ကုန်သွယ်မှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၂၅)

ကုန်သွယ်မှု၊ ဆင်းရဲမှုလျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက်စေမှု (၂၅)
Published 10 August 2017

လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

နိုင်ငံတိုင်းမှာ ဘက်ပေါင်းစုံ တိုးတက်စေဖို့ အရေးကြီးတဲ့ ပင်မလုပ်ဆောင်ရမှာက ကုန်သွယ်မှု (Trading) ဖြစ်ပါတယ်။ ကုန်သွယ်မှုဆောင်ရွက်ရာမှာ တစ်ဦးတည်းပိုင် (Sole Proprietorship)၊ အစုစပ် (Partnership)၊ ပုဂ္ဂလိကကုမ္ပဏီတည်ထောင် လုပ်ဆောင်မှု (Private Company Limited) နဲ့ အများပိုင်ကုမ္ပဏီတည်ထောင် လုပ်ဆောင်မှု (Public Company Limited) တွေဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံမှာ အစမကောင်းခဲ့တဲ့အတွက် အနှောင်းမသေချာဖြစ်ခဲ့ရတဲ့ သဘောပါ။ နိုင်ငံတစ်နိုင်ငံတိုးတက်ဖို့ မိမိနိုင်ငံသားတွေ ဘဝအရည်အသွေးတိုးတက်ပြီး စားရေး၊ ဝတ်ရေးနဲ့ နေရေးဆိုတဲ့ အရေးသုံးပါး အဆင်ပြေနိုင်စေဖို့အတွက် နိုင်ငံအုပ်ချုပ်သူတွေက ဦးစီးဦးဆောင်လုပ်ဆောင်ပေးကြရရာမှာ အနာဂတ်အမြင်ရှိကြဖို့ လိုအပ်တယ်။ ပါဝင်ဆောင်ရွက်သူတွေမှာ အတွေ့အကြုံများကြရမယ်။ စိတ်ကောင်းစေတနာ မှန်ကန်ကြရမယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက်မကြည့်ဘဲ အရာရာကို ငါ့အတွက်ဆိုတဲ့ အတ္တများနေကြရင်တော့ နိုင်ငံက အောက်တန်းပိုကျသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်ပတ်မှာတော့ နိုင်ငံတစ်နိုင်ငံအနေနဲ့ အုပ်ချုပ်သူတွေအနေနဲ့ Master Plan လို့ခေါ်တဲ့ အရာရာကို ဘက်ပေါင်းစုံကနေ လွှမ်းခြုံနိုင်စေမယ့် စီမံချက်ကို သေချာဂနရေးဆွဲလုပ်ဆောင်ပေးဖို့ လိုအပ်တဲ့အတွက် Master Plan နဲ့ ပတ်သက်တာတွေကို ရေးသားဖို့ စိတ်ကူးပေါ်လာခဲ့ပါတယ်။

နိုင်ငံတစ်နိုင်ငံ တိုးတက်လာစေဖို့ ပံ့ပိုးပေးနိုင်စေမယ့် အခြေခံအဆောက်အအုံတွေဖြစ်တဲ့ သယ်ယူပို့ဆောင်မှုကဏ္ဍ၊ မိမိနိုင်ငံသားတွေအတွက် အသုံးတည့်မယ့်ပစ္စည်းတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်စေမှု၊ ပညာရေးကဏ္ဍအတွက် ကျောင်းတွေကို ဖွင့်လှစ်ပေးနိုင်စေမှု၊ ကျောင်းလို့ဆိုရာမှာ ကျောင်းတွေအတွက် လိုအပ်တဲ့ ဆရာ/ဆရာမ ဦးရေလည်း ကျောင်းသားဦးရေနဲ့မျှတအောင် စီစဉ်ဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ်တွေအလိုက်လည်း နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ကောလိပ်တွေ ဖွင့်လှစ်ပေးကြရမှာဖြစ်ပါတယ်။ ဆက်သွယ်မှု ကောင်းမွန်စေရမယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက်လည်း ဆေးရုံဆေးခန်းတွေကို မိမိနိုင်ငံသားတွေအတွက် အခမဲ့ကျန်းမာရေးစနစ်တွေ လုပ်ဆောင်ပေးကြရမှာ ဖြစ်ပါတယ်။ နိုင်ငံသားတွေအတွက် နေထိုင်ရေးပြေလည်စေဖို့ နေအိမ်တွေကိုလည်း ဆောက်လုပ်ပေးကြရမှာဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ချမ်းသာသူတွေက လွန်ကဲစွာချမ်းသာနေ၊ ဆင်းရဲသူတွေက နေဖို့အိမ်မရှိကြတဲ့အတွက် ကျူးကျော်တဲတွေမှာ ဖြစ်သလိုနေထိုင်နေကြရတာကို နေရာအနှံ့တွေ့နေရတယ်။ ဒီနေရာအိပ်၊ ဒီနေရာစား၊ ဒီနေရာမှာပဲ အပေါ့အပါးတွေသွားကြရတယ်။ ရေရှည်မှာ ကျန်းမာရေးအတွက် မကောင်းနိုင်တာကိုတွေ့နေရတယ်။ ဒါတွေကို အဆင်ပြေစေဖို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို စနစ်တကျလုပ်ဆောင်ပေးနိုင်ဖို့ လိုအပ်သလို အဲဒီအတွက် လိုအပ်တဲ့ရင်းမြစ်တွေကိုလည်း ဖြည့်ဆည်းပေးနိုင်စေရမှာဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံမှာ ကောင်းပေ့ဆိုတဲ့ အညွန့်အဖူးတွေကို ယခင်က နိုင်ငံတော်ကို အုပ်ချုပ်ခဲ့သူတွေနဲ့ အတ္တများတဲ့ခရိုနီလို့ခေါ်နေကြသူတွေနဲ့ပေါင်းပြီး လုပ်ဆောင်လိုက်တာ လယ်သမားတွေမှာ လယ်ယာပိုင်ဆိုင်ခွင့်တွေ ပျောက်သွားခဲ့ရတယ်။

စာရေးသူတို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံမှာပါပေမယ့် လွဲမှားတဲ့စီမံခန့်ခွဲမှုကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခံခဲ့ရတာကြောင့် သဘာဝသယံဇာတတွေ ပေါကြွယ်ဝပါလျက်နဲ့ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားခဲ့ရတယ်။ ကူဝိတ်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတွေလို စွမ်းအင်နဲ့ အခြားရင်းမြစ်တွေ ပေါကြွယ်ဝပါလျက် အခုလိုဆင်းရဲတွင်းနက်သွားရတာက အင်မတန်ဝမ်းနည်းဖွယ်ရာ ဖြစ်ပါတယ်။ လူဦးရေနည်းပါးတဲ့ နိုင်ငံတွေမှာဖြစ်စေ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေလို လူဦးရေများတဲ့နိုင်ငံဖြစ်စေ မိမိနိုင်ငံတိုးတက်ဖို့က ရေရှည်တိုးတက်နိုင်စေမယ့် Master Plan ကို စနစ်တကျရေးဆွဲဖို့ လိုအပ်တယ်။

Master Plan ဟာ နိုင်ငံအတွက် အဓိကလုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို ဘယ်လိုလုပ်ဆောင်ကြမှာလဲဆိုတဲ့ ‘How To’ သဘောတရားကို ရုပ်လုံးဖော်ကြရမှာဖြစ်တယ်လို့ဆိုတယ်။ ‘How To’ မှာ အဓိကပါဝင်စေရမယ့် အစိတ်အပိုင်းတွေက

■ စက်မှုစိုက်ပျိုးရေးနဲ့ ပင်မအစိတ်အပိုင်းတွေကို အခြေခံအားဖြင့် နည်းပညာဆိုင်ရာ ပုံဖော်လုပ်ဆောင်မှု၊

■ အဓိကကျတဲ့ စီမံချက်အစိတ်အပိုင်းတွေအားလုံးကို အစီအစဉ်စနစ်တကျ ရေးဆွဲမှု၊

■ လုပ်ငန်းအမျိုးအစား၊ အရေအတွက်နဲ့ သင်တန်းပေါ်မှာ မျှော်မှန်းထားတဲ့ လူသားရင်းမြစ်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မှု၊

■ နိုင်ငံဖွံ့ဖြိုးတိုးတက်စေမှုအတွက် လုပ်ဆောင်ရာမှာ လိုအပ်တဲ့ ခန့်မှန်းခြေအရင်းအနှီးနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ ခန့်မှန်းခြေကုန်ကျစရိတ် တွက်ချက်မှုနဲ့

■ လုပ်ငန်းအကောင်အထည်ဖော် လုပ်ဆောင်မှုအတွက် အသေးစိတ်လုပ်ငန်း စီမံချက်တွေဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်စေမှုအတွက် လုပ်ငန်းတွေဆောင်ရွက်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် စာရေးသူတို့နိုင်ငံလို လူတွေရဲ့စိတ်ဓာတ်နဲ့ နိုင်ငံကိုအဘက်ဘက်က ယိုယွင်းအောင် လုပ်ဆောင်ထားခံရတဲ့နိုင်ငံအတွက် အခက်အခဲတွေက များစွာကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ တွေ့လည်းတွေ့နေကြရတာကို သတိပြုမိကြမှာပါ။ အထူးသဖြင့် စစ်အာဏာရှင်ပုံစံကနေ ပြောင်းလဲလာတာဖြစ်တဲ့အတွက် အိမ်အိုအိမ်ဟောင်းလို အဘက်ဘက်က ပျက်စီးယိုယွင်းနေတဲ့နိုင်ငံကို ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ စိတ်ရှည်ကြရမှာဖြစ်တယ်။ မေတ္တာဓာတ်အရင်းခံနဲ့ လုပ်ဆောင်နေကြတဲ့ကြားက လက်ဝေခံအုပ်စုတွေက နည်းလမ်းပေါင်းစုံနဲ့ အဖျက်အမှောင့် ပယောဂတွေနဲ့ ဖန်တီးလုပ်ဆောင်နေကြတာကိုလည်း သတိထားမိကြမှာပါ။ စာရေးသူတို့ ဗုဒ္ဓဘာသာမှာ စေတနာမှန်ရင် ကံဖြစ်တယ်ဆိုတာရှိတာကြောင့် စိတ်စေတနာမှန်ကန်စွာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝိုင်းဝန်းလုပ်ဆောင်မှုတွေကနေ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

‘Present is the key to the past.’ ဆိုတာရှိပါတယ်။ အတိတ်ကာလမှာ လုပ်ဆောင်ခဲ့တဲ့ ကောင်းတာတွေရော မကောင်းတဲ့ လုပ်ဆောင်ချက်တွေပါ လက်ရှိမျက်မှောက် ပစ္စုပ္ပန်ကလူတွေအနေနဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်တွေကနေ သင်ခန်းစာယူကာ ဖယ်ခွာပစ်ကြရမှာဖြစ်ပြီး ကောင်းတဲ့လုပ်ဆောင်ချက်တွေကိုတော့ အနာဂတ်ကောင်းမွန်ရေးပုံဖော်ရာမှာ စံနမူနာအဖြစ် ရယူဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကောင်းတာ မကောင်းတာတွေကနေ လက်ရှိမှာ ကောင်းတာတွေကို ရယူပုံဖော်ပြီး အနာဂတ်ကိုပုံဖော်ကြရမှာဖြစ်လို့ မကောင်းတာပယ်၊ ကောင်းတာသင်ယူကြရမှာ ဖြစ်ပါတယ်။ နိုင်ငံကိုအုပ်ချုပ်သူတွေက အနာဂတ်အမြင်ကောင်းတွေ ထားရှိလုပ်ဆောင်တတ်ကြရမှာ ဖြစ်ပါတယ်။ ဘက်စုံကဏ္ဍစုံကို အချိုးညီညီတိုးတက်လာအောင် Master Plan နဲ့ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အတိတ်ကာလ လုပ်ဆောင်ချက်အလွဲတွေကို ပြန်လည်ပုံဖော်လုပ်ဆောင်ကြရမှာ အတိတ်ကာလ အမွေဆိုးတွေဖြစ်တဲ့ မကောင်းတဲ့စိတ်ဓာတ်တွေကို ပယ်ခွာပစ်ကြရမှာက နံပါတ် (၁) အရေးအကြီးဆုံးဖြစ်တယ်ဆိုတာ တွေ့ကြရမှာဖြစ်ပါတယ်။

နိုင်ငံတိုးတက်စေဖို့အတွက် သက်ဆိုင်ရာကဏ္ဍတွေအလိုက် ပုံဖော်လုပ်ဆောင်ရာမှာ လုပ်ငန်းကဏ္ဍတိုင်းမှာ အဓိကကျတဲ့ အားထုတ်ကြိုးပမ်းမှုတွေအတိုင်း လုပ်ဆောင်ကြရာမှာ အောက်ပါလုပ်ငန်းဆိုင်ရာ ပုဂ္ဂိုလ်တွေကနေ ကဏ္ဍတစ်ခုချင်းအလိုက် လိုအပ်တာဖြစ်လို့ အရည်အချင်းပြည့်ဝသူတွေကို အစဦးစွာ လေ့ကျင့်အသိပညာပေးမှုတွေ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

■ စီမံကိန်းစီမံခန့်ခွဲမှု

■ အတိုင်ပင်ခံပညာရှင်များ

■ နည်းပညာဆိုင်ရာအုပ်စုများ

■ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပံ့ပိုးမှု

■ သတင်းအချက်အလက်များ မှန်ကန်စွာ တည်းဖြတ်နိုင်သော အယ်ဒီတာများ

■ အခြေခံပင်မရုံး ပံ့ပိုးမှု

ကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေမှာ Business Plan လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်း စီမံချက်ကိုရေးဆွဲပြီး လုပ်ဆောင်ကြရာမှာ အင်္ဂလိပ်လို ‘W’ ငါးလုံး၊ ‘H’ နှစ်လုံး မြန်မာလို ‘ဘ’ ခုနစ်လုံးနဲ့ ရုပ်လုံးဖော်ကြရတယ်။

၁။ What – What type of business going to do.
– ဘာစီးပွားရေးလုပ်ငန်း လုပ်မှာလဲ။

၂။ Who – Who are you business persons.
– ဘယ်သူတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှာလဲ။

၃။ When – When are you going to do.
– ဘယ်အချိန်မှာ လုပ်မှာလဲ။

၄။ Where – Where are you going to do the business.
– ဘယ်နေရာမှာ လုပ်မှာလဲ။

၅။ Why – Why you do the business.
– ဘာကြောင့်လုပ်မှာလဲ။

၆။ How – How much money are you investing.
– ငွေကြေးဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ။

၇။ How – How will you do the business.
– ဘယ်လိုစီးပွားရေးလုပ်မှာလဲ

ဆိုတာတွေကို ရုပ်လုံးဖော်ပြီး ကုန်သွယ်မှုစီးပွားရေး လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်တဲ့အခါ မိမိရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးပြန်လည်ရရှိမှု (Return on Investment) (ROI) ကို ပထမကြိုးစားလုပ်ဆောင်နိုင်ရင် အဲဒါကိုအရင်းကျေမှတ် (Break-even Point) လို့ခေါ်ပြီး အဲဒီအမှတ်ကျော်လွန်ပါမှ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။ အလားတူ နိုင်ငံတိုးတက်ဖို့လည်း အလားတူ ဘက်ပေါင်းစုံ ကဏ္ဍစုံအလိုက် အရင်းကျေမှတ်ကျော်လွန်အောင် ပေါင်းစည်းအားတွေနဲ့ အကောင်အထည်ဖော်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံအတွက်ကျတော့ လုပ်ဆောင်မှုပမာဏ ပိုမိုကြီးမားလာတဲ့အတွက် ဒါကို Master Plan နဲ့ ရုပ်လုံးဖော်ကြရတာ ဖြစ်ပါတယ်။

Master Plan ကို အကောင်အထည်ဖော်ကြရာမှာ အဆင့်ဆင့်သောနေရာမှာ ပါဝင်ဆောင်ရွက်ကြရသူတွေက မှန်ကန်တဲ့ စိတ်ကောင်းစေတနာတွေနဲ့ မိမိနိုင်ငံအကျိုးအတွက်သာ ရည်မှန်းချက်ထား လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ တစ်နိုင်ငံလုံးအတိုင်းအတာကို မလုပ်ဆောင်ဘဲ ခေါင်းဆောင်ကောင်းရဲ့ ဦးဆောင်မှုအောက်မှာ နောက်လိုက်ကောင်းတွေအဖြစ် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နိုင်ကြရင် စာရေးသူတို့နိုင်ငံက ဆင်းရဲမှုတွေ လျော့ကျလာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာ အမှန်ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

Most Read

Most Recent