
ကျေးလက်စာကြည့်တိုက် တစ်ခုကို တွေ့ရစဉ်
လွန်ခဲ့တဲ့ ၁၄ နှစ်လောက်ကပေါ့ဗျာ။ ကျွန်တော်လည်း ပိုးစိုးပက်စက်ကို အားနေတယ်။ ဘာအလုပ်အကိုင်မှ မရှိဘူး။ အလုပ်လုပ်ချင်စိတ်လည်း မရှိဘူး။ ကျွန်တော်က အဲဒီတုန်းက ငယ်ကလည်း ငယ်သေးတယ်။ ဒါပေမဲ့ အိမ်က အလုပ်လုပ်စေချင်တယ်။ သိတယ် မဟုတ်လား။ စီးပွားရေးက မပြေလည်ဘူး။ ကျွန်တော် ဘယ်လိုပဲ အလုပ်မလုပ်ချင်ဘူး ဆိုပေမယ့် အလုပ်ကတော့ လုပ်ကိုလုပ်ရတော့မှာ သိတယ်။ ဒီလိုနဲ့ မနက်မိုးလင်းတာနဲ့ အိမ်ကထွက် အလုပ်ရှာတာလိုလို ဘာလိုလို လေနေတာပေါ့ဗျာ။ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်နေတုန်း ချာတိတ်တစ်ယောက်အတွက် အလုပ်ဆိုတာကလည်း ရှိတော့ရှိတာပေါ့။ ဒါပေမဲ့ အလုပ်ကြမ်းတွေပဲ။ ကျွန်တော်က ပျင်းတယ်။ အကြမ်းပတမ်းလည်း မရဘူးဆိုတာ ကိုယ့်ဟာကိုယ်သိတယ်။ ဒီတော့ အလုပ်ရွေးရင်း ရွေးရင်း တစ်နေကုန် တစ်နေခန်း လမ်းပေါ်အချိန်ကုန်နေတော့တာပဲ။
အဲဒီတုန်းမှာ ကျွန်တော့်သူငယ်ချင်း ဆင်နင်းက (ဆင်နင်းဆိုတာ နာမည်ပြောင်ပါ။ နာမည်အရင်းတော့ ဘယ်ဟုတ်မလဲ) ဝန်ထမ်း။ ပြန်ကြားရေးရုံးကပေါ့။ ဒီကောင်က ပြောတယ်။ မင်း ငါနဲ့ လိုက်ခဲ့တဲ့။ ဘယ်ကိုလဲဆိုတော့ တစ်မြို့နယ်လုံးမှာရှိတဲ့ ရွာတွေကို သူ နေ့တိုင်းသွားရမှာ။ စီမံကိန်းရှိလို့တဲ့။ အဲဒါ သူခရီးစရိတ်လည်း ရတယ်။ တစ်ဝက်ခွဲပေးမယ်တဲ့။ နေ့လယ်စာလည်း ရွာတွေက ကျွေးချင် ကျွေးမှာတဲ့။ တစ်ယောက်တည်း သွားရမှာကို ဒီကောင်က ပျင်းတာကိုး။ ဒါကြောင့် ကျွန်တော့်ကို ခေါ်တာ။ နောက်ပြီး အဲဒီတုန်းက ဆိုင်ကယ်တွေတော့ ရှိနေပြီ။ ဒါပေမဲ့ လူချမ်းသာတွေနဲ့ နည်းနည်းပိုက်ဆံရှိတဲ့ လူလတ်တန်းစားတွေလောက်ပဲ စီးနိုင်တာ။ ကျွန်တော့်သူငယ်ချင်း ဆင်နင်းလို ကောင်မျိုးတွေနဲ့ လူ့ငမွဲ အောက်ခြေသိမ်းဝန်ထမ်းတွေ အရပ်သားတွေ ဘယ်မှာ စီးနိုင်မှာလဲ။ အဲဒီတော့ ပူလောင်နေတဲ့ နေပူကုန်းတွေ၊ ပပ်ကြားအက်နေတဲ့ ကုန်းမြေတွေ၊ တောင်ကတုံးတွေ စသဖြင့် ဖြတ်သန်းပြီးသွားရမယ့် ဒီခရီးကို သူ့ရဲ့ မည်းသည်းနေတဲ့ စက်ဘီးအစုတ်ကလေးနင်းပြီး သွားရမှာ ဆိုတော့ နှစ်ယောက်သာဆိုရင် တစ်ယောက်တစ်လှည့် တင်နင်း။ စကားတပြောပြောနဲ့ မပျင်းရဘူးပေါ့လေ။
စကားတပြောပြောနဲ့ဆိုတော့ ပြောရဦးမယ်။ အဲဒီတုန်းကတည်းက ဒီကောင်ရော ကျွန်တော်ပါ စာတွေဖတ်နေပြီ။ ခေတ်ပေါ်ကဗျာတွေ ရေးနေပြီ။ ဒီတော့ လမ်းမှာ ကဗျာအကြောင်း စာအကြောင်း ပြောရင်းသွားကြမှာဆိုတော့ ဒီခရီး ဘယ်လောက်ဝေးဝေး ဘာဟုတ်သေးလဲပေါ့။ ကျွန်တော်ကလည်း နှစ်ခါ မပြောရပါဘူး။ သွားကြစို့ကွာပေါ့။ ခရီးစရိတ်တစ်ဝက် ခွဲပေးမယ်ဆိုတဲ့ စကားကိုလည်း ပြောရဦးမယ်။ သူတို့အစိုးရရုံးတွေရဲ့ ခရီးစရိတ်ဆိုတာ နယ်အဝေးသွားရင်တောင် နှစ်ပြားတစ်ပဲပါဗျာ။ ဒီလိုမြို့နယ်တွင်းက ရွာတွေ လှည့်သွားရတယ်ဆိုတာမျိုးက ဘယ်လောက်များများမယ်ထင်လို့လဲ။ ပြောချင်တာက ပိုက်ဆံရလို့ ဘာလို့လည်း မဟုတ်ဘူး။ အိမ်က မေးရင် အလုပ်လို့ ဖြေစရာရှိမယ်။ လစာ အပ်တာ မအပ်တာက တစ်ပိုင်းပေါ့။ ကျွန်တော်လည်း မပျင်းရဘူးဆိုတော့ သွားကြတယ်ပေါ့။
စီမံကိန်းဆိုတာက ဒီလို။ အဲဒီတုန်းက စာဖတ်သူများပြားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာမတတ်သူ ပပျောက်ရေး စတဲ့ ဒီနေ့လို ဆောင်ပုဒ်တွေနဲ့ပေါ့။ ရွာတိုင်းရွာတိုင်းမှာ စာကြည့်တိုက် ရှိရမယ်ဆိုတဲ့ စီမံချက်။ အဲဒါကို အကောင်အထည် ဖော်ပေးရမယ့်သူကတော့ ပြန်ကြားရေးဌာနက အောက်ဆုံးဝန်ထမ်းကလေးဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်း မောင်ဆင်နင်းပေါ့။ ရယ်တော့ရယ်ရပါတယ်။ ဒါပေမဲ့ ရယ်စရာလည်း မကောင်းပါဘူး။ စိတ်ပျက်စရာတောင် ကောင်းသေးတယ်။
ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သွားကြတယ်ပေါ့။ ဒီကောင့်ရုံးကလည်း အထက်ကလာတဲ့ အမိန့်အတိုင်း တစ်ရက်ကို အနည်းဆုံး ငါးရွာလောက်ရောက်ဖို့ အမိန့်ပေးတယ်။ ဘယ်ဖြစ်နိုင်မလဲဗျာ။ ရွာတစ်ရွာရောက်တာနဲ့ စာကြည့်တိုက် ဘာကြောင့်လိုအပ်ကြောင်း၊ စာကြည့်တိုက်ရှိမှ လူတွေစာဖတ်ဖို့ အလွယ်တကူရှိမယ်။ လူတွေ အလွယ်တကူ စာဖတ်မယ်ဆိုရင် နိုင်ငံကြီး ဘယ်လိုသာယာဝပြောမယ်။ ဘယ်နှနှစ်အတွင်း ဘယ်လိုတိုးတက်သွားမယ်။ ကျွန်တော်တို့လည်း အဲဒီကာလက ကျွန်တော်တို့ ဖတ်ထားတာလေး နှစ်အုပ်တစ်ပိုင်းနဲ့ ရွှီးရတာပေါ့ဗျာ။ ရွာက တောသူတောင်သား ဆိုတာကလည်း ကျွန်တော်တို့ ရွှီးသမျှ နားလည်တာလည်း ရှိ နားမလည်တာလည်း ရှိပေါ့။ ဒါပေမဲ့ အစိုးရက ဒါလုပ်ကို လုပ်ရမယ်ဆိုတော့လည်း လုပ်ပေါ့။ ဘယ်တတ်နိုင်မလဲဆိုတဲ့ သဘောလောက်ပါပဲ။
အဲဒီလို ကျွန်တော်တို့ လယ်ကွင်းတွေကို ဖြတ်၊ ယာခင်းတွေကို ဖြတ်၊ တချို့ရွာတွေဆို တောင်ကြားထဲမှာ။ တချို့ရွာတွေဆို တောင်တွေပေါ်မှာ။ တချို့ရွာတွေကတော့ လုံး၀ နေပူကုန်း။ သဲကန္တာရနီးနီးတွေပေါ့။ ရွာတစ်ရွာကို ရောက်တယ်ဆိုပါတော့။ ဒီနေရာမှာ ဆိုပါတော့လို့ ပြောရခြင်းက ရွာတစ်ရွာနဲ့တစ်ရွာရဲ့ ကြုံတွေ့ရပုံတွေက သိပ်ခြားနားနေတာမျိုး မဟုတ်ဘူး။ အကုန်လုံး အတူတူ နီးနီးလောက်ပါပဲ။ ဆိုတော့ ရွာကိုရောက်ပြီဆိုရင် အိမ်တစ်အိမ် အရင်ဝင်။ သူကြီးအိမ်၊ ဥက္ကဋ္ဌအိမ် ဘယ်မှာလဲ မေးရတာပေါ့။ (အဲဒီတုန်းက အုပ်ချုပ်ရေးမှူး မခေါ်ဘူးဗျ) တချို့ကလည်း အူကြောင်ကြောင်နဲ့ ကြည့်ကြပေါ့။ စက်ဘီးအစုတ် လူပုံခပ်နွမ်းနွမ်း ချွေးတရွှဲရွဲှနဲ့ ဒီနှစ်ကောင်က တို့သူကြီးအိမ် ဘယ်မှာလဲ မေးရအောင် ဒီကောင်တွေက ဘာကောင်တွေလဲ စသဖြင့် မြင်တဲ့ ရွာသားဆိုတာလည်း ရှိတာပဲ။ တချို့ကျတော့လည်း ဒီလိုမဟုတ်။ ရှောရှောရှူရှူပဲ။ ဘယ်အိမ်ပါပေါ့။ လက်ညှိုးထိုးပြလိုက်ကြတာပါပဲ။
ကျွန်တော်တို့က အဲဒီသူကြီးအိမ်ကိုသွား ကျွန်တော်တို့ဟာ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က ဌာနတစ်ခုဖြစ်တဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းတွေပါဆိုပြီး ကျွန်တော့်သူငယ်ချင်း ဆင်နင်းက သူ့ရဲ့ပလတ်စတစ် အကြိမ်ကြိမ် လောင်းထားလို့ ထူပိန်းမည်းသည်းနေတဲ့ ဝန်ထမ်းကတ်ကလေး ထုတ်ပြတယ်။ ဒီတော့ သူကြီးက ဟုတ်ကဲ့ပါခင်ဗျာ ထိုင်ပါဦးဆို၊ တစ်ဆက်တည်း ဟိုကောင်ဖိုးထောင်တို့ မယ်အိတို့ ရေနွေးကြမ်း ချစမ်း လက်ဖက်တည်စမ်းတို့ ဘာတို့ ဖြစ်ကုန်ရော။ ရွာတိုင်းတော့လည်း မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမဲ့ အဲဒီလိုရွာမျိုးဆိုရင် ကျွန်တော်တို့ စီမံကိန်းက တစ်ဝက်လောက်နီးနီး အောင်မြင်ပြီဆိုတာ ပြောနိုင်တယ်။ ဒီလိုသူကြီးမျိုးဟာ အစိုးရက တစ်နေ့တစ်ခါ ကျားဖင်နှိုက်ရမယ် ဆိုရင်တောင် ရအောင်နှိုက်မယ့် လူစားမျိုးဆိုတာ အစိုးရဝန်ထမ်းဆိုတာနဲ့ ပြာပြာသလဲ လုပ်တတ်တဲ့ သူ့အကျင့်က ပြနေတာပဲ။ ကျွန်တော်တို့ကလည်း ဒါမျိုးတွေ့ပြီဆိုရင် သိပ်ပျော်တာပေါ့။ ခုခေတ်အခေါ်တော့ ဂျင်းမိတယ်ခေါ်မလားပဲ။
ပြီးတော့ ကျွန်တော်တို့ကို နေရာထိုင်ခင်းပေး တချို့ဆို အဆီတဝင်းဝင်း မဲပြောင်နေတဲ့ စားပွဲကို စားပွဲခင်းတွေ ဘာတွေကောက်ကဲ့ပြီး ခင်းလိုက်သေးတာ။ အံမယ် မလွယ်ချက်က အဲသလိုပေါ့။ ကျွန်တော်တို့ကလည်း သိပ်နပ်တယ်။ ဒီလိုသူကြီးမျိုး တွေ့ပြီဆိုရင် ရုပ်ခံတွေကို တန်းပြီးတင်းပစ်တာပဲ။ ပြီးတော့ အလုပ်ကိစ္စကို ရှင်းပြပေါ့။ ကျွန်တော်တို့ အခုလို လာရတာကတော့ နိုင်ငံတော်အစိုးရရဲ့ ကြီးမြတ်လှတဲ့ စီမံကိန်းကြီးတစ်ခုဖြစ်တဲ့ ကျေးရွာတိုင်း စာကြည့်တိုက်တစ်ခုရှိရေး ကိစ္စပါပဲ။ ကျောက်ဆည်မြို့နယ်ရဲ့ ဒီကျေးရွာတွေအတွက် ဒီလုပ်ငန်းကိစ္စနဲ့ပတ်သက်ရင် ကျွန်တော်တို့ တာဝန်ရှိပါတယ်။ အဲဒီတော့ သူကြီးတို့အနေနဲ့ ဒီကျေးရွာမှာ စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကျွန်တော်တို့ ပြန်တာနဲ့ ကျေးရွာအတွင်း အစည်းအဝေးကလေးတစ်ခု ခေါ်တိုင်ပင်ကြဖို့ လိုအပ်ပါတယ်။ အချိန်ကာလကတော့ သိပ်ရကြမှာ မဟုတ်ဘူးဗျ။ တစ်လ၊ တစ်လခွဲလောက်နဲ့ ပြီးစီးအောင် လုပ်ကြရမှာပါပဲ။ ဒီလို ရှင်းပြရတာပေါ့။
ဒါက ကျွန်တော့်သူငယ်ချင်း ဆင်နင်းရဲ့ အပိုင်းပေါ့။ အဲဒီလိုပြောပြီး သူ ရေနွေးသောက်ပြီဆိုရင်တော့ ကျွန်တော့်အလှည့် ရောက်လာတာပါပဲ။ ကျွန်တော့်အပိုင်းကတော့ စာကြည့်တိုက်တစ်တိုက်ရှိခြင်းရဲ့ ကောင်းကျိုးအဖြာဖြာ၊ လက်ငင်းရမယ့် အကျိုးရလဒ်။ အခုခေတ် ဟောပြောပွဲတွေ ဟောကြတဲ့ ဆရာတချို့လိုပေါ့လေ။ ဟုတ်တာရော မဟုတ်တာရော ကျွန်တော်ကတော့ ရွှီးတာပဲ။
သူကြီးဆိုတဲ့ လူကြီးမှာလေ ကျွန်တော်တို့ပြောသမျှ ခေါင်းကလေး တညိတ်ညိတ်နဲ့ဗျာ။ မျက်နှာကလေးကို ငယ်တဲ့ပြီး နားထောင်တာ။ သူ့ခမျာ သူစာမဖတ်ခြင်းကြောင့် တိုင်းပြည်ကြီး မတိုးတက်ရတာဆိုတဲ့ပြီး ကိုယ့်ကိုယ်ကိုယ်တွေ ပြန်အပြစ်တင်ပြီး သေချင်စော်နံ စိတ်ညစ်နေမလားတော့ ကျွန်တော်လည်း မသိဘူး။ တစ်ခါတလေဆိုရင် ဒီလိုအပြောအဟောကောင်းမှုကြောင့် မနက်စာ ထမင်းစားရတယ်ဗျ။ တစ်ခါတလေတော့လည်း ရိုက်ပေါက်ကြုံရတာလည်း ရှိပါတယ်။ တစ်ခါက ဆင်နင်းဆိုတဲ့ကောင် အပြောကောင်းတာ ထအရိုက် မခံရတာ သိပ်ကံကောင်းတယ်။ ကျွန်တော်က စာဖတ်ခြင်းအကျိုးတွေ ပြောတယ်ပေါ့။ ဒီကောင်က ကျွန်တော်ပြီးတာနဲ့ စာမဖတ်ခြင်းအကျိုးကို ဆက်တယ်။ ဘယ်လောက်ထိ ဆက်သလဲဆိုရင် ယနေ့ ဗမာအိမ်တွေမှာ အိမ်တွင်းအုန်းဆွဲတာတွေဟာ သက်သက်ပညာမဲ့မှုပဲ၊ ဘာညာအထိ လှော်တာဗျာ။ သူကြီးတစ်ယောက်ရဲ့မိန်းမ ဘွားတော်ကြီးပေါ့ဗျာ။ ဘေးနား နားထောင်နေရင်းက ထလာပြီး ဘာစကားပြောလိုက်တာလဲ။ နင်တို့ အိမ်တွင်းကိုယ်တော်ကြီးကိုင်လို့ သွေးအန်ပြီး သေသွားချင်လို့လား ဘာညာဆိုရော။ ဒီတော့ ခုနက သာမန်နားထောင်နေတဲ့ သူကြီးကပါ ပြောနေ ဟောနေတုန်းက သူ့ကို စာမဖတ်လို့ဆိုပြီး အပြစ်တင်လွန်းတော့ ဘယ်လောက်တောင် မုန်းနေမှန်းမသိဘူး။ ဟုတ်တယ် မင်းတို့လူငယ်တွေ အဲဒီလောက်တော့ မမိုက်ရိုင်းကြနဲ့ကွ ဖြစ်ကုန်ရော။
ဆင်နင်းဆိုတဲ့ကောင်က မပါးနပ်တာများ သူက အကျိုးနဲ့အကြောင်းနဲ့ ပြန်ငြင်းချင်သေးတာ။ ပါးစပ်က ပြင်နေပြီ။ ကျွန်တော်က ခုံအောက်ကနေ ညှို့သကျည်းကို ကန်ရတယ်။ အရိပ်အခြေ ပြရတယ်။ ဒီတော့မှ ငြိမ်တာ။ ကျွန်တော်လည်း ဒရာမာခင်းရတာပေါ့။ ဟေ့ရောင် ဟုတ်တယ် မင်း ဒါမျိုးကတော့ လွန်တယ်။ အိမ်တွင်းကိုယ်တော်ကြီး ပန်းပဲမောင်တင့်တယ်ဆိုတာ သိပ်အစွမ်းထက်တာ။ မင်း ဒီလိုတော့ မပြောနဲ့၊ မမိုက်ရိုင်းနဲ့ကွဆိုတဲ့ပြီး သူတို့ထက် ပိုအောင်လုပ်ပြရတယ်။ ဒီတော့မှ ငါ့တူရယ် မင်းသူငယ်ချင်းတော့ ကံကြီးထိုက်လိမ့်မယ်။ မင်းထိန်းနော် မင်းထိန်း လုပ်လာရော။ အဲဒီလိုပေါ့။ လာရင်းကိစ္စ ခဏနောက်ထားပြီး လစ်ထွက်လာရတာမျိုးကလည်း ရှိသေးတယ်။
ရွာတွေက အများကြီးဆိုတော့ ကြုံရပုံတွေကတော့လည်း စုံပါတယ်။ တချို့ရွာတွေကျတော့ ကျွန်တော်တို့ ပြောသမျှကို တဝါးဝါးနဲ့ သမ်းရင်း နားထောင်ကြတာ။ အဲဒီလိုဆိုရင် နောက်အကြောင်းအရာကို ဆက်ရတယ်။ အဲဒီတော့ စာကြည့်တိုက် လုပ်ဖို့ အဆောက်အအုံတစ်ခု လုပ်ရမယ်။ ဒီအပိုင်းက သူကြီးက တာဝန်ယူလုပ်ကိုင်ရမှာ ဖြစ်တယ်ပေါ့။ အဲဒီ အဆောက်အအုံကိစ္စကတော့ ရွာတိုင်းမှာ စကားအင်မတန်ပြောကြတယ်။ တချို့ဆိုရင် အဆောက်အအုံကတော့ မဆောက်နိုင်ဘူးဗျာ။ အဲဒီတော့ ကျွန်တော့်အိမ်မှာပဲ အခန်းတစ်ခန်း ကြည့်စီစဉ်ရမှာပဲ။ ဆိုကြတယ်။ ကျွန်တော်တို့ကလည်း ဖြစ်ပါတယ်။ အဆောက်အအုံဟာ အနည်းဆုံး ၁၀ ပေပတ်လည်တော့ ရှိရမယ်။ စာအုပ်ထည့်တဲ့ ဗီရိုကလေးပါရင် ပိုကောင်းမယ်။ စားပွဲတစ်လုံး ထိုင်ဖို့ တန်းလျားတစ်လုံးကတော့ လိုမယ်ပေါ့။
သူတို့က စားပွဲတန်းလျားကတော့ထားပါ။ ကျနော်တို့ ရအောင်ရှာလို့ ဖြစ်ပါတယ်။ အလှူငွေလေး နည်းနည်းလေးကောက်ရင် ဖြစ်ပါတယ်။ ဗီရိုကတော့ ဈေးကြီးလို့ ဖြစ်မှာမဟုတ်ဘူးဆိုပြီး ငြင်းကြတယ်။ ဒါလည်းထား အဆောက်အအုံက ဘယ်ဟာသုံးမလဲဆိုရင်။ ဟောဟို အခန်းလေးဆိုရင် ဘယ့်နှယ့်လဲဆိုတဲ့ပြီး နွားတင်းကုပ် လက်ညှိုးထိုးကြတယ်။ သေရောဗျာ။ နွားထားတဲ့တဲကို စာကြည့်တိုက် လုပ်မှာတဲ့။ ဘာအကာအကွယ်မှမပါ။ နွားချေးဗရပွ၊ နွားစာခွက်ကြီးနဲ့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ တစ်ရွာနဲ့တစ်ရွာတော့ မတူဘူးပေါ့။ တချို့က မီးဖိုခန်းကို လက်ညှိုးထိုးပြတယ်။ ကျွန်တော်တို့မှာ စိတ်ညစ်ရတာပေါ့။
ကဲ ထားပါတော့ဗျာ။ အဆောက်အအုံ အဆင်ပြေပြီပဲ ထားပါတော့။ စာကြည့်တိုက်ဆိုတော့ ခင်ဗျားတို့ စာအုပ်စာတမ်း သတင်းစာ ဂျာနယ်ကတော့ ပုံမှန်တင်ပေးရမယ်။ တစ်လ တစ်အုပ် နှစ်အုပ်ပဲ တင်တင်ပေါ့ဗျာ။ အသစ်တင်ပေးရမယ်။ ကျွန်တော်တို့ရုံးက ခင်ဗျားတို့ စာကြည့်တိုက် စဖွင့်ခါစ မတည်ပေးတဲ့ အနေနဲ့ စာအုပ် လေးငါးဆယ်နဲ့ ဂျာနယ်အဟောင်းတော်တော်များများ ပေးမှာပါ။ အဲဒါနဲ့ စရမှာပေါ့။ ဒီအပိုင်းရောက်ရင်လည်း သူကြီးတွေဟာ ညည်းကြတာပဲ။ တောသူတောင်သားတွေဆိုတော့ သီးနှံပေါ်ချိန်ကလွဲရင် ငွေမရှိကြကြောင်း၊ စာအုပ်အသစ်တင်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ကြောင်းတွေ ဖြစ်လာပြန်ရော။ ကျွန်တော်တို့ ဘယ်လောက်စိတ်ညစ်ရမလဲ ခင်ဗျားတို့ စဉ်းစားသာ ကြည့်ပေရော့။ အဲဒီလိုတွေပေါ့ဗျာ။ ဒါပေမဲ့လည်း ကျွန်တော်တို့ ပျော်ခဲ့ပါတယ်။ ရွာတွေရဲ့ လူနေမှု၊ ရွာတွေရဲ့ အတွေးအခေါ် စသဖြင့်တွေတော့ အများကြီး သိလာရတာကိုး။
ပျော်စရာကောင်းတဲ့ အကြောင်းလေး တစ်ခုတော့ ရှိသေးတယ်ဗျ။ အဲဒါလေး ပြောပြဦးမယ်။ အဲဒါက ဒီလိုပါ။ စာကြည့်တိုက်နဲ့ ပတ်သက်လို့ ကိစ္စဝိစ္စ ပရိုဆီဂျာ အဆင့်ဆင့်ပြီးပြီ။ နောက်ဆုံးကိစ္စကတော့ စာကြည့်တိုက် နာမည်ပေးခြင်းပေါ့။ အံမယ် ကျန်တာတွေသာ ဘာပြုညာပြု စိတ်ပျက်ကြ စုတ်သပ်ကြ မြည်တွန်တောက်တီးကြတာ။ နာမည်ကျတော့ အားတက်သရော အလှလေးတွေ ရွေးကြသဗျာ။ တောသူတောင်သားတွေမှာ စိတ်ကူးယဉ်စရာဆိုလို့ ရှားပါးကြပုံပေါ်ပါတယ်။ နာမည် ရွေးကြတဲ့ကိစ္စကို သူတို့လည်း ပျော်ကြပါတယ်။ တစ်ခါတလေလည်း ကျွန်တော်တို့ ဝင်ရွေးပေးရတာမျိုးလည်း ရှိတာပေါ့။ ခင်ဗျားတို့ သတိထားမိမလားမသိဘူး။ အဲဒီကာလက အစိုးရသတင်းစာတွေမှာ တစ်နိုင်ငံလုံး ကျေးရွာပေါင်း ဘယ်နှသောင်းတွင် စာကြည့်တိုက် ဘယ်နှသောင်း ဖွင့်လှစ်ပြီးပြီဖြစ်ပါကြောင်းတွေ ဘာတွေပါတတ်တယ်။ တစ်ခါတလေ ဖွင့်ပွဲလုပ်နေတဲ့ ဓာတ်ပုံလေးတွေနဲ့ပေါ့။
စာကြည့်တိုက်နာမည် အများစုမှာ အလင်းဆိုတာ ပါတာကတော့ တိုက်ဆိုင်မှုဟုတ်မယ်လို့ ကျွန်တော်တော့ မထင်ဘူး။ စေတမန် အလင်းစာကြည့်တိုက်၊ ပညာ့အလင်းစာကြည့်တိုက်၊ ဘဝအလင်း စာကြည့်တိုက်၊ အလင်းအိပ်မက် စာကြည့်တိုက်၊ အလင်းစိတ်ကူး စာကြည့်တိုက်၊ လင်းအရုဏ် စာကြည့်တိုက်၊ လင်းအားမာန် စာကြည့်တိုက်။ ကျွန်တော်တို့ နယ်က ကျေးရွာတွေအားလုံးထဲမှာကို နာမည်ထဲအလင်းပါတဲ့ စာကြည့်တိုက်ဟာ ရာဂဏန်း ရှိပါတယ်။ တစ်နိုင်ငံလုံးဆိုရင် ဘယ်နည်းမလဲ။ ကျေးရွာလူထုဟာ လျှပ်စစ်မီးမရှိ အမှောင်ထဲ နေရတာများလို့ အလင်းကြိုက်တာများလား၊ ခေတ်ကပဲ အမှောင်ခေတ်ဖြစ်နေလို့လား ယတိပြတ်တော့ မပြောတတ်ပါဘူး ဆက်စပ်တော့ စဉ်းစားစရာပါပဲ။
Writer : လင်းခါး









