(၁)
ဆရာချော ပြောသလိုဆို ‘အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို အမြဲတမ်း နောက်ကျသူ နာရီအိုကြီးကိုတင်ဆောင် ကာရထားထွက်ခဲ့ပြီ’ ။ ရထားတစ်စင်းဟာ စတင်ထွက်ခွာလာပြီပေါ့။ ကြောက်စိတ်တစ်ဝက် လောကဓံဒဏ်တစ်ဝက်နဲ့ ပျံသန်းလာတဲ့ မိုးဦးကျ အိပ်တန်းပြန်ငှက်တွေလို ကောင်းကင်အပေါက်ကြား လေညင်းခံထွက်လာတဲ့ ဆောင်းဦးပေါက် တိမ်မျှင်လေးလို။ တအိအိ တငွေ့ငွေ့နဲ့သာ ဟိုးအဝေးကြီးက တစစလွင့်မျောလာတတ်တဲ့ စိတ်တွေနဲ့သာ ကိုယ့်ကိုကိုယ်တောင် ဖမ်းဆုပ်မရနိုင်တဲ့ စိတ်ကူးတွေနဲ့သာ။ အဲဒီလို ရထားပေါ်မှာ အဝေးတစ်နေရာမှ နောက်ထပ်ဟိုး အဝေးတစ်နေရာဆီ လွင့်မျောဖို့ အသင့်ပြင်ထားသူ တစ်ယောက်ကဗျာတစ်ပုဒ်ကို အထပ်ထပ် ရေရွတ်ပြီး လိုက်ပါလာခဲ့တယ်။ အဲဒါ ဆရာမောင်ချောနွယ်ရဲ့ ရထားပေါ့။ ဟိုးအဝေးကြီးကဆိုတာကလည်း ညဉ့်နက်သန်းခေါင် တိတ်ဆိတ်မှုကို လှုပ်နှိုးလိုက်သလို အလွမ်းရေချိန်ကို ညအမှောင်ထဲ ပိုအလေးပေးလိုက် သလိုဖြစ်ခဲ့လို့ပါ။ တကယ်တော့ ရထားဟာ တဖြည်းဖြည်း စတင်ထွက်ခွာလာရုံမျှသာ။ ကျဉ်းကျပ်တဲ့မြို့ရနံ့ကနေ မသိမသာ ပြေးထွက်နေပုံမျိုးလောက်သာ။ ရှေ့ကို လှမ်းငေးကြည့်မိတယ်။ ရထားဟာ ဘူတာအိုဟောင်းလေးရဲ့ ရင်အဝေးဆီ တငွေ့ငွေ့ရွေ့လျားနေပြီလား။ တရွေ့ရွေ့ ရောက်သွားခဲ့ပြီလားလို့။
အရှိန်ယူရင်း စတင်ထွက်ခွာလာခဲ့တယ်ဆိုပေမယ့် လွင့်မျောတဲ့စိတ်နဲ့ပါပဲ။ မြူနှင်းငွေ့ထဲ တိုးဝင်နေရသလို အိပ်မက်ထဲ ငေးရီလမ်းလျှောက်လာရသလို မိုးရေထဲ တုန်ရီကြေကွဲနေရသလိုလိုနဲ့။ အမှောင်ထဲ ထိတ်လန့့်တကြား ပြေးထွက်လာတဲ့ကလေး တစ်ယောက်ရဲ့အိမ်ကို အမြန်ရောက်ချင်စိတ်မျိုးနဲ့သာ တဖြည်းဖြည်းရှေ့ကို ဆက်လက် ရွေ့လျားလာခဲ့ပေါ့ရထား။ သူ့အသံကိုက အလွမ်းနဲ့ပေါင်းစပ်ထားတဲ့ စကားလုံး ဆွေးမြေ့အက်ကွဲပုံပေါက်နေတဲ့ ငယ်သံနဲ့သာ။ အဲဒီအသံမှာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်စွာ လဲလျောင်းနေလျက်က နားစွင့် နားစိုက်ထောင်ရ ရုတ်တရက်တုံ့ဆိုင်း ထစ်အသွားတတ်ကြတယ်။ ရထားဟာတစ်ကိုယ်တည်း စကားပြောနေပေမဲ့ သူ့အနီး အနားမှာတော့ ငြိမ်သက်တဲ့ တိတ်ဆိတ်မှု တွေကိုသာ ဖြစ်ပေါ်စေတယ်။ ဒါပေမဲ့ မွန်းကျပ်ပိတ်လှောင်နေတဲ့ အခန်းတစ်ခုထဲက ထွက်လာသလိုတော့ ရှိမှာပါ။ ရထားဟာ ပိုပြီးဝေးတဲ့ တစ်နေရာရာဆီ ဒါမှမဟုတ် ပျော်ရွှင်မှုတစ်ခုဆီ ကျယ်ပြောသာယာတဲ့ ကမ္ဘာလောကဆီ ခေါ်ဆောင်သွားလိမ့်မယ်။ အချိန်အနည်းငယ်အတွင်းမှာ အသားကျ တဖြည်းဖြည်း အရှိန်ရလာပါလိမ့်မယ်။ ဒါပေမဲ့ အစကတည်းက လွင့်မျောနေ တတ်တဲ့စိတ်နဲ့ဆိုတော့ လွတ်လပ်ပေါ့ပါးမှုကို မြင်လို့မရသေးဘူးပေါ့။ ရထားပေါ်လိုက်ပါလာသူတွေလည်း တဖြည်းဖြည်း ငေးမောလို့ ငြိမ်သက်တိတ်ဆိတ်လို့ ဒါမှမဟုတ် တစ်ခုခုကို ဆုပ်ကိုင်မိလျက်သားလိုက်ပါခဲ့မိမှာ။ ရထားက တဖြည်းဖြည်း မြို့ပြရဲ့အပြင် ဘက်လောကဆီ ရောက်လာခဲ့ပြီ။
(၂)
နာကျင်မှုကို မေ့ပစ်ဖို့ ရထားထွက်ခဲ့ပြီ။ ကျဉ်းကျပ်နေတဲ့ မြို့လယ်ကောင် လမ်းတွေကတဆင့် ရထားသံလမ်းဘေး ရှုပ်ထွေးပေရေနေတဲ့ လူမှုဘဝတွေဆီကတစ်ဆင့် ခပ်လှမ်းလှမ်းမှာ လှမ်းမြင်နေရတဲ့ ကားလမ်းမတွေရဲ့ ဘေးဆီက ရထားထွက်လာခဲ့ပြီ။ တဖြည်းဖြည်းလေ။ နေလောင်ဒဏ်ရာ အပြည့်နဲ့ ဂုံးကျော်တံတားတွေအောက် ရထားဟာ တိတ်တဆိတ် တိုးဝင်လာတယ်။ မြို့ပြနောက်ကျောဘက် တိုးလျှိုပေါက် မြင်ရတတ်တဲ့ နေရာတွေကတစ်ဆင့် ဟန်ဆောင်မှုတွေနဲ့ ဝေးရာဆီ တဖြည်းဖြည်း ရွေ့လျားလာခဲ့ပေါ့။ ဒါပေမဲ့ ရထားပေါ်မှာတော့ ဆူညံမှုကို မွေးမြူထားရဆဲ။ ထွက်ခွာလာစမို့လည်း လှုပ်ရှားမှုမှန်သမျှ ငြိမ်သက်မနေ သေးပြောလက်စ စကားစမပြတ်သေး အရေးတကြီးမှာစရာ ကျန်ရစ်နေသေးတယ်။ ဝေးကွာသွားမယ့် အခိုက်အတန့်ကို ဖုံးကွယ် ထားရသေးတယ်။ ရထားစက်သံ မှန်မှန်ထွက်မလာသေး၊ ဥသြသံ မြန်မြန်မကြားရတတ်သေး၊ ပြတင်း အပြင်ဘက်ဆီ ငေးရီနေတဲ့ မျက်ဝန်းတွေ မမြင်ရသေးပါဘူး။ မြို့ပြအရပ်အငွေ့တွေက ရထားပေါ် စွန်းပေနေတုန်း ရထားပေါ်ပါလာတဲ့ လူတွေလည်း တစ်စုံတစ်ခုကို လွမ်းဆွေးဖို့ သတိမရတတ် သေးဘူးပေါ့။ ရထားပေါ်နေသားတကျ ဖြစ်ဖို့ကိုလည်း ကြိုးစားနေရတယ် မဟုတ်လား။
ရထားစထွက်လာတော့ ဟိုဟိုဒီဒီပဲ လျှောက်တွေးကြည့် ငေးရီစီးမျောနေမိတယ်။ ပကတိအရှိတရားအတိုင်း မြင်ရတဲ့ ရထားတစ်စီးပေါ်က မြင်ကွင်းတွေ လွတ်လပ်တဲ့လောကထဲ ဖောက်ထွက်လာရသလို နမိတ်ပုံတွေနဲ့ ကျယ်ပြောပြန့့်ကားနေတဲ့ လမ်းဘေးဝဲယာတွေ။ ရထားဟာမြို့ပြရဲ့ ကျဉ်းမြောင်းကျပ်တည်းမှုတွေဆီက တဖြည်းဖြည်း တငြိမ့်ငြိမ့် ရွေ့လျားနေခဲ့ရဲ့။ နေအိမ်မျက်နှာစာတွေလို ကြည့်ပျော် ရှုပျော်ဖြစ်မနေတဲ့ ရထားတစ်စင်းရဲ့ မြင်ကွင်းတွေ။ ကျောပေးထားတဲ့ ဟောင်းနွမ်းဆွေးမြေ့မှုတွေ ဝဲယာတစ်လျှောက် မြို့ပြရဲ့ အတောင်တချို့ လွင့်စင်ဝဲကျနေသလို မြင်ရတယ်။ ဟောကြည့်ပါဦး။ တဖြည်းဖြည်း အဲဒီမြင်ကွင်းတွေထဲက ပူလောင်မွန်းကျပ်မှုနဲ့ဝေးရာ ရထား ပြေးထွက်လာခဲ့ပေါ့။ ဆွေးမြေ့သူ သူ့အဖြစ်ကို ကျားကန်ရင်း ရထားဟာ ပျော်ရွှင်စွာ ခုန်ပေါက်လာခဲ့ပါပေါ့လား။
(၃)
ရထားစီးတဲ့အတွေ့အကြုံမျိုးကို ဟိုအရင်ကလည်း ပုံစံအမျိုးမျိုး အရွယ်အမျိုးမျိုးမှာ ခံစားချက်တစ်ခုခုနဲ့ လိုက်ပါခဲ့ဖူးတာပါပဲ။ အသက်အရွယ်အလိုက် တိမ်မူးရာ ခံစားချက်ဒီရေကို လိုက်ပြီး ဆွတ်ပျံ့ကြည်နူး ပျော်ရွှင်လွမ်းဆွတ် နေခဲ့ဖူးတယ်။ တစ်ခါတလေ အရေးပေါ်ကိစ္စမျိုးတွေမှာ စိတ်ကလောကြီးနေပေမယ့် ရထားပေါ်ရောက်တိုင်းတော့ စိတ်ကို ကမန်းကတန်း လွှတ်ချရပ်နား နေဖြစ်ခဲ့တာချည်းပါပဲ။ အခုလည်း ဒီအတိုင်း အတွေးထဲမှာ နစ်ဝင်လို့ အရသာတစ်ခုခု အသစ်ထပ်တွေ့မလား မြင်သမျှ လိုက်ပါခံစားနေမိတာ။ ကိုယ်တိုင်က အမြဲတမ်း လွမ်းသံပေါက်အောင် အော်နေတဲ့ ဥသြငှက်တစ်ကောင်လို ဘယ်နေရာ ကြည့်လိုက်ကြည့်လိုက် လွမ်းဆွတ် တမ်းတမှုများသာ ကပ်ပါလာ ဘယ်လိုအသံထွက်ထွက် အလွမ်းအကြောင်းတွေချည်း ပြောနေမိတော့တယ်။ အခုရော ဥသြငှက်ကလေးတွေ ဘယ်ရောက်ကုန်ပြီတဲ့လဲ။ နွေရက်တွေ လွန်သွားတဲ့အခါ လွမ်းစရာ မလိုတော့ဘူးများ တွေးနေကြလား မပြောတတ်ဘူး။ ဥသြသံလေးတွေလည်း မကြားရတော့ပြန်ဘူး။ ဒါပေမဲ့ ကိုယ်ကတော့ ဘယ်ရာသီရောက်ရောက် ဘယ်လို အချိန်မှာမဆို လွမ်းစရာကြုံလို့ကတော့ လွင့်လွင့်မျောမျော လွမ်းလိုက်ဖို့ မေ့မေ့မျောမျော ခံစားတတ်ဖို့သာ အကျင့်လုပ်ယူထားနေမိခဲ့တယ်။ အခုလည်း ရထားတစ်စီးကိုမှ စီးနေ မိလျက်သား ရထားပေါ် ပုံကျလွမ်းမိလျက် သားပေါ့။
ပျင်းရိငြီးငွေ့စိတ်နဲ့ လွတ်လပ်စွာ သွားလာလိုတဲ့အခါ ရထားတစ်စင်းပေါ် တက်လိုက်လာဖို့ ခြေလှမ်းတွေကို ဘယ်တော့မှ မတွန့်ဆုတ်ပါစေနဲ့လို့သာ။ ရထားပေါ်မှာ အရသာမျိုးစုံ မြင်ကွင်းအဖုံဖုံကို အရှိအတိုင်း တင်ဆက်နေတယ်။ လူမှုဘဝမျိုးစုံဟာ ရထားတစ်စင်းတည်းပေါ် စုပြုံပါလာတတ်တယ်။ မြင်ရတွေ့ရမှာကတော့ အရသာမျိုးစုံခပ်ထားတဲ့ အခြေခံဘဝတွေပါပဲ။ ခရီးစဉ်တစ်လျှောက် ဘူတာစဉ်တစ်လျှောက် ငေးရီလွမ်းမောပါသွားတယ်။ ရထားပေါ်မှာ ဟန်ဆောင်မှုမပါတဲ့ အဖြစ်အပျက်တွေ၊ တမင်တကာ ဖုံးကွယ်ထားတဲ့ ရိုးသားမှု မျက်နှာတွေကိုလည်း ငေးကြည့်သွားရမှာပဲ။ ရထားပြတင်းပေါက်က မြင်ရတတ်တဲ့ ရှုမျှော်ခင်းတွေက အစပေါ့။ တိုးတိုက်လာတဲ့ လေထဲက အေးမြမှုကအစပေါ့။ တဖြည်းဖြည်း ရောက်လာတဲ့ အမှောင်ထုကြီးက အစပေါ့။ ရထားပေါ် တစ်သားတည်း ရှိနေတတ်ပါတယ်။
(၄)
ခရီးစဉ်တစ်လျှောက် ပါလာတဲ့ ဈေးသည်အသံတွေနဲ့ ငြီးငွေ့မှုကို လှုပ်နှိုးလိုက်တယ်။ ရထားတစ်စီးပေါ်ကို ခရီးသည်တွေ ဘယ်လောက်ရောက်လာ ဘယ်လိုပဲ ကျပ်ညှပ်နေပါစေ ရထားဟာ သူမူလရှိနေတဲ့ အလေးချိန်ရဲ့ငါးပုံတစ်ပုံကိုပဲ သံလမ်းတွေပေါ် အားသက်ရောက်စေတယ်။ ကျန်တဲ့ အလေးချိန်တွေကို ဇလီဖားတုံးတွေနဲ့ သံလမ်းဘေးက ကျောက်ခဲတွေက မျှခံသွားကြတာပေါ့။ ရထားဟာ ရှေ့ကိုရွေ့လျားတဲ့အခါ ဘေးကို တွန်းကန်ပြီး ရွေ့လျားတတ်တာပါလို့ ရထားဝန်ထမ်း အသိတစ်ယောက် ပြောဖူးတဲ့စကား အမှတ်ရနေမိတယ်။ နောက်ပြီးဆရာတစ်ယောက် ပြောဖူးသေးတယ်။ ရထားပေါ်က မြင်ကွင်းတွေလိုမျိုး ရိပ်ခနဲရိပ်ခနဲ ပြောင်းလဲနေတဲ့ဘဝမြင်ကွင်းတွေကို ဖမ်းတတ်ဖို့ အနုပညာပါရတယ်။ အာရင်ဘတ်ဟာ သူတွေ့ကြုံခဲ့တဲ့ခေတ်ကြီးကို အဲဒီလို ရေးပြသွားခဲ့တာပေါ့တဲ့။ သူ့ရဲ့ရုပ်ပုံလွှာ အဖွဲ့တွေဟာ လက်ဖျားခါဖို့ကောင်းလောက်အောင် ပညာပါခဲ့တယ်ဆိုတာကိုလည်း အခုတွေးကြည့်နေမိပါတယ်။ အဲဒီရထားပေါ့ သံသရာနဲ့လည်း ချီတယ်။ တဝဲလည်လည် လှည့်နေဘဝထဲ တစ်နေရာပြီး တစ်နေရာ ရပ်နားနေရတယ်။ ရထားဟာ ရွေ့လျားခုတ်မောင်းရာ လမ်းတစ်လျှောက် အလွမ်းကိုသာချန်ခဲ့ အသိစိတ်မှာ လွမ်းမောနေပုံမျိုးနဲ့သာ ဖြတ်သန်းနေခဲ့လေရဲ့။ အခုရော ဘယ်ကို ရောက်နေပြီလဲ။
အဝေးကြီးကနေ အရှိန်နဲ့ စီးဝင်လာသလို ရထားဆိုက်ခဲ့ပြီ။ ဟိုးအဝေးဆုံးက အသံကုန် ထုတ်ခေါ်လို့ အလွမ်းဟာ ရထားတစ်စင်းအဖြစ် ခုတ်မောင်းလာခဲ့ပြီ။ တဖြည်းဖြည်း နီးကပ်လာ၊ မောပန်းနွမ်းနယ်နေမှန်း သိသာတဲ့စိတ်ကို ပစ်ချရပ်နားလိုက်ဖို့ကိုသာ ကြိုးစားနေတယ်။ အလွမ်းကို တိတ်ဆိတ်စွာ လွှတ်ချလိုက်ဖို့ကိုလည်း တွေဝေနေတဲ့ပုံစံမျိုးနဲ့ အသံကို ထပ်မံမြှင့်တင်ကြည့်တယ်။ နီးကပ်လာလို့လည်း ကျယ်လောင်မှုဟာ ပိုပီသလာခဲ့တာလား မပြောတတ်ဘူး။ အလွမ်းကို ဆူညံသံနဲ့ ဖုံးအုပ်ထားနေရပြန်တယ်။ ကြောက်စိတ်ကို တစ်ခုခုနဲ့ ကာထားရသလို အထီးကျန်မှုမှာ ပျော်ရွှင်ကြောင်း ငြင်းဆန်ပြနေသလိုပေါ့။ ဟိုးအဝေးက မီးရောင်ပျပျ စူးရှရှအော်သံဟာ နာကျင်နေတဲ့ ပုံမျိုးနဲ့ ငေးသူကို ဘယ်လိုမှ မတားဆီးနိုင်ခဲ့။ အစကတည်းကိုက အလွမ်းကို အပိုင်ဝယ်ယူ ရရှိထားတဲ့ ရထားပေါ့။ အဲဒါရထားရဲ့ ကိုယ်ပိုင်အမှတ်အသား ရထားရဲ့ ငယ်သံပဲ။ အလွမ်းကို ရင်ခွင်ပိုက် မွေးမြူလာခဲ့သလို တဖြည်းဖြည်း ခုတ်မောင်းလာခဲ့တယ်။ အဲဒါ ဆရာချောရဲ့ ကဗျာထဲက ရထားလေ။ ပြောလေ့ရှိကြတာတော့ ရထားဟာ ဘူတာရုံကိုဝင်ဖို့ ဘယ်အချိန်မှာများ တွန့်ဆုတ်နေခဲ့ဖူးလို့လဲတဲ့။ သူ့ဆွဲငင်လိုက်တဲ့အသံမှာ အားလုံး အလွမ်းနဲ့သာ အလန့်တကြား နိုးထစိတ်ကူးယဉ်ကမ္ဘာထဲ ရောက်ရောက်သွားတတ်ကြတယ် မဟုတ်လား။ ကဗျာတစ်ပုဒ်ကို အထပ်ထပ်ရွတ်ခွင့်ရတဲ့ အခိုက်ပါပဲ။