
The Adventures ရုပ်ရှင်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း
တိုင်းပြည်တစ်ပြည်မှာ လုပ်ပိုင်ခွင့် အချုပ်အခြာအာဏာကို အုပ်ချုပ်သူမင်းတွေ၊ အစိုးရတွေက ပိုင်ဆိုင်တယ်။ အာဏာကိုပိုင်စိုးလို့လည်း အာဏာပိုင်လို့ သုံးကြတယ်ထင်တယ်။ ဒီအာဏာပိုင်တွေဟာ ပြည်သူလူထုအတွက်လို့ ကြွေးကြော်ပြီး လူထုရဲ့ ထောက်ခံမှုနဲ့ တက်လာကြသူတွေပါပဲ။ တိုင်းပြည်နဲ့ ပြည်သူအတွက် ရည်မှန်းပြီး အလုပ်လုပ်ကြတယ် ဆိုပေမယ့် ကြာလာတဲ့အခါမှာ အောက်ခြေပြည်သူနဲ့ ကင်းကွာလာကြတယ်။ ဘေးပတ်လည်မှာလည်း မင်းလိုလိုက် မင်းကြိုက်ဆောင်သူတွေ များလာတဲ့အခါမှာ အမှန်ကို သေချာမခွဲခြားနိုင်တော့ဘူး။ လက်ညှိုးညွှန်ရာ ရေဖြစ်တဲ့ ခေါင်းဆောင်တစ်ယောက်ဘဝကိုလည်း သာယာလာကြတယ်။
တဖြည်းဖြည်းနဲ့ အမှားကို ထောက်ပြ ပြောဆိုသူတွေကိုလည်း ပစ်ပယ်လာတတ်တယ်။ အမှန်ကိုရောက်အောင် ဝေဖန်ပြောဆိုသူတွေကိုလည်း ခပ်ဝေးဝေးမှာ ထားလာကြတယ်။ ဒီလိုနဲ့ပဲ အာဏာပိုင်တွေကနေ အာဏာရှင်ဘဝကို ကူးပြောင်းသွားကြတယ်။ အာဏာရှင်အကြိုက်လိုက်ပြီး ခေါင်းညိတ်သူတွေ များလာတဲ့အခါမှာ တိုင်းပြည်ဆုတ်ယုတ်လာတယ်။ ပြည်သူတွေအတွက် စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြေရှင်းပေးဖို့လည်း မလွယ်ကူတော့ဘူး။ ဒီလိုအချိန်မှာ မပြေလည်တဲ့ ပြည်သူလူထုက အာဏာရှင်ကို တောင်းဆိုမှုတွေ လုပ်ကြတယ်။ ဆန္ဒပြတာ၊ သူပုန်ထတာတွေ ဖြစ်လာကြတယ်။ လူထုမကြိုက်တဲ့ အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းလာကြတယ်။ အသက်တွေ၊ သွေးတွေ ချွေးတွေနဲ့ရင်းပြီး တော်လှန်ရေးတွေ လုပ်လာကြတယ်။
အာဏာရှင်အစိုးရ ပြုတ်သွားခဲ့ပြီး ပြည်သူ့အစိုးရ တက်လာပါတယ်။ ပြည်သူ့အကြိုက် ရွေးချယ်တင်မြှောက်ကြပြီး အုပ်ချုပ်ကြပါတယ်။ အုပ်ချုပ်ရင်းနဲ့ကို ပြည်သူနဲ့ကင်းကွာပြီး လာတတ်ကြပါတယ်။ နှစ်တွေကြာလာတဲ့ အခါမှာတော့ ပြည်သူနဲ့ လုံးဝကင်းကွာသွားပြီးတော့ အာဏာရှင်ဆန်လာကြပါတယ်။ သမိုင်းကြောင်းဟာ တစ်ပတ်လည်ပြန်ပါပြီ။ အာဏာရှင်နဲ့ ပြည်သူတွေ ပဋိပက္ခဖြစ်ကြပြန်ပါတယ်။ ခေတ်ပြောင်းတော်လှန်ရေးဆိုတာကြီးက ထပ်ပြီးဖြစ်လာပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာလည်း သမိုင်းတစ်ပတ်လည်တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ပါလီမန် ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့ကြပေမယ့် ပါတီတွင်း အကွဲအပြဲတွေကြောင့် မငြိမ်မသက် ဖြစ်လာပါတယ်။ တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက်မှာ တစ်ပါတီစနစ်ကျင့်သုံး အုပ်ချုပ်ခဲ့တယ်။ အရပ်သားအစိုးရ ပြောင်းခဲ့ပေမယ့် အာဏာရှင်တွေ ဖြစ်လာတဲ့ အခါမှာ ပြည်သူက အုံကြွပြီး ဖြုတ်ချခဲ့ပါတယ်။ တိုင်းပြည်မငြိမ်သက်မှုကြောင့် တပ်မတော်က အာဏာသိမ်းပြန်ပါတယ်။ စစ်အစိုးရကနေ အရပ်သားအစိုးရ ပြောင်းလဲအုပ်ချုပ်ပေမယ့် ပြည်သူ အကျိုးမရှိလေတော့ သမိုင်းကြောင်းတစ်ကြိမ် ပြောင်းရပြန်ပါတယ်။
ဒီဖြစ်စဉ်လေးကို ဒါရိုက်တာ Lewis Gilbert ရိုက်ကူးတဲ့ The Adventures ဆိုတဲ့ ရုပ်ရှင်ကားမှာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ တောင်အမေရိကတိုက်ရဲ့ နိုင်ငံငယ်လေးမှာ အာဏာရှင်ကို တော်လှန်ကြတဲ့ သူငယ်ချင်းနှစ်ဦးရဲ့ မျိုးဆက်တွေ အကြောင်းပါပဲ။ ဂျေမီဇီးနော့ဆိုတဲ့ တော်လှန်ရေးသမားရဲ့မိသားစုကို သစ္စာဖောက်ဆိုပြီးတော့ အစိုးရဗိုလ်ချုပ်ကြီး ဂူတီရက်ဇ်ရဲ့ အမိန့်နဲ့ သတ်ဖြတ်ကြတာမှာ ဒက်စ်ဆိုတဲ့ ကလေးတစ်ယောက်ပဲ ကျန်ရစ်ခဲ့ပါတယ်။ ရိုဘိုဆိုတဲ့ တော်လှန်ရေးစစ်သားရဲ့ အိမ်က မိသားစုတွေလည်း အသတ်ခံရပြီးတော့ အပိုရိုဆိုတဲ့ သမီးလေးတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တောထဲကနေ မြို့တော်ကို ရောက်လာတော့ တော်လှန်ရေးသမားတွေ အောင်ပွဲခံနေကြပါပြီ။
လူထုမုန်းတဲ့ အာဏာရှင် ပြုတ်ကျပြီးတော့ တော်လှန်ရေးခေါင်းဆောင် ရိုဘိုတို့ အုပ်ချုပ်ပါတယ်။ ဒက်စ်နဲ့ ဖခင်ကြီးတို့ကတော့ မိမိနိုင်ငံအတွက် ကမ္ဘာနဲ့ ဆက်ဆံရေးပြေလည်ဖို့ ပြည်ပနိုင်ငံမှာ သံအမတ်ကြီး တာဝန်ယူခဲ့ပါတယ်။ နောက် ၁၀ နှစ်လောက် အကြာမှာ ဂျေမီဇီးနော့ဟာ တိုင်းပြည်မှာ သူရဲကောင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲလုပ်ဖို့ ပြန်သွားခဲ့ပါတယ်။ ဂုဏ်ပကာသနမကြိုက်သူ ဇီးနော့ဟာ ကြီးကျယ်ခမ်းနားတဲ့ ပွဲတွေကို ငွေကုန်ခံကျင်းပတာ မကြိုက်ပါဘူး။ ရိုဘိုရဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်သစ်ကြီးကိုလည်း ဝေဖန်ပါတယ်။ မြို့လယ်မှာ နန်းတော်ကြီးနဲ့တကွ ကုန်တိုက်ကြီးတွေနဲ့ တောက်ပြောင်စည်ကားနေပေမယ့် မြို့ပြင်က အိမ်ခြေယာမဲ့တွေမြင်တော့ စိတ်ဆင်းရဲသွားပါတယ်။ တော်လှန်ရေးမှာ အတူတိုက်ခဲ့သူ ငယ်သူငယ်ချင်းတစ်ဦးကလည်း သူပုန်ဖြစ်နေတော့ ဝမ်းနည်းရရှာတယ်။ မွေးရပ်မြေတောကို ခဏပြန်ချိန်မှာ သူပုန်ဖြစ်နေတဲ့ သူငယ်ချင်းနဲ့လည်းတွေ့ပြီး ရှေးဖြစ်ဟောင်းတွေ ပြောကြပါတယ်။
ဒီအကြောင်းကို ကြားတဲ့ ခေါင်းဆောင်ကြီးဟာ သံအမတ်ကြီး မပြန်ခင် လုပ်ကြံသတ်ဖြတ်လိုက်ပါတယ်။ ဗိုလ်ချုပ်ဂူတီရက်ဇ်ကို ရာထူးပြန်ပေးပြီး သတ်ခိုင်းတာပါပဲ။ ဖခင်ကြီး သေဆုံးပြီးတဲ့နောက် ဂုဏ်ပြုပွဲကို အကြီးအကျယ် ကျင်းပပါတယ်။ ဈာပနကို တက်ရောက်လာသူ ဒက်စ်ကတော့ ဖခင်ကြီးဟာ ရိုးသားသူမို့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲတွေ ကြိုက်မှာမဟုတ်ကြောင်း ပြောပေမယ့် တားမရခဲ့ပါဘူး။
အဖေတူသားဖြစ်တဲ့ ဒက်စ်ရဲ့ ရိုးသားမှုကို သိတဲ့ ရိုဘိုဟာတောထဲက သူပုန်တွေကို ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းစေတယ်။ ဒက်စ်ရဲ့ အာမခံချက်များကြောင့် လက်နက်နဲ့ ငြိမ်းချမ်းရေးလဲဖို့ ရောက်လာသူတွေကို ညအခါမှာ အလစ်တိုက်ခိုက် ပစ်သတ်ကြတယ်။ စေခိုင်းသူက ဗိုလ်ချုပ်ဂူတီရက်ဇ်ကို တွေ့တဲ့အခါမှာ စိတ်နာနေတဲ့ ဒက်စ်က လက်ဦးအောင် ပစ်သတ်လိုက်တယ်။ ငြိမ်းချမ်းရေးယူတဲ့ သူပုန်ခေါင်းဆောင်က သေသွားပေမယ့် သားတစ်ယောက် လွတ်သွားပါတယ်။
သူပုန်တွေကို ငြိမ်းချမ်းရေးအတွက် အာမခံခေါ်လာပေမယ့် သေခဲ့ကြပြီမို့ ဒက်စ်ဟာ စိတ်နာနာနဲ့ ခေါင်းဆောင်ကြီးရိုဘိုဆီ သွားပါတယ်။ ရိုဘိုကတော့ သူမသိကြောင်း ငြင်းပြီး ဗိုလ်ချုပ်ဂူတီရက်ဇ်ကိုပဲ လွှဲချပါတယ်။ စကားတွေ အချေအတင် များကြပြီးတော့ ဒက်စ်ကို နိုင်ငံခြားမှာပဲ သံအမတ်ရာထူးနဲ့နေဖို့ အမိန့်ထုတ်လိုက်ပါတယ်။ နိုင်ငံခြားမှာ ငါးနှစ်လောက်နေရင်း သံတမန်အဖြစ် နာမည်ရနေချိန်မှာ ပြည်တွင်းက စားနပ်ရိက္ခာ ပြဿနာအတွက် အကူအညီ တောင်းပေးရတယ်။ အကူအညီတွေရတဲ့အတွက် ရိက္ခာတွေ သင်္ဘောနဲ့တင်ဖို့ စီစဉ်ပေးလိုက်တယ်။
ဒါပေမဲ့ ဒီသင်္ဘောဟာ ရိက္ခာမပါဘဲ စစ်လက်နက်ပစ္စည်းတွေ တင်သွားကြောင်း သတင်းရတဲ့အခါမှာတော့ ဒက်စ်ရဲ့စိတ်ဟာ ပေါက်ကွဲသွားပါတယ်။ ဒီလက်နက်တွေဟာ သူပုန်တွေကို ချေမှုန်းမယ်ဆိုတာ သိလေတော့ အမီလိုက်သွားပါတယ်။ လက်နက်တွေကို လမ်းမှာဖြတ်ယူပြီး သူပုန်တွေကို လွှဲပေးလိုက်ပါတယ်။ အင်အားဖြည့်တင်းထားတဲ့ သူပုန်တွေဟာ မြို့တော်အထိ ချီတက်လာကြပါတယ်။ ဆင်းရဲနေတဲ့ ပြည်သူလူထုကလည်း ရိုဘိုအစိုးရကို စိတ်ပျက်နေတာမို့ သူပုန်တွေနဲ့ ပူးပေါင်းကြပါတယ်။ အနိုင်ရတဲ့ တပ်နဲ့အတူ လိုက်လာတဲ့ ဒက်စ်ဟာ ရိုဘိုကို သွားတွေ့ပါတယ်။ လက်နက်မချတဲ့ ရိုဘိုကို ဖမ်းဆီးသူ ဒက်စ်ဟာ ဖခင်ကြီးကို သတ်ဖို့ စီစဉ်တာ ရိုဘိုမှန်း သိသွားတော့ ပစ်သတ်လိုက်ပါတယ်။
ဒက်စ်ဟာ သားလေးနဲ့ မိသားစုကို ဘေးကင်းရာ ပို့လိုက်တယ်။ နိုင်ငံရေးမှာ ဝင်မပါချင်ပေမယ့် လူသတ်မှုတွေ၊ မုဒိမ်းမှုတွေနဲ့ အာဏာယစ်မူးမှုတွေကို ထိန်းသိမ်းပေးဖို့အတွက် ခေတ္တကျန်နေခဲ့တယ်။ တော်လှန်ရေး ပြီးတဲ့နောက်နေ့ ညမှာပဲ ဒက်စ်ကို အရင် သူပုန်ခေါင်းဆောင်ကြီးရဲ့သားက လုပ်ကြံ သတ်ဖြတ်လိုက်တယ်။ နောက်ရက်မှာ တော်လှန်ရေးအောင်ပွဲ အခမ်းအနားကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြီး ခေါင်းဆောင်ကြီးက လူထုရဲ့ အလေးပြုတာ ခံပါတော့တယ်။
ဒီဇာတ်ကားကို ကျွန်မ ခြောက်တန်းနှစ်က ကြည့်ခဲ့ရပါတယ်။ ငယ်စဉ်တုန်းက ခေတ်တွေ၊ စနစ်တွေ နားမလည်တော့ ဇာတ်လမ်းရဲ့ အနှစ်သာရကို သေချာမသိခဲ့ပါဘူး။ ခုလို သမိုင်းအဖြစ်အပျက်တွေ ကိုယ်တိုင်ကြုံလာရတော့မှ အာဏာနဲ့ အာဏာရှင်ရဲ့သဘောကို သေချာနားလည်နိုင်ပါတော့တယ်။ အုပ်ချုပ်သူ အစိုးရမင်းတွေဟာလည်း အာဏာကို ယစ်မူးလာရင် အာဏာရှင်အဖြစ် ပြောင်းလဲတတ်တာ သိလာပါတယ်။ မိမိတို့ပြည်သူတွေ အပေါ်မှာ ရင်ဝယ်သားလို သနားချစ်ခင်တဲ့ အစိုးရမျိုးနဲ့သာ တစ်သက်လုံးကြုံရဖို့ ဆုတောင်းမိပါတော့တယ်။ အာဏာရှင်အစိုးရ မှန်သမျှ ကျဆုံးရမှာ အမှန်ပါပဲ။









