NLD ပါတီဝင် ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအား စွပ်စွဲပြစ်တင်ချက်အပေါ် မဲခွဲဆုံးဖြတ်ကာ တာဝန်ကို ဆက်လက်ဆောင်ရွက်ရန်မသင့်ကြောင်း လွှတ်တော်အတည်ပြု

NLD ပါတီဝင် ရခိုင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအား စွပ်စွဲပြစ်တင်ချက်အပေါ် မဲခွဲဆုံးဖြတ်ကာ တာဝန်ကို ဆက်လက်ဆောင်ရွက်ရန်မသင့်ကြောင်း လွှတ်တော်အတည်ပြု
Published 3 January 2018

ရခိုင်ပြည်နယ်လွှတ်တော်တွင် လျှို့ဝှက်မဲပေးထားသည့် မဲအရေအတွက်ကို ရေတွက်နေစဉ်

NLD ပါတီဝင် ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအား စွပ်စွဲပြစ်တင်ချက်အပေါ် မဲခွဲဆုံးဖြတ်ကာ တာဝန်ကိုဆက်လက်ဆောင်ရွက်ရန် မသင့်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးတို့က ပြစ်တင်စွပ်စွဲချက်အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသို့ တိုင်ကြားခဲ့ပြီးနောက် အဖွဲ့ဝင်ငါးဦးဖြင့် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အရေးပေါ်အစည်းအဝေးခေါ်ယူကာ လွှတ်တော်အတွင်း လျှို့ဝှက်မဲပေးကာ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲရှစ်မဲဖြင့် ဇန်နဝါရီ ၂ ရက်တွင်ကျင်းပသည့် အရေးပေါ်လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။

ထိုစွပ်စွဲချက်အား အဖွဲ့ဝင်ငါးဦးဖြင့် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌသို့ အစီရင်ခံစာတင်ပြခဲ့ကြောင်း၊ အစီရင်ခံစာအရ လွှတ်တော်ခေါ်ယူခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီး ဦးမင်းအောင်နှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များအား စောင့်ဆိုင်းပေးပါရန် ညှိနှိုင်းစာပေးပို့ခဲ့ကြောင်း၊ ယင်းအတွက် လွှတ်တော်အတွင်း ဆုံးဖြတ်သင့်မသင့်ကို ဦးစွာလျှို့ဝှက်မဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာ အနိုင်ရရှိခဲ့သဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အတွင်း ဆက်လက်ပြီး လျှို့ဝှက်မဲဖြင့်ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၃၇ မဲ၊ ကန့်ကွက်မဲရှစ်မဲဖြင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား ဝန်ကြီးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်တော်ကြောင်း လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား တွေ့ရစဉ်

ယင်းနှင့်ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “အစိုးရကို ထိန်းကျောင်းတယ်ဆိုတာ ကျွန်တော်တို့မေးခွန်းမေးပြီး ထိန်းကျောင်းလို့ရပါတယ်။ အဆိုတွေနဲ့ ထိန်းကျောင်းလို့ရပါတယ်။ ညှိနှိုင်းပြီးလည်း ထိန်းကျောင်းလို့ရပါတယ်။ ဖွဲ့စည်းပုံအရ စွပ်စွဲပြစ်တင်မှုကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ရခိုင်ပြည်နယ်လွှတ်တော်ဟာ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ညှိနှိုင်းမှုတစ်စုံတစ်ရာရှိလာမလားလို့ ကျွန်တော် အများကြီးစောင့်ဆိုင်းခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၅၁ အရ အစိုးရအဖွဲ့ဟာ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် စီမံကိန်းလုပ်ငန်းတွေကို လွှတ်တော်ကိုတင်ပြပြီး သဘောတူညီချက်ရပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်ရဲ့ သဘောထားကိုမရယူဘဲ ဆောင်ရွက်ခွင့်မရှိပါဘူး။ အဲဒီလိုလုပ်ခဲ့ရင် အန္တရာယ်ဖြစ်တယ်လို့လည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဈေးငါးဈေးကိစ္စကိုလည်း လွှတ်တော်ကိုပြောမလားလို့ စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့မတိုင်ပင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ဝန်ကြီးချုပ်ဆီကို စာရေးခဲ့ပါတယ်” ဟု လွှတ်တော်တွင် ပြောကြားသည်။

လွှတ်တော်တွင်း ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဝန်ကြီးဦးမင်းအောင်ကလည်း စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်ပြီး လက်ခံကြောင်း၊ စွပ်စွဲထားသော အချက်ကိုးချက်ကိုလည်း အများသိအောင် တင်ပြလိုသည်ဟု ပြောဆိုခဲ့ကြောင်း၊ လွှတ်တော်တွင်း ဆုံးဖြတ်ချက်ကို မပြောလိုသော်လည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဈေးကိစ္စများကိုလည်း သတင်းစာရှင်းလင်းပွဲတွင် အပြည့်အစုံပြောကြားလိုကြောင်း ပြောကြားသည်။

“အခုကိစ္စက ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်တာဆိုတော့ ဥပဒေအရလုပ်သွားဖို့သာရှိပါတယ်။ ဥက္ကဋ္ဌက သမ္မတဆီတင်ရမှာပေါ့။ စွပ်စွဲချက်တွေကလည်း မှန်ကန်မှုမရှိပါဘူး။ လွှတ်တော်မှာလည်း ပြောခွင့်မရခဲ့ဘူး။ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါမှာ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်ထားရှိမှုတွေကို အသေးစိတ်ရှင်းပြမှာပါ။ စွပ်စွဲချက်တွေကို လွှတ်တော်မှာ ပွင့်ပွင့်လင်းလင်းချပြဖို့ အခြေအနေတွေတောင် မကြုံခဲ့ရဘူး။ လွှတ်တော်က ကိုယ်စားလှယ်တွေအတွက်ပဲ အစီရင်ခံစာတင်သွင်းတဲ့အပေါ် ချပြခဲ့တယ်။ တကယ့်တကယ် စွပ်စွဲချက်ကိုးချက်စလုံးကို ပြည်သူကိုချပြဖို့ ကြိုးစားခဲ့ပေမယ့် လွှတ်တော်ကခွင့်မပြုခဲ့ဘူး။ ဒါ လွှတ်တော်ပိုင်းက ချပြဖို့အတွက်လည်း လိုအပ်တယ်။ ပြည်သူတွေသိခွင့်မရခဲ့ဘူး။ ဈေးငါးဈေးကတော့ ကျွန်တော်တို့လုပ်ဆောင်ချက်တွေကို သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ အသေးစိတ်ရှင်းပြဖို့ရှိပါတယ်။ အခုလွှတ်တော်တွင်းမှာ မဲခွဲဆုံးဖြတ်တာကို ကျွန်တော့်အနေနဲ့ ပြောနေစရာ၊ အပြစ်တင်နေစရာမရှိပါဘူး။ နောက်ပြီး စွပ်စွဲတဲ့ ၁၇ ယောက် ဘယ်သူတွေလဲဆိုတာကိုလည်း ကျွန်တော်သိခွင့်မရခဲ့ပါဘူး။ အဲဒီအထဲက စုံစမ်းတဲ့အထဲမှာပါတဲ့အတွက် တရားလက်လွတ်ဖြစ်နေတဲ့ အဖြစ်တွေလည်း ကြုံခဲ့ရပါတယ်။ ကျွန်တော်ကတော့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ပါတီတွင်းကိစ္စတွေကိုလည်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးမင်းအောင်က ပြောကြားသည်။

လွှတ်တော်အတွင်းလျှို့ဝှက်မဲခွဲကာ ဝန်ကြီးတာဝန်အား ဆက်လက်ဆောင်ရွက်ရန် မသင့်တော်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည့် စည်ပင်သာယာရေး ဝန်ကြီးဦးမင်းအောင်မှာ ၂၀၁၆ ခုနှစ် ဧပြီ ၇ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏အမိန့်ဖြင့် တာဝန်ခန့်အပ်ခြင်းခံရသူဖြစ်သည်။

ရခိုင်ပြည်နယ်မြို့နယ်ငါးခုတွင် စည်ပင်သာယာဌာနပိုင်ဈေးများ တည်ဆောက်ရေးတင်ဒါခေါ်ယူရာတွင် လွှတ်တော်ကိုအသိမပေးခြင်း၊ ကျောက်ဖြူမြို့နယ်ရှိ ဌာနပိုင်ဈေးဆိုင်ခန်းများကို နီးစပ်ရာသို့ လက်လွှဲရောင်းချခြင်း၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်တို့တွင် ကူးတို့တင်ဒါများကို ပွင့်လင်းမြင်သာမှုမရှိဘဲခေါ်ယူခဲ့ခြင်း စသည်တို့အပါအဝင် စွပ်စွဲချက်ကိုးခုဖြင့် ဦးမင်းအောင်ကို လွှတ်တော်မှစွပ်စွဲခဲ့သည်။

လွှတ်တော်က စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အား စွပ်စွဲပြစ်တင်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ တွင် ‘တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့်စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်’ ဟုဖော်ပြထားသည်။

စွပ်စွဲပြစ်တင်မှု မှန်ကန်ကြောင်း လွှတ်တော်ကဆုံးဖြတ်ပါက အဆိုပါဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတက တာဝန်မှရပ်စဲကြောင်း ကြေညာရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃ ပုဒ်မခွဲ (င) ပု်ဒမခွဲငယ် (၁) (၂) တို့တွင် ဖော်ပြထားသည်။

စွပ်စွဲပြစ်တင်မှုမှန်ကန်မှုမရှိကြောင်း ဆုံးဖြတ်ပါက ဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ အစီရင်ခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၂ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၃) တို့တွင်ဖော်ပြထားသည်။

Most Read

Most Recent