
၂၀၀၇ ခုနှစ် ဇန်နဝါရီလက တူရကီနိုင်ငံ အန်တယ်ယာမြို့တွင် ပြုလုပ်သော စစ်တုရင်ပြိုင်ပွဲတစ်ခုတွင် ကမ်ပို (ဝဲ) ကို တွေ့ရစဉ် (Photo: ChessBase)
(၁) ဖိလစ်ပိုင်နိုင်ငံသား မစ္စတာကမ်ပိုမေးနီးစ် (Florencio Campomanes) ဆိုရင် စစ်တုရင်လောကသားတွေ တော်တော်များများ သိကြတယ်။ ထူးထူးခြားခြား အရှေ့တောင် အာရှ နိုင်ငံသားတစ်ယောက်ကနေ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ။ မည်ကာမတ္တ ဥက္ကဋ္ဌလုပ်ခဲ့တာမဟုတ်ဘဲ မှတ်တမ်းတွေ အများကြီးရေးသားခဲ့သူ။
(၂) ၁၉၂၇ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ကမ်ပိုဟာ ၁၉၄၈ မှာ ဝိဇ္ဇာဘွဲ့ကို နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ဖိလစ်ပိုင်တက္ကသိုလ်ကနေ ရရှိခဲ့ပြီး ၁၉၅၁ မှာ မဟာဝိဇ္ဇာဘွဲ့ကို ဘရောင်းတက္ကသိုလ် (ရိုဒီးကျွန်း) ကနေ ရခဲ့တယ်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော် ဂျော့တောင်းတက္ကသိုလ်မှာ ပါရဂူဘွဲ့အတွက် ၁၉၅၄ အထိ တက်ရောက်ခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် ပါရဂူဘွဲ့ ဆုံးခန်းမတိုင်ခဲ့ပေမယ့် ဖိလစ်ပိုင်တက္ကသိုလ်မှာ ကထိကအဖြစ်နဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ၁၉၅၄ ကနေ ၁၉၅၆ အထိ ပို့ချခဲ့တယ်။
စစ်တုရင်ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ချန်ပီယံသရဖူကို ၁၉၅၆ နဲ့ ၁၉၆၀ ပြည့်နှစ်တွေမှာ ရယူခဲ့သူပါ။ Manila Times နဲ့ Manila Chronicle မှာ စစ်တုရင် သတင်းဆောင်းပါးတွေကို ၁၉၅၄ ခုနှစ်ကစပြီး နှစ်ပေါင်းများစွာ ရေးသားခဲ့တယ်။ ရုပ်မြင်သံကြား ရိုက်ကူးထုတ်လုပ်သူအဖြစ် ၁၉၇၄ ကနေ ၁၉၈၂ အထိ လုပ်ကိုင်ခဲ့တယ်။
၁၉၅၇ မှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က IA(International Arbiter) ဘွဲ့ ချီးမြှင့်ခဲ့တယ်။ ကထိကအဖြစ်က အနားယူပြီးချိန် ၁၉၅၆ ကစပြီး ကမ္ဘာ့စစ်တုရင်လောကမှာ လှုပ်ရှားကျင်လည်ခဲ့တယ်။ အာရှဇုန်စစ်တုရင် ဥက္ကဋ္ဌအဖြစ် ၁၉၆၀ ပြည့်နှစ်မှာ ရွေးချယ်ခံခဲ့ရပြီး ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် ၁၉၇၄ ကနေ ၁၉၈၂ အထိ တာဝန်ယူခဲ့တယ်။ ၁၉၈၂ မှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရတယ်။ အနောက်နိုင်ငံသားတွေ၊ ဥရောပသားတွေ ကြီးစိုးရာအဖွဲ့ကြီးမှာ အရှေ့အာရှသား တစ်ယောက်အနေနဲ့ ထိုးဖောက်ဝင်ရောက် ရွေးကောက်ပွဲ အနိုင်ရခဲ့တာကိုကြည့်ရင် ကမ်ပိုရဲ့ အရည်အချင်းကို ထောက်ချင့်နိုင်ပါတယ်။ သူ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်ကာလ (၁၉၈၂-၁၉၉၅) မှာ အဖွဲ့ဝင်နိုင်ငံ အရေအတွက်ကို ၅၀ ကျော် တိုးတက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံ အရေအတွက် ၁၅၀ အထိ ရောက်ရှိစေခဲ့ပါတယ်။ (လက်ရှိအဖွဲ့ဝင်နိုင်ငံ အရေအတွက်က ၁၈၅ နိုင်ငံဖြစ်ပါတယ်)။
ဖိလစ်ပိုင်သမ္မတမားကို့စ်နဲ့ ခင်မင်ရင်းနှီးသူဖြစ်ပြီး ကမ္ဘာ့စစ်တုရင်ချန်ပီယံလုပွဲ၊ ကမ္ဘာ့အမျိုးသမီး စစ်တုရင်ချန်ပီယံလုပွဲ၊ ကမ္ဘာ့စစ်တုရင် အိုလံပစ်ပြိုင်ပွဲ စတဲ့ ကမ္ဘာ့အဆင့် စစ်တုရင်ပြိုင်ပွဲကြီးတွေ အပါအဝင် အဆင့်မြင့် စစ်တုရင်ပြိုင်ပွဲကြီးပေါင်း မြောက်မြားစွာကို ဖိလစ်ပိုင်မြေမှာ အောင်အောင်မြင်မြင် ကျင်းပခဲ့တယ်။
(၃) ကမ်ပိုနဲ့ ပထမဦးဆုံး ဆုံစည်းခဲ့တာ ၁၉၉၁ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးစစ်တုရင် ချန်ပီယံလုပွဲမှာပါ။ မနီလာဟိုတယ်မှာ တည်းခိုရာအခန်းအထိ ကိုယ်တိုင်လာရောက် မိတ်ဖွဲ့နှုတ်ဆက်ခဲ့တဲ့ ကမ်ပိုရဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင်ဖော်ရွေမှုဟာ လေးစားအတုယူစရာပါ။ ပြောရရင် အဲဒီအချိန်မှာ သူက ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌလေ။ နောက်ပိုင်းမှာ အကြိမ်များစွာ တွေ့ဆုံခဲ့ပြီး ပိုမိုခင်မင်ရင်းနှီးခဲ့တယ်။ မြန်မာပြည်မှာ အင်တာနေရှင်နယ် ပြိုင်ပွဲလုပ်တော့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ မဟုတ်တော့ပေမယ့် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့သူ့ကို ဖိတ်ကြားခဲ့တယ်။
(၄) ၁၉၉၈ ဒီဇင်ဘာလက ရန်ကုန်မှာ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဇုန် ၃.၂ အေ ချန်ပီယံလုပွဲ ကျင်းပတော့ ကမ်ပိုလာခဲ့တယ်။ အာဆီယံ ၁၀ နိုင်ငံနဲ့ ဂျပန်၊ မွန်ဂိုလီးယား၊ ထိုင်ဝမ်၊ မကာအို၊ ဟောင်ကောင်၊ တောင်ကိုရီးယားနိုင်ငံတွေက ထိပ်တန်းစစ်တုရင်သမားတွေကို ဖိတ်ခေါ်ပြီး ကျင်းပခဲ့တာ။ ပထမနဲ့ ဒုတိယရသူနှစ်ယောက်က ရှုံးထွက်စနစ်နဲ့ ကျင်းပမယ့် ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာဖြစ်တာကြောင့် ပြိုင်ဆိုင်မှုက ပြင်းထန်တယ်။
ပြိုင်ပွဲကာလတစ်လျှောက်လုံး ရန်ကုန်မှာ ကမ်ပို ရှိနေခဲ့တယ်။ စစ်တုရင် ကစားလိုက်၊ ပြိုင်ပွဲတွေကြည့်လိုက်၊ တင်းနစ်ရိုက်လိုက်၊ အလည်အပတ် သွားလိုက်နဲ့ ပျော်လို့ပေါ့။ ရွယ်တူအဘိုးကြီးတစ်ယောက်ဖြစ်တဲ့ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်သန်းနဲ့ ငါးမိနစ် လျှပ်တစ်ပြက်စစ်တုရင် ထိုးကြ၊ စကားစမြည်ပြောကြနဲ့ ဒီဇင်ဘာ ၉ ရက်က စတဲ့ ပြိုင်ပွဲရက်တွေဟာ လျင်မြန်စွာကုန်ပြီး နောက်ဆုံးအချီ ၉ ကစားတဲ့ ၁၇ ရက်နေ့ ရောက်လာတယ်။ အချီ ၉ အပြီး ထိပ်ဆုံးမှာ အမှတ်တူ လေးယောက်ဖြစ်နေခဲ့တယ်။
နောက်ဆုံး အဆုံးအဖြတ်ပွဲတွေ မပြတ်လို့ ညသန်းခေါင်ကျော်အထိ ဆက်ကစားရတာကို စိတ်ပါဝင်စားစွာ စောင့်စားအားပေးပြီး နောက်ဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံလုပွဲ လက်ရည်စစ်အောင်သူနှစ်ဦးကို ကိုယ်တိုင်ဆုပေးခဲ့တယ်။
(၅) ပြိုင်ပွဲလာရောက်တဲ့ ဧည့်သည်တော်တွေကို စစ်တုရင်ကစားတတ်သလား မေးမြန်းပြီး စကားစမြည်ပြောတယ်။ နိုင်ငံတော်က အားမပေးလှကြောင်း သိရတော့ ခေါင်းတရမ်းရမ်းနဲ့ပေါ့။ ကော်ဖီသောက်ရင်း တောအကြောင်း တောင်အကြောင်း ပြောရာကနေ သူကြုံတွေ့ခဲ့ဖူးတဲ့ စစ်တုရင်ပြိုင်ပွဲတစ်ခုမှာ ဆုဝင်ပြီး ချီးမြှင့်သွားခဲ့သူတစ်ယောက်အကြောင်း ပြောပြတယ်။
သမ္မတမားကို့စ်လက်ထက်ကပေါ့ကွာ။ မားကို့စ်က စစ်တုရင်ကို အရမ်းအားပေးတာဆိုတော့ စစ်တုရင်ပြိုင်ပွဲဆိုရင် စပွန်ဆာပေးချင်တဲ့ စီးပွားရေးသမားတွေ အများကြီးရှိတယ်ကွ။ အာဏာရှိသူကို ဖားချင်တတ်ကြတာကိုး။ ပြိုင်ပွဲတစ်ပွဲမှာ စီးပွားရေးသမားတစ်ယောက်က သူလည်းပါဝင်ပံ့ပိုးပေးကြောင်း ပြချင်တော့ ထိပ်ဆုံးကစားခုံမှာ အနိုင်ရသူကို ဆုချမယ်ဆိုပြီး ကြေညာခဲ့တယ်။
အဲဒီစစ်တုရင်ပွဲမှာ အဖြူသမားက ကစားကွက် အသာရအောင် အကောင်တွေ စတေးကျွေးတိုက်ထားတာ အနက်မှာ သေလုလု ဖြစ်ခဲ့တာပေါ့။ အနက်သမားက စဉ်းစားတဲ့အခါ လေးကွက်မှာ သေမှာမို့ ဆက်ရွှေ့ဖို့ မရဲတာနဲ့ စဉ်းစားသလိုလိုနဲ့ ထိုင်ကြည့်နေခဲ့တယ်။ ဆုချမယ့် သူဌေး ဆုချအားပေးမလို့ စောင့်နေတာ အချိန်တွေကြာလာတော့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အလုပ်တစ်ခုအတွက် အစည်းအဝေးရှိလို့ ပြန်ပါလေရော။ မပြန်ခင်မှာ သူ့ကတိအတိုင်း ဆုချချင်တာကို အကောင်အထည် ဖော်ဖို့အတွက် အကွက်သာမသာ မသိတော့ အကောင်ရေတွက်ပြီး အနက်ကို ဆုချခဲ့တယ်။ အကောင်များရင် နိုင်တယ်ထင်တာကိုး။
သူ ပြန်သွားပြီးတော့ စစ်တုရင်သမားတွေ သူ့အကြောင်းပြောပြီး ဟားကြတယ်။ လူရာကလည်း ဝင်ချင် နားကလည်း မလည်နဲ့ ခက်လည်း ခက်ပါရဲ့ပေါ့။ အဲဒီသတင်းက ချက်ချင်းပြန့်သွားတယ်။ သူလည်း နာမည်ကြီး သွားခဲ့တယ်။
(၆) အေးနေပြီဖြစ်တဲ့ကော်ဖီကို သောက်ရင်းနဲ့ စကားဆက်တယ်။ ဒီဇာတ်လမ်းက ဒီမှာဆုံးခဲ့တယ်ဆိုရင် စိတ်ဝင်စားစရာကောင်းချင်မှ ကောင်းမယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာ ပြောပြမယ်။
အမှန်မှာ အဲဒီသူဌေးက စစ်တုရင် ကောင်းကောင်းကစားတတ်တယ်ကွ။ မာစတာအဆင့် လောက်ရှိတယ်။ အဲဒီမြို့ကလူတွေနဲ့ ပြိုင်ပွဲ ကျင်းပသူတွေက ဒါကိုမသိကြဘူး။ သူကလည်း ဟန်ဆောင်ကောင်းလွန်းခဲ့တယ်လေ။ ရုပ်ရှင်ရိုက်ရင် အော်စကာဆုတောင် ရချင်ရနေမှာ။ နောက်ပြီး သူ ဘာမဟာဗျူဟာချခဲ့ သလဲတော့ မသိဘူးပေါ့ကွာ။ ပွဲက အဲဒီလိုဖြစ်လာတော့ ချက်ချင်း နည်းဗျူဟာမြောက် ရွှေ့ကွက်ကို ရွှေ့ခဲ့တာကွ။ ပုံမှန်ဆုချခဲ့တာဆိုရင်တောင် ဒီလို လူသိများသွားမှာ မဟုတ်ဘူး။ အာဏာရှိပုဂ္ဂိုလ်တွေကလည်း သတိထားမိမှာ မဟုတ်ဘူး။ နောက်ပိုင်းမှာ အာဏာပိုင်တွေနဲ့ ရင်းနှီးမှု ပိုရခဲ့တယ်။ စီမံကိန်းကြီးတွေ ရတယ်။ သူ့စီးပွားရေးလုပ်ငန်းတွေလည်း ပိုအောင်မြင်ခဲ့တယ်။
(၇) ကမ်ပိုလို့ ခင်မင်ရင်းနှီးသူတွေက ခေါ်ကြတဲ့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စတာ ကမ်ပိုမေးနီးစ်ဟာ ၂၀၁၀ ပြည့်နှစ် မေလ ၃ ရက်နေ့မှာ ဆုံးပါးသွားခဲ့ရှာပြီ ဖြစ်ပါတယ်။ စစ်တုရင်ကို သံယောဇဉ်ကြီးလွန်းတဲ့သူဟာ သေတဲ့အထိ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တယ်။ သူ မရှိတော့ပေမယ့် တိုက်ဆိုင်တာတွေရှိချိန်မှာ သူ ပြောပြဖူးတဲ့ ဒီအကြောင်းကို သတိရနေဆဲပါ။
Writer : မောင်စံပေါ









