
ရှစ်လေးလုံးအခမ်းအနားကို ရန်ကုန်မြို့တွင် ၂၀၁၆ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်စဉ်
ကျွန်တော့်အကြောင်း
မျက်နှာပူစွာ အားနာနာနှင့် ကျွန်တော့်အကြောင်း ရေးရပါဦးမည်။ ရှစ်လေးလုံး (၁၃၅၀ ပြည့် အရေးတော်ပုံ) အကြောင်းရေးမည်ဖြစ်၍ ကျွန်တော့်အကြောင်း ရေးပြရခြင်းဖြစ်ပါသည်။ ကျွန်တော်သည် အညာသားတစ်ဦး ဖြစ်သော်လည်း ရန်ကုန်မြို့ သာကေတတွင် ၁၉၈၂ ကတည်းက သာကေတရှိ ဒုတိယအမေ ဒေါ်လေးဒေါ်ခင်စော အိမ်တွင်နေခဲ့ပါသည်။ ဦးလေးဖြစ်သူ ဦးခင်မောင်ကြည်၏ စာအုပ်များကို စာဖတ်ဝါသနာအရ ယူဖတ်ခဲ့ရာမှ တက္ကသိုလ်တက်ချင်စိတ်ဖြစ်ခဲ့သည်။ လူမှုဘဝကို စိတ်ဝင်စားခဲ့ပါသည်။ ထိုအချိန် ၁၉၈၂ ဝန်းကျင်က သာကေတရှိ လူအများကို ကျွန်တော်လေ့လာကြည့်မိပါသည်။ လူအများမှာ နံနက် ၆ နာရီကတည်းက အလုပ်များလုပ်ကြပါသည်။ သို့သော် စားဝတ်နေရေးကား အဆင်မပြေကြ။ အားလုံးကား ဖိုသီဖတ်သီ။ ထိုအခါ ကျွန်တော်စဉ်းစားကာ တွေးမိပါသည်။ လူများသည် အလုပ်လုပ်ကြပါလျက်နှင့် ဘာကြောင့်အဆင်မပြေရသနည်း။
ရန်ကုန်တက္ကသိုလ်သို့ ကျွန်တော်ရောက်သည်။ ကျွန်တော့်ဆရာများဖြစ်သည့် ဦးဝင်းမောင်၊ ဦးဌေးသိန်းတို့နှင့် တွေ့ပါသည်။ နိုင်ငံရေးစာပေ (အထူးသဖြင့် လက်ဝဲစာပေများ) ကိုဖတ်ရသည်။ ထိုစဉ်မှာပင် ကျွန်တော်အဖြေရသွားပါသည်။ လူများအလုပ်လုပ်နေလျက်နှင့် စီးပွားရေးအဆင်မပြေခြင်းမှာ အစိုးရမကောင်း၍။ အစိုးရဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ ဦးစီးဦးဆောင်၊ မိသားစုတစ်ခုကို ဥပမာပြုရမည်ဆိုလျှင် မိသားစုတစ်စု၏ အိမ်ထောင်ဦးစီး။ အိမ်ထောင်ဦးစီး၊ နိုင်ငံ့ခေါင်းဆောင်အစိုးရ မကောင်းပါလားဟူသည်ကို ကျွန်တော်သိသွားခဲ့သည့်အပြင် ကျောင်းသားသမဂ္ဂဟူ၍ရှိကြောင်း၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်အရေးများ၊ ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးများ၊ ၁၉၇၄၊ ၇၅၊ ၇၆ ဦးသန့်အရေး၊ အလုပ်သမားအရေးများကို သိလာခဲ့ရာ ကျွန်တော် နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ အမှန်တကယ်လည်းလုပ်ခဲ့ရာ ကျွန်တော့်အနေနှင့် ဂုဏ်ယူမိသည်များ ရှိခဲ့ပါသည်။ သမိုင်းဝင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၄၈၂၈ ဒေသပါတီတွင် ပါဝင်ခဲ့ခြင်း၊ နှစ်အတော်ကြာပျောက်နေသည့် ကျောင်းသားထု၏ ခွပ်ဒေါင်းအလံကို (၁၆-၃-၈၈ တံတားနီ) ကဗျာဆရာ၊ စာရေးဆရာ မောင်ရှင်စောနှင့်အတူ ရေးဆွဲလွှင့်တင်နိုင်ခဲ့ခြင်း၊ မသိသာမထင်ရှားသည့် ဒေါက်တာဇော်မင်း၊ ကိုတင်အေး၊ ကိုဇော်ထွန်း (ဒေါက်တာဇော်မင်းညီ-တောတွင်း၌ ကျဆုံး)၊ ကိုဌေးမောင်တို့နှင့် လက်တွဲနိုင်ခဲ့ခြင်း၊ ၁၉၈၈ ရှစ်လပိုင်း ၂၈ ရက်နေ့တွင် ကျင်းပသည့် (ရန်ကုန်တက္ကသိုလ် သမဂ္ဂရင်ပြင်၌ ကျင်းပသည့် သမိုင်းဝင်ညီလာခံ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ) (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂဖြစ် မြောက်ရေးကော်မတီ) ၌ ဗဟိုကော်မတီဝင်ဖြစ်ခဲ့ခြင်း၊ ထို့နောက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ဖြစ်ခဲ့ခြင်း၊ ဗကသအထွေထွေအတွင်းရေးမှူးနှင့် ယာယီဥက္ကဋ္ဌဖြစ်ခဲ့ခြင်း၊ မန္တလေးအင်းဝနိုင်း (၉) ကျောင်းသားများညီလာခံတွင် (မေ ၂၀၊ ၂၁၊ ၈၉) သဘာပတိအဖွဲ့ဝင် ဖြစ်ခဲ့ခြင်းများကို ရိုးသားစွာ မိမိကိုယ်ကိုယ်မိမိ ဂုဏ်ယူမိပါသည်။
ရှစ်လေးလုံးနေ့အစ အလုပ်သမားက
ရှစ်လေးလုံးနေ့အကြောင်း ကျွန်တော်ရေးပါမည်။ မတ်လ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးအပြီး ရန်ကုန်တက္ကသိုလ်၌ မတ် ၁၆၊ ၁၇ ရက်များ၊ မြို့ထဲ၌ မတ် ၁၈ ရက်များဖြစ်အပြီး ကျောင်းများပိတ်သွားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်ထဲ၌ ဇွန်ပွဲကျောင်းသားလှုပ်ရှားမှု ဖြစ်ခဲ့ပါသည်။ ထိုဇွန်ပွဲ၌ ကျောင်းသားများ တောင်းဆိုသည်မှာ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး၊ ကျောင်းတက်ခွင့်ပြန်ရရေး၊ ဒီမိုကရေစီပညာရေးတို့ ဖြစ်ပါသည်။ ထိုဇွန်ကျောင်းသားအရေး၌ ထင်ရှားခဲ့သည့် ကျောင်းသားခေါင်းဆောင်များမှာ ကိုမောင်မောင်ကျော်၊ ကိုမိုးသီးဇွန် တို့ဖြစ်ပါသည်။ ထိုဇွန်ကျောင်းသားလှုပ်ရှားမှုကို ထိုစဉ်က ဦးနေဝင်းအစိုးရက နှိမ်နင်းပြီး ဇွန် ၂၁ ရက် မြေနီကုန်းလှုပ်ရှားမှုသည်လည်း နာမည်ကြီးခဲ့ပါသည်။ (မေ့သွား၍ပါ) ၁၉၈၈ မတ်လ ၁၈ ရက် အချုပ်ကားထဲတွင် လေရှူပိတ်ပြီး လူများစွာသေသွားသည့်နေ့သည်လည်း နာမည်ကြီးခဲ့ပါသည်။ ထိုနေ့တွင် ကျွန်တော့်အတွေ့အကြုံမှာ လူထုကြီးသည် သိမ်ကြီးဈေးရှိ သမဝါယမဆိုင်များကိုဖောက်ကြ၏။ ပုဆိုး၊ ထဘီများကို တစ်ထည်မျှမယူ။ အားလုံးကို မီးရှို့ပစ်ကြပါသည်။
သို့နှင့် ရှစ်ရက်ရှစ်လနေ့သို့ ရောက်လာပါသည်။ ရှစ်ရက်ရှစ်လနေ့အကြောင်းကို ဘီဘီစီသတင်းထောက် ခရစ္စတိုဖာနှင့် အင်တာဗျူးကြပါသည်။ အင်တာဗျူး၌ ကိုကိုလတ်နှင့် ကိုဌေးကြွယ်တို့ ဦးဆောင်ကြပါသည်။ ထိုဘီဘီစီအင်တာဗျူးမှာ တစ်ပြည်လုံးသို့ ပျံ့နှံ့သွားခဲ့ပါသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီးကား စလေပြီ။ ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်၌။ ထိုရှစ်လေးလုံး မစတင်မီဖြစ်ခဲ့သော ရှစ်လသုံးရက်နေ့ အရေးတော်ပုံကို ပြည်သူများ သတိမထားမိကြပါ။ ထိုသုံးရက်နေ့ကို ဦးဆောင်သူမှာ မထင်မရှား ကျောင်းသားခေါင်းဆောင် ဗထူးမောင်ဖြစ်သည်။ ဗထူးမောင်သည် ရန်ကုန်မြို့ကိုလှည့်ပတ်၍ အခြေအနေ၊ အခွင့်အရေးရသလို တရားဟောခဲ့ပါသည်။ ယခုနာမည်ကြီးနေသော ပေါ်ဦးထွန်း (ခ) မင်းကိုနိုင်သည် ရန်ကုန်မြို့ပတ်လှည့်လည်ပွဲ၌ ကျွန်တော်၊ သူရိန်နှင့်အတူ ပါဝင်ခဲ့ပါသည်။ ထိုစဉ်က တရားသူကြီးချုပ် ဦးတင်အောင်ဟိန်းက ပန်းဆိုးတန်းမှ ကျွန်တော်တို့အဖြတ်တွင် ရုံးပေါ်မှ လက်ပြနေသည်ကိုလည်း ကျွန်တော်မှတ်မိနေပါသည်။
ဤနေရာတွင် ကျွန်တော် ကြွားခြင်းမဟုတ်ပါ။ မှန်ရာကိုသာ ပြောပါသည်။ ‘ဒီမိုကရေစီ’ ဟူသောအသံမှာ သြဂုတ် ၃ ရက်နေ့မှစပါသည်။ ထိုနေ့က ကျွန်တော်တို့ လူထုတန်းကြီးသည် ကုန်သည်လမ်းရှိ အမေရိကန်သံရုံးရှေ့မှ ဖြတ်ပါသည်။ သံရုံးအဆောက်အအုံပေါ်မှ အမေရိကန်လူဖြူကြီးများက ကြည့်နေသည်ကို ကျွန်တော်တွေ့လိုက်ရသောအခါ မည်သို့ဖြစ်သွားသည် ကျွန်တော်မသိ။ ကျွန်တော့်စိတ်ထဲတွင် ဖျင်းကနဲဖြစ်သွားပြီး “ဒီမိုကရေစီ၊ ဒီမိုကရေစီ၊ ဒီမိုကရေစီ” ဟူ၍ ထအော်မိပါသည်။ ထိုမှလူထုကလည်း “ဒီမိုကရေစီ” ဟူ၍ ထပ်ကာထပ်ကာ အော်ကြပါသည်။ အမေရိကန်များလည်း သဘောကျသွားကြသလို ရှစ်လေးလုံး အရေးတော်ပုံကြီးအထိ ဒီုမိုကရေစီအသံမှာ ပဲ့တင်ညံသွားခဲ့ပါသည်။
ရောက်ပါပြီ ရှစ်လေးလုံးနေ့။ ကျွန်တော့်ခမျာ ဆူးလေဘုရားတစ်ဝိုက်၌ ယောင်ချာ ယောင်ချာ။ ဟောစတင်သတင်းကြားရပါပြီ။ ကမ်းနားလမ်း အလုပ်သမားများက စတင်သပိတ်မှောက်ကြပါပြီ။ ထို့ကြောင့် ‘ရှစ်လေးလုံးနေ့အစ အလုပ်သမားက’ ဟူ၍ ကျွန်တော်ပြောခြင်းဖြစ်ပါသည်။။ အစကို စောင့်ဆိုင်းနေကြသော လူထုကြီးကား ပူးတွဲစတင်ပါလေပြီ။ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်ပါ။ တစ်ကမ္ဘာလုံးတွင် တစ်နိုင်ငံလုံး သပိတ်မှောက်မှု စတင်သည့်နိုင်ငံသည် ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်း ရှိပါသည်ဆိုလျှင် မည်သူငြင်းရဲမည်နည်း။
ရှစ်လေးလုံးစိတ်ဓာတ်
ရှစ်လေးလုံးစိတ်ဓာတ်ဆိုသည်မှာ ‘အားလုံးညီညွတ်ခြင်း’ ကိုခေါ်ပါသည်။ “ငါ ရှစ်လေးလုံးမှာ စခဲ့တာကွ” ဟူ၍ မာန်မတက်သင့်ပါ။ ညီညွတ်သော ရှစ်လေးလုံးစိတ်ဓာတ် ရှိနေရပါမည်ဟူ၍ အကြံပေးလိုပါသည်။
၁၃၅၀ ပြည့် အရေးတော်ပုံ
ထူးခြားသည်ကား ၁၃၀၀ ပြည့် အရေးတော်ပုံဖြစ်ခဲ့သလို တိုက်ဆိုင်သည်ကား ရှစ်လေးလုံးသည် ၁၃၅၀ ပြည့်တွင်ဖြစ်ခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံ ခေါ်ခေါ် ၁၃၅၀ ပြည့် အရေးတော်ပုံ ခေါ်ခေါ် ပြဿနာမရှိပါ။ ရှစ်ဆယ့်ရှစ်အရေးအခင်းဟုခေါ်လျှင် ကျွန်တော် များစွာစိတ်ဆိုးပါသည်။ ရှစ်လေးလုံးသည် တစ်ပြည်လုံးပါဝင်ခဲ့သည့်အတွက် ‘အရေးအခင်း’ မဟုတ်ပါ။ ‘အရေးတော်ပုံ’ သာဖြစ်ပါသည်။ ပို၍ ကျွန်တော်စိတ်မကောင်း ဝမ်းနည်းခံစားရသည်မှာ ‘ရှစ်လေးလုံး အရေးတော်ပုံကြီး’ ကြောင့် ပေါ်ထွန်းဖြစ်ပေါ်လာသည့် ယခုအစိုးရသည် ရှစ်လေးလုံး အရေးတော်ပုံကြီးအခမ်းအနားကို အဘယ်ကြောင့် ဦးဆောင်ဦးရွက် မကျင်းပရလေသနည်း။ စဉ်းစား၍မရပါသနည်း။ လွန်စွာဝမ်းနည်းရပါလေသတည်း။ ထိုမျှသာတည်း။
■ Writer - ဗညိုထွန်း









