အနုပညာအုတ်ချပ်များ

အနုပညာအုတ်ချပ်များ
Published 11 August 2017


ပုဂံဒေသရှိ စေတီပုထိုးများ
ဒါပါနဲ့ဆိုရင် ပုဂံကို ကျွန်တော်ရောက်တာ လေးခေါက်ရှိပါပြီ။ ကိုယ့်အစွမ်းအစနဲ့ ကိုယ်ရောက်ခြင်းတော့မဟုတ်။ သူငယ်ချင်းဖြစ်သူ စောမင်းဦး၏ စပွန်ဆာနဲ့ ပုဂံမြေကို ခြေချခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဟာ စာထဲ၊ ဓာတ်ပုံတွေထဲ၊ ရုပ်ရှင်တွေထဲ၊ သီချင်းတွေထဲ၊ သူများပြောဆိုသံတွေထဲ ကြားဖူးကတည်းက ပုဂံကို စိတ်ကူးနဲ့ဖူးမြော် ကြည်ညိုနေသူဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းက ပုဂံကို စိတ်နဲ့ အကြိမ်ကြိမ်အခါခါ ရောက်ခဲ့သူပါ။ ဆရာဇော်ဂျီက ဆရာအောင်သင်းကို ပြောတယ်တဲ့ “ပုဂံဆိုတာ စိတ်နဲ့တည်ဆောက်ထားတာ” တဲ့။ အဲဒီစိတ်ပုဂံကို စိတ်နဲ့မျှော်မှန်းကြည့်ရတာ အို လွမ်းစရာသိပ်ကောင်းတာပဲ။

ပြီးတော့ အထက်တန်းကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့ နဝဒေးရုပ်ရှင်ရုံမှာ ‘ဒဏ္ဍာရီ’ ရုပ်ရှင်ကားသွားကြည့်တော့ ပုဂံသွားချင်စိတ် ပိုပြီးထက်သန်လာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ မင်းသားဇင်ဝိုင်းနဲ့ မင်းသမီးမေသန်းနုတို့ သူငယ်ချင်းတွေ ပုဂံကိုလေ့လာရေးခရီး ထွက်ကြတာကိုး။ အို ဘာပြောကောင်းမလဲ။ ဒါရိုက်တာမောင်တင်ဦးကလည်း ပုဂံဘုရားတွေကို နေရာပေါင်းစုံကနေ ရိုက်ပြထားလိုက်တာ သူတို့အုပ်စုစီးလာတဲ့ လေ့လာရေးကားကြီး သရပါတံခါးကနေ မောင်းဝင်သွားတာကို ခုထိမျက်လုံးထဲမှာ မြင်ယောင်နေဆဲ။ ပြီးတော့ ပုဂံည၊ ပန်းချစ်သူသီချင်း။ ဇင်ဝိုင်းနဲ့ မေသန်းနုတို့ရဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် ဇာတ်လမ်း။ တစ်ခါတော့ ဇင်ဝိုင်းက မေသန်းနုကို ကဗျာရွတ်ပြတယ်။ ဆရာဇော်ဂျီရဲ့ကဗျာ။ ‘သားတော် နရပတိ၊ ထည့်၍ ဌာပနာ၊ သဒ္ဓါထပ်ပွား၊ တည်ဆောက်ထားသား၊ ဘုရားမျက်မြင်၊ ကန်တော့ပလ္လင်’ ... တဲ့။ သူတို့နှစ်ဦးရဲ့ အလွမ်းကို ပုဂံနောက်ခံနဲ့ ပေါင်းစပ်ပေးလိုက်တဲ့အခါ အိုပုဂံဟာ သိပ်ကို လွမ်းစရာကောင်းသွားတာပဲ။

အဲဒီလိုစိတ်ကူးနဲ့ လွမ်းနေမိတဲ့ ကျွန်တော် ပုဂံကို တကယ်ရောက်သွားတဲ့အခါ စာတွေ့အလွမ်းကနေ ကိုယ်တွေ့အလွမ်းဖြစ်သွားပါတော့တယ်။ ကျွန်တော်တို့စီးလာတဲ့ လိုက်ထရပ်ကား ပုဂံလမ်းသွယ်တွေကြား မောင်းဝင်သွားတဲ့အခါတိုင်း သစ်ပင်အုပ်အုပ်တွေ ကြားထဲကနေ ဘွားခနဲ ဘွားခနဲ ပေါ်လာတဲ့ စေတီပုထိုးတွေကို မြင်ရတာ ရင်ထဲမှာ အတိုင်းမသိ ကြည်နူးရပါတယ်။ ဟိုမှာလည်း စေတီပုထိုး။ ဒီမှာလည်း စေတီပုထိုး။ ဟိုးအဝေးမှာလည်း စေတီပုထိုး။ ကိုယ်နဲ့အနီးဆုံးမှာလည်း စေတီပုထိုး။ အဲဒီလို အမျိုးမျိုးသော စေတီပုထိုးတွေကြားထဲမှာ လှည့်လည်လျှောက်သွားနေရတဲ့ အဖြစ်အပျက်ဟာ အိပ်မက်ဆန်လှတယ်။ ဒဏ္ဍာရီဆန်လှတယ်။ ပြီးတော့ အနုပညာလည်း ဆန်လှပါတယ်။ ပုဂံဟာ အနုပညာပဲ။ တကယ့် အနုပညာပဲ။ ဘယ်တော့မှ မရိုးနိုင်တဲ့ အနုပညာပဲ။ အဲဒီ အနုပညာရဲ့ အစွမ်းကြောင့်ပဲ ပုဂံကို ကျွန်တော် အခေါက်ခေါက်အခါခါ လာချင်နေတာပေါ့။ ဘယ်လောက်လာလာ ဘယ်အချိန်လာလာ ဘယ်နှခါလာလာ ဘယ်တော့မှ မရိုးနိုင်တာ ပုဂံပါပဲ။

တကယ်တော့ ပုဂံဟာ ရင်ခုန်စရာကောင်းတဲ့ နေရာတစ်ခုပါ။ ပုဂံကိုလာတိုင်း ပုဂံနဲ့ နီးလာလေလေ ကျွန်တော့်ရင်ခုန်သံတွေ မြန်လေပါပဲ။ ပုဂံမြေပေါ်ကို ခြေအစုံချလိုက်ပြီ ဆိုတာနဲ့ ကျွန်တော်ဟာ အညှို့ခံလိုက်ရတဲ့ လူတစ်ယောက်လိုပါပဲ။ ပုဂံစက်ကွင်းနဲ့ မလွတ်ကင်းတဲ့ နယ်မြေတစ်ခုထဲ ကျွန်တော် ရောက်သွားခဲ့ပါပြီ။ ကျွန်တော်ရဲ့ အာရုံငါးပါးလုံးကို ပုဂံက စုပ်ယူဝါးမြိုလိုက်ပါပြီ။ အဲဒီနောက် ကျွန်တော်ဟာ ပုဂံနဲ့ တစ်သားတည်း ဖြစ်သွားပါတော့တယ်။ ကျွန်တော်ဟာ ပုဂံမြေကိုနင်း၊ ပုဂံလေကိုရှူ၊ ပုဂံရေကိုသောက်၊ ပုဂံလမ်းတစ်လျှောက်မှာ ပုဂံဘုရားတွေနောက် တကောက်ကောက် လိုက်ပါနေမိပါတော့တယ်။ ကျွန်တော်တို့ဟာ တွေးလည်း ပုဂံ၊ ပြောလည်း ပုဂံ၊ စားလည်းပုဂံ၊ သောက်လည်း ပုဂံ။ ပုဂံနဲ့ လွတ်ကင်းတာဆိုလို့ ဘာမျှမရှိ။ ကျွန်တော်ဟာ ပုဂံနဲ့ ငြိသွားပါပြီ။

ကျွန်တော့်အထင် ပုဂံရဲ့အထူးခြားဆုံး အရာက စေတီပုထိုးတွေကို ပုံဖော်တည်ဆောက်ထားတဲ့ အုတ်ချပ်တွေပါပဲ။ ပုဂံရဲ့ အုတ်ချပ်တွေဟာ ကျွန်တော့်မျက်လုံးထဲမှာတော့ အထူးခြားဆုံး၊ အဆန်းပြားဆုံး၊ အလှပဆုံး အရာတွေပါပဲ။ ပုဂံဗိသုကာပညာရှင်တွေဟာ အုတ်ချပ်တွေကို ထူးခြားဆန်းပြား လှပအောင် အကောင်းဆုံး ပုံဖော်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပုဂံရဲ့ အခြေခံဟာ အဲဒီအုတ်ချပ်တွေပါပဲ။ ပြီးတော့ အဲဒီအုတ်ချပ်တွေဟာ ပုဂံရဲ့အဓိက ကုန်ကြမ်းပစ္စည်းတွေပါပဲ။ ကျွန်တော်အံ့သြမိတာက ပုဂံဗိသုကာတွေရဲ့လက်ထဲမှာ အုတ်ချပ်တွေဟာ အမျိုးမျိုး အသွင်ပြောင်းလဲသွားကြတာပါပဲ။ ပုဂံဗိသုကာတွေဟာ အဲဒီအုတ်ချပ်တွေကို စေလိုရာစေနိုင်တဲ့ မှော်ဆရာတွေနဲ့ တူပါတယ်။ သူတို့ဟာ အုတ်ချပ်တွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ကာ သူတို့အလိုရှိရာကို ပုံဖော်ထုဆစ်ကြတော့တာပါပဲ။ အဲဒီအခါ အုတ်ချပ်တွေဟာ အုတ်ချပ်သတ်သတ် မဟုတ်တော့ပါဘူး။ မှော်လက်နဲ့ ပုံသွင်းခံလိုက်ရတဲ့ အနုပညာအုတ်ချပ်တွေ ဖြစ်သွားကြပါတော့တယ်။ ဟုတ်ပါတယ်။ ပုဂံကို အနုပညာအုတ်ချပ်တွေနဲ့ တည်ဆောက်ထားတာပါ။

ကျွန်တော်ဟာ ပုဂံရောက်တိုင်း ပုဂံကို အဝေးကလည်း ကြည့်တယ်။ အနီးကလည်း ကြည့်ပါတယ်။ အနီးဆုံးကပ်ပြီးလည်း ကြည့်ပါတယ်။ အထူးသဖြင့် အဲဒီမှော်ပေါက်နေတဲ့ အုတ်ချပ်တွေကို သေသေချာချာကြည့်ပါတယ်။ ဂရုတစိုက်ကြည့်ပါတယ်။ ရိုရိုသေသေ လေးလေးစားစား ကြည့်ပါတယ်။ ပြီးတော့ တယုတယ တဖွဖွ တသသ ကိုင်ကြည့်ပါတယ်။ တကယ်တော့ ရှေးဟောင်းပစ္စည်းဆိုတာ ကိုင်ကြည့်ရတဲ့ အရာမဟုတ်ပါဘူး။ ခပ်လှမ်းလှမ်းကနေ ကြည့်ရတာမျိုးပါ။ ဒါပေမဲ့ ပုဂံဘုရားတွေနားရောက်သွားတိုင်း အဲဒီအုတ်ချပ်တွေကို ကျွန်တော်ကိုင်မကြည့်ဘဲ မနေနိုင်ပါဘူး။ သို့သော် ကျွန်တော် ကြမ်းကြမ်းတမ်းတမ်း မကိုင်ပါဘူး။ ညင်သာဖွဖွ တယုတယ မြတ်နိုးနှစ်သက်စွာ ကိုင်တွယ် ကြည့်ရှုပါတယ်။ အဲဒီလို ကိုင်မိလိုက်တိုင်း ကျွန်တော့် ရင်တွေ အခုန်မြန်လာပါတယ်။ ကျွန်တော်ဟာ ကိုယ့်လက်နဲ့ ထိမိနေတဲ့ အုတ်ချပ်ကို အုတ်ချပ်လို့ မမြင်မိပါဘူး။ ပုဂံခေတ်က ပုဂံသားတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလို့ မြင်ပါတယ်။ နီညိုရောင်ပေါက်နေတဲ့ အုတ်ချပ်တွေဟာ ပုဂံသားတွေရဲ့ အသွေးအသား နှလုံးသားတွေနဲ့ တူလှပါတယ်။ အဲဒီအုတ်ချပ်တွေထဲမှာ သူတို့ အသက်ရှူသံတွေရှိတယ်။ သူတို့ စကားသံတွေရှိတယ်။ သူတို့အတွေးအမြင်တွေ ရှိတယ်။ သူတို့ မှတ်တမ်းမှတ်ရာတွေ ရှိတယ်။ တကယ်တော့ ဒါဟာ အုတ်ချပ်တွေမှ မဟုတ်ပဲ။ ပုဂံသားတွေရဲ့ အသက်တွေ၊ ဝိဉာဉ်တွေ၊ ပုံရိပ်တွေပဲ။ အဲဒီအသက်တွေ၊ ဝိဉာဉ်တွေ၊ ပုံရိပ်တွေဟာ ကိုင်တွယ်ထိတွေ့မိနေတဲ့ ကျွန်တော့်လက်ကတစ်ဆင့် ကျွန်တော့်ကိုယ်ခန္ဓာထဲ ဝင်ရောက်ကာ ကျွန်တော့်ကိုပူးပြီး စကားပြောကြပါတော့တယ်။ ကျွန်တော် သိလိုက်ပါပြီ။ အဲဒီစကားတွေထဲမှာ နှစ်ပရိစ္ဆေဒပေါင်းများစွာ သိုလှောင်သိမ်းထားတဲ့ ပုဂံရဲ့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးစတဲ့ အရေးကိစ္စပေါင်းစုံ ပျော်ဝင်စီးဆင်းနေကြပါတယ်။ ပြီးတော့ ပုဂံသားတွေရဲ့ စေတနာ၊ ဝေဒနာ၊ အနုပညာ၊ ဒဏ်ရာ၊ လောကဓံ၊ မျက်ရည်၊ ပျော်ရွှင်မှု၊ ကြေကွဲမှု စတဲ့ စတဲ့ ခံစားမှု အစုစုတွေ။ အဲဒါတွေ အားလုံးကို သက်သေတိုင်တည်ဖို့ရာ ပုဂံဗိသုကာတွေဟာ ကြာရှည်ခံနိုင်တဲ့ အုတ်ချပ်တွေကို အသုံးပြုခဲ့ကြပုံရပါတယ်။ အခုတော့ အဲဒီအုတ်ချပ်တွေက နှစ်တွေ၊ ခေတ်တွေ၊ စနစ်တွေ၊ လူတွေ၊ မူတွေအကြောင်း ပြန်ပြောင်းလွမ်းတသ ရုပ်ဖော်ပြနေကြပြီ မဟုတ်ပါလား။ အဲဒါကြောင့် ဟောဒီအုတ်ချပ်တွေဟာ ရိုးရိုးအုတ်ချပ်တွေ မဟုတ်ဘူးလို့ ကျွန်တော်ခံစားမိနေရတာပေါ့။ ဒါကြောင့်လည်း အဲဒီအုတ်ချပ်တွေဟာ မှော်ဝင်နေတဲ့ အနုပညာအုတ်ချပ်တွေ ဖြစ်နေကြတာပေါ့။

ကြည့်ပါဦး။ ကျွန်တော့်မျက်လုံးရှေ့မှာ နီညိုရောင် အဆင်အသွေးနဲ့ အုတ်ချပ်တွေ။ ရေညှိတွေ အလိမ်းလိမ်းကပ်ငြိနေတဲ့ အုတ်ချပ်တွေ။ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ အုတ်ချပ်တွေ။ အပြားလိုက်၊ ဒေါင်လိုက် ကြိုက်သလို စီထားတဲ့ အုတ်ချပ်တွေ။ အကွေးအညွတ် အပျော့အပြောင်း လိုရာပုံသွင်းထားတဲ့ အုတ်ချပ်တွေ။ နေဒဏ် လေဒဏ် မိုးဒဏ် လူဒဏ် ငလျင်ဒဏ် အကြိမ်ကြိမ်ခံထားရတဲ့ အုတ်ချပ်တွေ။ သမိုင်းမှတ်တမ်းတွေကို ထမ်းပိုးလို့ ခရီးရှည်ဖြတ်သန်းခဲ့ရတဲ့ အုတ်ချပ်တွေ။ ဘာသာ၊ သာသနာ၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေ လိမ်းကျံထားတဲ့ အုတ်ချပ်တွေ။ အသံတိတ်စကားပြောနေတဲ့ အုတ်ချပ်တွေ။ မှော်ပေါက်နေတဲ့ အုတ်ချပ်တွေ။ အနုပညာ ဈာန်ဝင်စားနေတဲ့ အုတ်ချပ်တွေ။ ...အုတ်ချပ်တွေ။ ...အုတ်ချပ်တွေ။ အဲဒီအုတ်ချပ်တွေကိုကြည့်ပြီး ကျွန်တော်စိတ်ကူးနဲ့ ကဗျာတစ်ပုဒ်ရေး လိုက်မိပါတယ်။

ပုဂံ

အုတ်ချပ်တွေကြားထဲမှာ
မမြင်ရတဲ့လူတွေ
ဝိဉာဉ်တွေ ပုံရိပ်တွေ ကခုန်နေလေရဲ့။
ဒါ . . .
ဘယ်တော့မှ ဖတ်လို့မပြီးမယ့်စာ
တွေးလို့ မဆုံးနိုင်တဲ့ ကဗျာ
မဟာဇာတ်လမ်းတွဲပါပဲ။ ။

Most Read

Most Recent