျွန်မက်ကိန်း
Published 27 August 2018

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယခုအခါ ပြတိုက်ပြုလုပ်ထားသော ဟွာလိုအကျဉ်းထောင်တွင် အမေရိကန်ရေတပ် လေယာဉ်မှူး မက်ကိန်း၏ ဓာတ်ပုံများကို ဖေဖော်ဝါရီ ၇ ရက်က ကမ္ဘာလှည့်ခရီးသည်များ ကြည့်ရှုနေစဉ် (Photo: AFP)

ဟနွိုင်းဟီလ်တန်လို့ အမည်ပြောင်နဲ့ ခေါ်တဲ့ ဗီယက်နမ်အကျဉ်းထောင်မှာ စစ်သုံ့ပန်းတစ်ဦးအဖြစ် နေထိုင်ခဲ့စဉ်အတွင်း ဂျွန်မက်ကိန်းဟာ အလျှော့မပေးတတ်ပေမဲ့ ပွင့်လင်းတဲ့သူတစ်ဦးအဖြစ် ထင်ရှားပါတယ်။   စာဖတ်အားသန်တဲ့သူတစ်ဦးဖြစ်ပြီး စစ်ပွဲနဲ့ ပတ်သက်ပြီး သူ့ကို ထောင်ချထားတဲ့ ဗီယက်နမ်တွေနဲ့ ပြင်းပြင်းထန်ထန် ငြင်းခုံတတ်သူလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီထဲက တစ်ဦးဖြစ်တဲ့ နာမည်ကြီးလှတဲ့ ဟွာလိုထောင်ရဲ့ ညွှန်ကြားရေးမှူးဟောင်းက ကျော်ကြားတဲ့ အကျဉ်းသား မက်ကိန်းနဲ့ ငြင်းခုံခဲ့တဲ့အကြောင်းကို ပြန်ပြောပြပါတယ်။ သူ့အမြင်တွေနဲ့ ပတ်သက်ပြီး သဘောထားပြောင်းလဲဖို့ ငြင်းဆန်ခဲ့တဲ့ မက်ကိန်းကို သူလေးစားခဲ့တဲ့အကြောင်းလည်း  ဗီယက်နမ်ထောင်မှူးက ပြန်ပြောပြပါတယ်။

“သူရဲ့ ခေါင်းမာမှု၊ သူ့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကပဲ သူနဲ့ ငြင်းခုံတဲ့အခါ ကျွန်တော် သဘောကျမိတာပါပဲ” လို့ အငြိမ်းစားဗိုလ်မှူးကြီး ထရန်ထရွန်ဒူယက်က ဆိုပါတယ်။

ဗီယက်နမ်စစ်ပွဲပြီးတဲ့နောက် ဆယ်စုနှစ်တွေအကြာ သြဂုတ် ၂၅ ရက်က အသက် ၈၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ မက်ကိန်းဟာ သူ့ကို အကျဉ်းချခဲ့တဲ့ ရန်သူတွေကို  ခွင့်လွှတ်ခဲ့ပြီး ဒီကနေ့မှာ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ နှစ်နိုင်ငံဖြစ်လာဖို့အတွက် ရင်ကြားစေ့ရေးမှာ ကူညီပေးခဲ့ပါတယ်။

မက်ကိန်းရဲ့ Skyhawk ဗုံးကြဲလေယာဉ်ဟာ ဟနွိုင်းမြို့ ထရူယက်ဘက်ရေအိုင်ပေါ်မှာ ပစ်ချခံရပြီးတဲ့နောက် မက်ကိန်းဟာ  ပြင်သစ်တွေ တည်ဆောက်ထားခဲ့တဲ့ အကျဉ်းထောင်ကို ၁၉၆၇ ခုနှစ် အောက်တိုဘာလမှာ အပို့ခံရပြီး အကျဉ်းသားအဖြစ် ငါးနှစ်ခွဲ နေခဲ့ရပါတယ်။

ခြေထောက်တစ်ဖက်နဲ့ လက်နှစ်ဖက်လုံး ကျိုးလျက်က ရေထဲကနေ တက်လာခဲ့တဲ့ မက်ကိန်းဟာ ချမ်းချမ်းစီးစီးကြီးထဲ သင်္ဘောနဲ့ ခေါ်ဆောင်ခံရပြီး အကျဉ်းသား ၅၀၀ လောက်ရှိနေတဲ့ ပြည့်ကျပ်နေတဲ့ အကျဉ်းထောင်ကို ရောက်သွားပါတယ်။

သူ့ကို ဖမ်းထားတဲ့ ဗီယက်နမ်တွေဟာ  မက်ကိန်းကို ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးရဲ့ သားဆိုတာ ချက်ချင်း သိသွားပြီး မကြာခင်မှာပဲ မက်ကိန်းကို “အိမ်ရှေ့မင်းသား” လို့ အမည်ပြောင်နဲ့ ခေါ်ဆိုကြပါတယ်။

မက်ကိန်းရဲ့ အကျဉ်းသားဘ၀ အစောပိုင်းနှစ်တွေဟာ ပင်ပန်းခက်ခဲခဲ့ပါတယ်။

မက်ကိန်းကို တစ်ယောက်တည်း တိုက်ပိတ်ထားခဲ့ပြီး သူဟာ ဝမ်းကိုက်ရောဂါ ခံစားခဲ့ရပါတယ်။ လတွေ အတန်ကြာသွားတဲ့အထိ သူဟာ ပေါင်မုန့်နဲ့ ရွှေဖရုံသီး စွပ်ပြုတ်ပဲ စားခဲ့ရပါတယ်။ တစ်ဦးတည်း နေရတဲ့ မက်ကိန်းဟာ တခြားအကျဉ်းသားတွေနဲ့ ဆက်သွယ်ရာမှာ ထူထဲလှတဲ့ အင်္ဂတေနံရံကို  ခေါက်ပြီး အသံသင်္ကေတနဲ့သာ ဆက်သွယ်ခဲ့ရပါတယ်။

သူ့ရဲ့ မှတ်တမ်းလွှာမှာ မက်ကိန်းက “အထီးကျန်မှုက ကျွန်တော့်ကို အရမ်းကို သုန်မှုန်ရိုင်းစိုင်းတဲ့ စိတ်အခြေအနေဖြစ်အောင် တွန်းပို့ခဲ့ပါတယ်” လို့ ရေးခဲ့ပါတယ်။ သူဟာ စိတ်ဓာတ်ကျမှုကို တွန်းလှန်ဖို့ အကျဉ်းထောင်အစောင့်တွေကို စူးစူးဝါးဝါး  အော်ဟစ်စော်ကားမှု ပြုခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက်တော့ သူဟာ စစ်ဆေးမေးမြန်းတာတွေ၊ ရိုက်နှက်တာတွေကို ခံခဲ့ရပါတယ်။

“ကျွန်တော့် တစ်ကိုယ်လုံးကို ကြိုးတွေနဲ့ တုပ်ထားပြီး တစ်ညလုံး ကြိုးတုပ်ခံလျက်သား နေခဲ့ရပါတယ်” လို့ ၁၉၇၃ ခုနှစ်မှာ လွတ်မြောက်လာပြီးတဲ့နောက် မက်ကိန်းက  ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ခံခဲ့ရတဲ့ အကြောင်းတွေကို ပြန်လည်ရေးသားခဲ့ပါတယ်။

“နောက် လေးရက်လုံးလုံး မတူခြားနားတဲ့ ထောင်စောင့်တွေက နှစ်နာရီခြားကနေ သုံးနာရီခြားတစ်ခါ ကျွန်တော့်ကို လာလာပြီး  ရိုက်နှက်ကြတော့တာပါပဲ။ ကျွန်တော့် လက်တစ်ဖက်က ပြန်ကျိုးသွားပြီး ကျွန်တော့်နံရိုးတွေ အက်ကုန်တယ်” လို့ မက်ကိန်းက ပြန်လည်ရေးသားခဲ့ပါတယ်။

ဒူယက်ကတော့ မက်ကိန်း ဒါမှမဟုတ်  တခြားအကျဉ်းသားတွေ မလျော်မကန် ဆက်ဆံခံရတယ် ဆိုတာမျိုးကို ငြင်းဆိုခဲ့ပြီး  စည်းကမ်းဘောင်ကို ချိုးဖောက်တဲ့ ထောင်စောင့်တွေကို သူ အပြစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ညှဉ်းပန်းနှိပ်စက်တာတွေ မရှိပါဘူး။  ဗီယက်နမ် ပြည်သူတွေက သူ့ကို ကယ်ခဲ့တာပါ” လို့ ဒူယက်က ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟိုင်ဖွန်းက သူ့နေအိမ်မှာ ဒီနှစ်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒူယက်ဟာ အဲဒီတုန်းက အမေရိကန်စစ်သုံ့ပန်းတွေရဲ့ ဓာတ်ပုံတွေ နဲ့ အမေရိကန် အရာရှိတွေနဲ့အတူ ရိုက်ကူးထားတဲ့ သိပ်ပြီးမကြာသေးခင်က စစ်ယူနီဖောင်းနဲ့ သူ့ကိုယ်တိုင်ရဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။

မက်ကိန်းရဲ့ ရှည်လျားတဲ့ အကျဉ်းစံနေ့ရက်တွေ ကုန်ဆုံးကာနီးမှာတော့ မက်ကိန်းနဲ့ သူ့ရဲ့ ဆက်ဆံရေးက နွေးထွေးလာတယ်လို့ ဒူယက်က ဆိုပါတယ်။

“အလုပ်ချိန်တွေ ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ အချင်းချင်းဟာ မိတ်ဆွေတွေပဲလို့ ကျွန်တော်တို့ တွေးပါတယ်။ သူက ကျွန်တော့်ကို အင်္ဂလိပ်စာ သင်ပေးတယ်။ သူက အသင်အပြကောင်းတဲ့သူပါ” လို့ ဒူယက်က ပြောပြ တယ်။

ထောင်က လွတ်မြောက်ပြီးတဲ့နောက် အရေးအသားတွေမှာ မက်ကိန်းက ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ သူ့ဘဝဟာ  လွယ်ကူလာတယ်လို့ ပြောထားပါတယ်။

မက်ကိန်းဟာ ဗီယက်နမ်ကွန်မြူနစ် တော်လှန်ရေးခေါင်းဆောင် ဟိုချီမင်းအကြောင်း ဝါဒဖြန့်စာတွေကို ဖတ်ခဲ့ရပြီး တခြားအမေရိကန် အကျဉ်းသားတွေနဲ့အတူ အကျဉ်းထောင် မြေကွက်လပ်ထဲမှာ လျှောက်သွားခွင့်လည်း ရခဲ့တယ်လို့ ဆိုပါတယ်။

မက်ကိန်းကို ဖမ်းထားခဲ့တဲ့ ထောင်က ထောင်မှူး ဒူယက်ကတော့ ပျော်ရွှင်ဖွယ် အမှတ်ရမှုတွေကိုသာ ပိုပြီး ပြောချင်ပုံရပါတယ်။ သူကတော့ အကျဉ်းသားတွေ တစ်ဦးနဲ့တစ်ဦး ပျော်ပျော်ရွှင်ရွှင် နောက်ပြောင်ကြပုံ၊ မိသားစုအကြောင်း၊ ခရီးထွက်ခဲ့တဲ့ အကြောင်းတွေ တစ်ဦးကိုတစ်ဦး ပြောပြကြပုံတွေကိုသာမက မိန်းမအကြောင်းတွေကို  ပြောကြပုံတွေကိုသာ ဒူယက်က ပြန်ပြောပြလိုပုံရပါတယ်။

“ကျွန်တော်တို့ အတူတူ ရယ်မောကြတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် မိန်းမတွေဟာ အတူတူပါပဲလို့ ကျွန်တော်တို့ သဘောတူကြတယ်။ မိန်းမတွေဟာ အချော့ကြိုက်တဲ့အကြောင်း၊ စိတ်ကောက်တတ်တဲ့ အကြောင်း၊ သဝန်တိုတတ်တဲ့အကြောင်းတွေပေါ့” လို့ ဒူယက်က ပြုံးပြုံးကြီးပြောပြတယ်။

မက်ကိန်းဟာ ၁၉၈၁ ခုနှစ်မှာ ရေတပ်ကထွက်ပြီး နိုင်ငံရေးသမားအဖြစ် အကြာကြီး ကျင်လည်ခဲ့တယ်။ သူဟာ အရီဇိုးနားရဲ့  ရီပက်ဘလီကင် အထက်လွှတ်တော်အမတ်အဖြစ် ထင်ရှားခဲ့တယ်။ ဒါပေမဲ့ ဟနွိုင်း ဟီလ်တန်အကျဉ်းထောင်က အတွေ့အကြုံတွေဟာ သူ့ဘဝတစ်လျှောက်လုံးကို လွှမ်းမိုးခဲ့တယ်။

သမ္မတလောင်း မဲဆွယ်ပွဲအတွင်း ဒေါ်နယ်ထရန့်က မက်ကိန်းဟာ ဗီယက်နမ်မှာ အဖမ်းခံခဲ့ရတာမို့ စစ်သူရဲကောင်း မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ထရန့်ရဲ့ အငြင်းပွားဖွယ် မှတ်ချက်တွေဟာ မက်ကိန်းကို ထောက်ခံတဲ့သူတွေကို ဒေါသထွက်စေပါတယ်။ မက်ကိန်းကို ထောက်ခံတဲ့သူတော်တော်များများက စစ်သုံ့ပန်းအဖြစ် နေခဲ့ရတဲ့ မက်ကိန်းရဲ့အချိန်တွေဟာ ထင်ရှားတဲ့ အတွေ့အကြုံတွေဖြစ်တယ်လို့ ရှုမြင်ကြသူတွေပါ။

“ဂျွန်မက်ကိန်းဟာ အမြဲတမ်း အမေရိကန်ရဲ့ ထင်ရှားတဲ့ စစ်သုံ့ပန်းဖြစ်နေမှာပါပဲ။ အဲဒီအတွေ့အကြုံဟာ မက်ကိန်းဆိုတဲ့ နာမည်နဲ့ရော၊ မက်ကိန်းဆိုတဲ့ လူနဲ့ပါ ခွဲခြားလို့ မရပါဘူး” လို့ ဟွာလိုအကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ အမေရိကန်စစ်သုံ့ပန်းတွေအကြောင်း Defiant ဆိုတဲ့ စာအုပ်ကို ရေးခဲ့သူ အယ်ဗင်တောင်လေက ဆိုပါတယ်။

မက်ကိန်းဟာ အမေရိကန်နဲ့ ဗီယက်နမ်တို့အကြား ရင်ကြားစေ့ရေးမှာ ထင်ရှားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူအဖြစ်လည်း ဂုဏ်ပြုခံရသူဖြစ်ပါတယ်။

“ဗီယက်နမ်အပေါ် သူ့ရဲ့ပွင့်လင်းမှုနဲ့  သူရဲ့ ဗီယက်နမ်ကို ပြန်သွားလိုတဲ့ ဆန္ဒသာမက ဗီယက်နမ်က သူ့အတွေ့အကြုံတွေကို  ပြန်ပြောပြခြင်းက ဒဏ်ရာတွေ အများကြီးကို ကျက်စေဖို့ တကယ်ကို အထောက်အကူ ပြုခဲ့ပါတယ်” လို့ တောင်လေက ဆိုပါတယ်။

Most Read

Most Recent