စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အနောက်ဘက်တံခါးက တိုင်းရင်းသားတွေအတွက် အာမခံချက်

စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အနောက်ဘက်တံခါးက တိုင်းရင်းသားတွေအတွက် အာမခံချက်
Published 6 August 2017

NLD အစိုးရတာဝန်ယူပြီး ခြောက်လကျော်အကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းမှာရှိတဲ့ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရနယ်မြေရုံးတွေကို RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်)အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နဲ့အတူ အနောက်ဘက်တံခါးရဲ့လုံခြုံရေးကို သွေးတိုးစမ်းတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်က မောင်တောနယ်စပ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို ဘင်္ဂါလီရွာသားတွေ အုပ်စုဖွဲ့လာရောက်ပြီး မီးရှို့တာတွေ၊ လူသတ်တာတွေ ဖြစ်ပွားခဲ့တာကနေစလို့ ရခိုင် ပြည်နယ်ရဲ့ လူမျိုးစုနှစ်စုရဲ့ ပဋိပက္ခမီးဟာ တဟုန်းဟုန်း တောက်လောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူမျိုးစုနှစ်စုရဲ့ပဋိပက္ခအဖြစ် ပြောဆိုခဲ့ကြပေမယ့် အခု NLD အစိုးရလက်ထက်မှာ ဖြစ်ပျက်နေတာတွေဟာ လူမျိုးစုနှစ်စုရဲ့ ပဋိပက္ခမဟုတ်တော့ဘဲ အစိုးရ လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်တာ၊ ဒေသခံတိုင်းရင်းသားတွေကို သတ်ဖြတ်တာတွေ ဖြစ်နေတာဟာ နယ်မြေလု စစ်ပွဲပုံစံ တစ်ကျော့ပြန်ဆင်နွှဲလာခြင်းလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်စဉ်တွေမှာ ဒေသခံရခိုင်တိုင်းရင်းသားတွေ အနေနဲ့ လက်ရှိလုံခြုံရေးဆောင်ရွက်ထားမှုတွေကို စိုးရိမ်ခဲ့ကြပြီး ကိုယ့်ရပ်ရွာ၊ ကိုယ့်မြေ၊ ကိုယ့်ရေမှာ လုံခြုံတယ်လို့ မခံစားရတော့ဘဲ နေရပ်စွန့်ခွာတာတွေ ဖြစ်လာခဲ့ပါတယ်။

သြဂုတ် ၃ ရက်က လတ်တလောဖြစ်စဉ် ဖြစ်တဲ့ မောင်တောမြို့နယ်တောင်ပိုင်းက ကိုင်းကြီးကျေးရွာမှာနေထိုင်ကြတဲ့ အပြစ်မဲ့ မြိုတိုင်းရင်းသား ရှစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဟာ ဒေသခံတိုင်းရင်းသားတွေကို ပိုမို ချောက်ချားသွားစေခဲ့ပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ မြင်မကောင်းစရာ ဓာတ်ပုံတွေဟာ သွေးပျက်ဖွယ်ပါပဲ။

လက်ရှိအနေအထားမှာ အသက်အန္တရာယ် မလုံခြုံတော့ဘူးလို့ ယူဆလာတဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေဟာ ရွာလုံးကျွတ်ပြောင်းရွှေ့တာတွေ တစ်ဖန်ပြန်ပြီး ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ဒါတွေဟာ ဘာအတွက် ဖြစ်လာခဲ့တာလဲ။ ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဒီမတိုင်ခင်ကလည်း တောထဲကို ဟင်းရှာ ငါးရှာသွားတဲ့ ရခိုင်တိုင်းရင်းသားတွေ သတ်ဖြတ်ခံခဲ့ရတာရှိပါတယ်။ ပထမ လုံခြုံရေးစခန်းတွေကို တိုက်ခိုက်တယ်။ အဲဒီနောက်ပိုင်း လုံခြုံရေးနဲ့နီးစပ်တဲ့သူတွေ သတ်ဖြတ်ခံလာရတယ်။ အခု တိုင်းရင်းသားတွေ သတ်ဖြတ်ခံလာရပြန်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ဖြစ်စဉ် နောက်ပိုင်းမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ မောင်တောနယ်စပ်က ဒေသခံတိုင်းရင်းသား ၁၄ ဦးထက်မနည်း အသတ်ခံခဲ့ရပြီးတော့ ပျောက်ဆုံးသူ နှစ်ဦးရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မတိုင်ခင် မေ ၉ ရက်ကလည်း မောင်တောမြို့နယ် နတ်ချောင်းအုပ်စု သံဖြာမြိုရွာက ကိုယ်ပိုင်ဝါးစိုက်ခင်းမှာ ဘင်္ဂါလီ ၂၀ ခန့်က ဝင်ရောက်ဝါးခိုးခုတ်နေတာကို ဟန့်တားသူ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ ရွာသားတစ်ဦးကို ဘင်္ဂါလီတွေက ဝိုင်းခုတ်လို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင် (နတလ) ကျေးရွာသား ခမီးလူမျိုးနှစ်ဦးဟာ မေယုတောင်ထဲကို ဟင်းစားငါးရှာသွားရင်း တောထဲမှာတွေ့တဲ့ အကြမ်းဖက်သမားသုံးဦး က သူတို့ကို ဓား၊ ပုဆိန်တို့နဲ့ ခုတ်သတ်ခဲ့လို့ တစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဖေဖော်ဝါရီ ၂၄ ရက်က ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်အောက်တိုဘာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၂ ရက်က မောင်တောမြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာကနေ ရွက်ညိုတောင်ကျေးရွာကို ဆိုင်ကယ်နဲ့ပြန်သွားစဉ် လမ်းမှာပျောက်ဆုံးသွားတာ ဒီကနေ့အထိ ပြန်ရှာမတွေ့တော့ပါဘူး။ ဇူလိုင်လကုန်ပိုင်းနဲ့ သြဂုတ်လဆန်းမှာ မေယုတောင်ပေါ်တက် ခရုရှာ တောင်ယာသွား တိုင်းရင်းသားတွေ သတ်ဖြတ်ခံလာရပါတယ်။ ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာနေ ဦးသန်းဌေး ၃၇ နှစ်ဟာ ဇူလိုင် ၂၇ ရက်ကတည်းက မေယုတောင်အနီး ခရုကောက်သွားရာမှ ပျောက်ဆုံးနေတဲ့ဟာ အခုထိ ရှာမတွေ့သေးပါဘူး။

ဒါတွေကြောင့် တိုင်းရင်းသားတွေ လက်ရှိလုံခြုံရေးကို စိတ်မချတော့ပါဘူး။ ထပ်ပြီး စိုးရိမ်စရာဖြစ်လာတာကတော့ ၂၀၁၇ ခုနှစ် ဇွန် ၂၀ ရက်က ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်မှာ အကြမ်းဖက် ခိုအောင်းမှုတွေ ရှိနေတယ်လို့ အစိုးရက အခိုင်အမာ ထုတ်ပြန်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းတဲ့အခါမှာ လိုဏ်ခေါင်းတစ်ခု၊ သေနတ်တွေ၊ လူနေတဲ၊ ဂိုဒေါင်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိပြီး ဓားနဲ့ရန်ပြုသူနှစ်ဦးနဲ့ ပြန်လည်တိုက်ခိုက်သူတစ်ဦး စုစုပေါင်းသုံးဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီကနေ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက နေ့စဉ်ရက်ဆက် မောင်တောဖြစ်စဉ်တွေကို သတင်းထုတ်ပြန်နေပါတယ်။ အဲဒီထုတ်ပြန်ချက်တွေမှာ အစွန်းရောက်အကြမ်းဖက်သမားတွေလို့သာပါပြီး အဖွဲ့အစည်းရဲ့နာမည်ကို သေသေချာချာ မဖော်ပြတာကို ပြည်သူတွေ အားမလိုအားမရ ဖြစ်နေကြပါတယ်။ ဒါကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို မေးမြန်းတဲ့အခါ RSO နဲ့ ARSA အဖွဲ့ဖြစ်တယ်လို့ ပြောပါတယ်။ ARSA အဖွဲ့ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဆောင်ရွက်ခဲ့တဲ့ Aqa Mul Mujahidin - AMM  အဖွဲ့နဲ့ Rohingya National Security Committee - RNSA အဖွဲ့တို့က ၂၀၁၇ မတ် ၁၅ ရက် က ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်ရေးတာ ဝန်ခံအနေနဲ့ AMM အဖွဲ့မှ ဟာဗစ်ဒူဟာ တာဝန်ယူတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

Arakan Rohigya Salvation Army(ARSA) အဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီဂျီရာဘူရာမန်ကို ကျွန်းဂေါကျေးရွာနေ အိမ်မှာ ဇွန် ၂၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖမ်းမိခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက်က မေယုတောင်ထဲကို ခရုရှာသွားရင်း ပျောက်ဆုံးနေသူကို လုံခြုံရေးတပ်မတော်စစ်ကြောင်းနဲ့ တပ်ဖွဲ့ဝင်တွေ၊ ကျေးရွာသားတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၃၀ ရက်က မေယုတောင်မှာ လိုက်လံရှာဖွေရာမှာ ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ မသင်္ကာဖွယ်ရာတဲတွေမှာ WFP က ထောက်ပံ့တဲ့ High Energy Biscuits မုန့်ထုပ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပြည်သူကိုထောက်ပံ့ထားတဲ့ပစ္စည်းတွေကို တွေ့ရှိခဲ့ရပါတယ်။

“မေယုတောင်ပေါ်မှာတွေ့ရတဲ့ အကြမ်းဖက်သမားတွေရဲ့ ခိုလှုံရာတဲတွေမှာ တွေ့ရတဲ့ပစ္စည်းတွေဟာ နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး ပစ္စည်းတွေဖြစ်နေတယ်။ နိုင်ငံတကာက ထောက်ပံ့ရေးစ္စည်းတွေဟာ မရောက်သင့်တဲ့ နေရာကို ရောက်နေတယ်။ သူတို့က အကြောင်းပြချက်အမျိုးမျိုး ပေးနိုင်တယ်။ ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်း စာနာရေးပစ္စည်းတွေဟာ အကြမ်းဖက်သမားတွေ လက်ထဲကို ရောက်နေတယ် ဆိုတာကို လုံး၀ ငြင်းလို့မရဘူးဆိုတာတော့ သေချာတယ်လို့ ပြောချင်တယ်။ ဒီပစ္စည်းတွေ အကြမ်းဖက်သမားတွေဆီကို ဘယ်လို ရောက်ရှိသွားသလဲဆိုတာကို ပြည်ထောင်စုအစိုးရအနေနဲ့ အသေအချာ စိစစ်ဖော်ထုတ် ပေးသင့်တယ်” လို့ စစ်တွေဒေသခံ ဦးသန်းထွန်းက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က “ကျွန်တော်တို့စစ်ကြောင်းက ဇူလိုင် ၃၀ ရက်က သွားရောက်ရှင်းလင်းတဲ့ အခါ ကျွန်တော်တို့ မြေပြင်မှာဆောင်ရွက်ခဲ့တာကို စစ်သည်တပ်ဖွဲ့ဝင်များ ဆောင်ရွက်ခဲ့တာကို ဓာတ်ပုံအားလုံးနဲ့ သက်ဆိုင်ရာဌာနကို တင်ပြပြီးဖြစ်ပါတယ်။ ဒါတွေဟာဆိုရင် ခုနကပြောသလို ဆန်ငါးအိတ်၊ ဆီငါးပိဿာ၊ မိုးကာအပြာ အသစ်တစ်လိပ်၊ ကော်ဖီမစ်၊ ဘီစကစ်၊ ဒန်အိုး၊ နိုင်လွန်ကြိုး ဒါတွေ အစုံရှိပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေကို နိုင်ငံတကာ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုအဖွဲ့ တွေက ကူညီထောက်ပံ့နေသလား၊ တိုက်ရိုက်ပံ့ပိုးနေသလား ဒါကတော့ ပြောရ အင်မတန် ခက်ပါတယ်” လို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ် ကျေးရွာသုံးရွာမှ ဒေသခံများ လုံခြုံရေးစခန်းရှိသော စေတီပြင်ကျေးရွာသို့ ပြောင်းရွှေ့နေကြစဉ်

 

■ ရွာလုံးကျွတ် နေရပ်စွန့်ခွာမှုတွေရှိလာခဲ့

 

သြဂုတ် ၃ ရက်က မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာသားရှစ်ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပြီးနောက်တစ်နေ့ သြဂုတ်  ၄ ရက်က ရသေ့တောင်မြို့နယ် အောက်နန်းရာရွာမှာ RSO အကြမ်းဖက်အဖွဲ့နဲ့ဆက်စပ်သူတွေကို သွားရောက်ဖမ်းဆီးတဲ့ နယ်ခြားစောင့်ရဲတွေကို ဘင်္ဂါလီရွာသား ၆၀၀ ခန့်က ဝိုင်းဝန်း တရားခံ လုယက်မှုဖြစ်ပွားပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာပါတယ်။

“ဒေသခံ ရခိုင်ကျေးရွာသားတွေက စိုးရိမ်မှု အထူးမြင့်တက်လာတာကြောင့် အခုဆိုရင် ရသေ့တောင်မြို့နယ်ထဲက ချွတ်ပြင်ကျေးရွာ၊ ပြင်ရှည်ကျေးရွာနဲ့ ပိတောက်မြိုင်ကျေးရွာတို့က စုစုပေါင်း အိမ်ထောင်စု ၁၀၀ နီးပါးခန့်ဟာ စေတီကျေးရွာကို ပြောင်းရွှေ့လာနေကြပြီး တခြားကျေးရွာသားတွေကလည်း တစ်စတစ်စ ဆွေမျိုးတွေရှိတဲ့ လုံခြုံတဲ့ နေရာတွေကို ပြောင်းနေကြတာ တွေ့ရတယ်။ နောက်ပြီး ဘူးသီးတောင်မြို့နယ်ထဲကဆို ရင် ပေါက်တော၊ အတွင်းပြင်ဘက်က ဒေသခံတွေကလည်း ရစိုးချောင်းဘက်ကို ပြောင်းနေတယ်လို့သိရတယ်။ အားလုံး နီးစပ်ရာ ဆွေမျိုးတွေရှိတဲ့နေရာကို စတင်ပြောင်းနေကြတာဖြစ်ပါတယ်။ ဒါဟာ လုံခြုံရေးစိတ်မချရလို့၊ ပြည်သူတွေကို ကာကွယ်ပေးနိုင်တဲ့ လုံခြုံရေးမရှိလို့ ပြည်သူတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့လုံခြုံရေးစီမံခန့်ခွဲမှုဟာ စိတ်ပျက်စရာပါပဲ”  လို့ ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်က ပြောပါတယ်။

ဒေသအနေအထားက အင်မတန်စိုးရိမ်စရာ ကောင်းလာပြီး ကျေးရွာသားတွေဟာ ရွာပြင်ထွက်အလုပ်လုပ်ဖို့ကို မဝံ့မရဲဖြစ်လာကြပါတော့တယ်။ လုံခြုံရေးမချထားပေးတဲ့ ကျေးရွာတွေမှာ ကိုယ်တိုင်ကင်းစောင့်နေကြရပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ထားတာတွေ လုပ်လာကြတာဖြစ်ပါတယ်။

 

■ ဒေသခံတိုင်းရင်းသား ပြည်သူတွေ ဘာလိုအပ်သလဲ

ကိုင်းကြီးကျေးရွာက အကြမ်းဖက်သမားတွေ သေနတ်နဲ့ပစ် ဓားနဲ့ခုတ်ပြီး သတ်ဖြတ်ခံခဲ့ရပြီး ကိုယ်ဝန်လေးလလွယ်ပြီး သေဆုံးခဲ့ရတဲ့ မတုန်းဝေးရဲ့ ခင်ပွန်းကိုအောင်လှိုင်ဝင်းက “ကျွန်တော့်အမျိုးသမီး ပျောက်ဆုံးနေတာကို ရွာသားတွေနဲ့အတူ ဒီကနေ့နံနက် ၈ နာရီခွဲကစလို့ ရှာခဲ့တာ။ မွန်းလွဲ ၁၂ နာရီခွဲအချိန်မှာ ကိုင်းကြီးရွာမြောက်ပိုင်း ချောင်းထဲမှာ ဆံပင် သစ်ပင်မှာငြိပြီးတော့ တွေ့ပါတယ်။ ကျွန်တော့်အမျိုးသမီးမှာ ကိုယ်ဝန် လေးလရှိပါတယ်။ ကျွန်တော် ခံစားနေရတာကို မပြောတတ်ပါဘူး။ ကျွန်တော်တို့က မောင်တောမြောက်ပိုင်း ရွှေတိုင်ရွာကနေ ကိုင်းကြီးရွာကိုပြောင်းလာတာ လေးလလောက်ပဲ ရှိပါသေးတယ်။ ကျွန်တော်က ရွာက ကလေးတွေကို စာသင်ပါတယ်။ ရွာခန့် ကျောင်းဆရာပါ။ ကျွန်တော့်အမျိုးသမီးက တောင်ယာမှာ ပေါင်းခုတ်ပါတယ်။ အခု တောင်ယာသွားတုန်း အကြမ်းဖက်တွေ သတ်သွားတာပါ။ လည်ပင်းကို လှီးထားတယ်။ ရင်ဘတ်မှာ သေနတ်ဒဏ်ရာ ပါတယ်။ ခေါင်းမှာ ဓားခုတ်ဒဏ်ရာ ပါတယ်။ လုံချည်မရှိတော့ဘူး။ ကျွန်တော်အစိုးရကို ပြောချင်တာက ကျွန်တော့်အမျိုးသမီးလို တောတောင်မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ရွာသားတွေ နောက်ထပ် အခုလို ရက်ရက်စက်စက် သတ်ဖြတ်မခံရအောင် လုံခြုံရေး စောင့်ရှောက်ပေးပါလို့ ပြောချင်ပါတယ်” လို့မချိတင်ကဲ ခံစားချက်နဲ့ မျက်ရည်ဝဲလျက် ပြောပါတယ်။ လက်ရှိ လုံခြုံရေး အစီအမံတွေကို ပြန်လည်သုံးသပ်ရမယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက “ကျွန်တော် နေရပ်စွန့်ခွာသူတွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့က စိုးရိမ်ကြောင့်ကြမှုက အပြည့်ပါပဲ။ သူတို့က အခုရှိနေတဲ့ လုံခြုံရေးကို အားမရဘူး။ အခုရှိနေတဲ့ လုံခြုံ ရေးထက် ပိုပြီးမလုပ်ပေးရင်သူတို့ ကိုယ့်နေရပ်ကို ပြန်နိုင်တော့မှာမဟုတ်ဘူး။ အဓိကကတော့လုံခြုံရေးပဲ။ အခု စေတီပြင်ရွာကို လာကြတယ်။ အပြင်မှာရှိတဲ့ လယ်တွေ၊ နွားတွေ၊ ကျွဲတွေကို အကုန်လုံး သူတို့ထားခဲ့ရတယ်။ အဲဒါကြောင့်သူတို့ရဲ့ လိုအပ်ချက်က လုံခြုံရေးပဲ။ လောလောဆယ်လည်း လုံခြုံရေးပဲ နောက်လည်းလုံခြုံရေးပဲ။ နောက်တစ်ခုက ဒီလုံခြုံရေးနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ လွှတ်တော်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ပြောတာများပြီ။ ပြီးခဲ့ တဲ့လကလည်း လွှတ်တော်အစည်းအဝေးအတွင်းမှာ ဘူးသီးတောင်မြို့က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က အဆိုတစ်ခု တင်ခဲ့တယ်။ အဆိုရဲ့သဘောကတော့ အခု ဒေသခံတွေက မလုံခြုံတော့ဘူး။ အဲဒါ ကြောင့် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေးအစီအမံကို လုပ်ပေးပါဆိုပြီး အဆိုတင်ခဲ့တယ်။အဲဒီအဆိုလည်းလွှတ်တော်ထဲမှာ ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့တယ်။ အစိုးရကလည်း ဒီအဆိုနဲ့ပတ်သက်ပြီးတော့ ပြည်ထောင်စုအစိုးရကို တင်ပြပြီးပြီလို့ ကျွန်တော်တို့ကို အကြောင်းကြားတယ်။ အဲဒီလို ဒီဟာမျိုး မကြာသောကာလမှာ ဒီလိုဖြစ်မယ်ဆိုတာ တွေးပြီးသား။ လွှတ်တော်ပိုင်းကလည်း လုပ်စရာရှိတာကို လုပ်ပြီးသား။ သို့သော် အစိုးရမှာ အခက်အခဲ ရှိတယ်ဆိုတာကို ကျွန်တော် သဘောပေါက်တယ်။ ဒါပေမဲ့ ဒီနေရာမှာ တော်တော်လည်းနောက်ကျတယ်။ လုံခြုံရေးအစီအမံတွေကို ပြန်ပြီးသုံးသပ်ရမယ်။ တကယ်လို့များ အခုလိုလုံခြုံရေးမျိုးနဲ့ဆိုရင် ကျွန်တော်တို့လူတွေဟာ စိတ်လုံခြုံမှုမရနိုင်ဘူး။ စိတ်လုံခြုံမှု မရနိုင်တဲ့အတွက် ဒေသကိုစွန့်ခွာမယ်။ အဲဒီလို တစ်စတစ်စ စွန့်ခွာလာရင် ကျွန်တော်တို့ နယ်မြေဆုံးရှုံးတဲ့အထိဖြစ်သွားမယ်။ တကယ်လို့များ နယ်မြေအစိတ်အပိုင်းတစ်ခု ဆုံးရှုံးသွားပြီဆိုရင် ဒီနေရာကို ပြန်ပြီး ရဖို့ဆိုတာ မလွယ်တော့ဘူး။ ကျွန်တော်တို့ အများကြီး ပေးဆပ်ရလိမ့်မယ်။ အဲဒါကြောင့် ပြောရရင် လုံခြုံရေးနဲ့ပတ်သက်လို့လည်း ဒီယာယီ စွန့်ခွာလာကြတဲ့ပြည်သူတွေက လုံခြုံရေးကိုပဲ တောင်းဆိုကြပါတယ်။ စားရေး သောက်ရေး မဟုတ်ပါဘူး” လို့ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်သမားတွေက အခုလို ဒေသခံ တိုင်းရင်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်လာတဲ့အခါ  အစိုးရမှာရော လွှတ်တော်မှာရော တာဝန်ရှိလာပြီးတော့ နောက်ထပ်ဒီလိုမဖြစ်အောင် ကြိုးစား ဆောင်ရွက်ပေးရမယ်လို့လည်းပြောပါတယ်။

“အခုလည်း ကျွန်တော်တို့မျိုးနွယ်စုထဲက တစ်ချိန်တည်းမှာပဲ လူရှစ်ဦးသေဆုံးသွားတယ်။ ဒါဟာ တကယ်ကြောက်စရာကောင်းပါတယ်။ လုပ်တဲ့သူတွေကလည်း တကယ့်ကို နည်းလမ်းတကျ ဆောင်ရွက်လာတာ။ ပထမ သူတို့က လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်ခိုက်တယ်။ ကျွန်တော်တို့ပြည်သူတွေကို မလုပ်သေးဘူး။ နောက်ပိုင်းမှာ တစ်စတစ်စ တစ်ယောက်စ နှစ်ယောက်စကို လုပ်လာတယ်။ ခရုကောက်ရင်း သေဆုံးရတယ်။ တောထဲကို တစ်ခုခုရှာဖို့သွားရင်း သေရတယ်။ အခု အေးအေးဆေးဆေး ကိုယ့်လယ်ယာကို လုပ်နေတဲ့ဟာကို တစ်ပြိုင်တည်း လူရှစ်ယောက် မရှုမလှ သေဆုံးသွားရတယ်။ အဲဒါတစ်ဖက်ကကြည့်လိုက်ရင် တကယ့်ကို အစီအမံနဲ့လုပ်တာ။ ဒီဒေသမှာဒီရွာတွေမှာ ဒီလူတွေမနေနိုင်အောင် ခြိမ်းခြောက်တာ။ ဘာကြောင့် ခြိမ်းခြောက်လဲ။ ဒါနယ်မြေလုတာပဲ။ ကျွန်တော်တို့နယ်မြေမှာ တရားမဝင် အကြမ်းဖက်သမားတွေက လာပြီးတော့ အဲဒီလို စော်ကားတာဟာ အစိုးရအနေနဲ့ရော ကျွန်တော်တို့လွှတ်တော်အနေနဲ့ရော တစ်ဖက်ကကြည့်ရင် ရင်နာစရာ၊ ရှက်စရာဖြစ်တယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်လို့ ယူဆတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ရှိတယ်။ နောက်ထပ်ဒီလို မဖြစ်အောင် ကျွန်တော်တို့ အများကြီးကြိုးစားရမယ်” လို့ ရခိုင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

လက်ရှိမောင်တောနယ်စပ်မှာ တိုင်းရင်းသားတွေ ခပ်စိတ်စိတ် သတ်ဖြတ်ခံလာရတာနဲ့ ပတ်သက်လို့ ပြည်သူတွေဟာ ပြစ်တင်ဝေဖန်တာတွေ တိုးပွားလာလျက်ရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေဟာ အင်မတန် နက်နဲသိမ်မွေ့တဲ့ အနေအထားဖြစ်ပြီးတော့ အစိုးရအနေနဲ့ လုံခြုံရေးကို ကာကွယ်ရေးအပိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေရတဲ့ အနေအထားရှိတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက “ပြည်သူတွေ အဓိကလိုအပ်ချက်က လုံခြုံရေးပါပဲ။

အခု ပြည်သူတွေက တင်ပြလာတဲ့အပေါ်မှာပဲ ဆောင်ရွက်ပေးခဲ့ပါတယ်။ သူတို့နေရပ် ပြန်ချင်တယ်ဆိုရင် လုံခြုံရေးတွေ ဆောင်ရွက်ပေးဖို့ကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပါတယ်။ လုံခြုံရေးဆိုတာကလည်း ပြည်စုံတယ်လို့တော့ ဘယ်ရှိနိုင်မလဲ။ ဒါပေမဲ့ ပြည်သူတွေ လိုအပ်ချက်အပေါ်မှာ ကျွန်တော်တို့ အစိုးရဘက်က တတ်နိုင်သလောက် ဖြည့်ဆည်းပေးနေပါတယ်။ နောက်ရခိုင်ကိစ္စဟာ  အင်မတန်သိမ်မွေ့နက်နဲတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့ လုံခြုံရေးကို ကာကွယ်ရေးအပိုင်းနဲ့

ညှိနှိုင်းဆောင်ရွက်ပေးရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ လုံခြုံဖို့ကို တတ်နိုင်သလောက် ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။

 

ရသေ့တောင်မြို့နယ် ကျေးရွာသုံးရွာမှ ဒေသခံများ လုံခြုံရေးစခန်းရှိသော စေတီပြင်ကျေးရွာသို့ ပြောင်းရွှေ့နေကြစဉ်

 

■ မောင်တောနယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ထား

ပြည်နယ်အစိုးရကတော့ မောင်တောနယ်စပ်မှာ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ဆို ပါတယ်။

“မေယုတောင်တန်းရဲ့ အနောက်ဘက် ခြမ်းနဲ့ နတ်မြစ်ရဲ့ အရှေ့ဘက်ခြမ်းမှာ တပ်မတော်စစ်ကြောင်းများ၊ နယ်ခြားစောင့်ကွပ်ကဲမှု အဖွဲ့များနဲ့ နယ်ခြေခံရဲတပ်ဖွဲ့များစတဲ့ လုံ ခြုံရေးတပ်ဖွဲ့များအပြင် လဝက၊ အကောက်ခွန်၊ အထူးစုံစမ်းရေးအဖွဲ့၊ မှုခင်းတပ်ဖွဲ့နဲ့ သတင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ပိုမိုအင်အား တိုးချဲ့ပြီး ဆောင်ရွက်လျက်ရှိပါတယ်။သတင်းရရှိဖို့အတွက် နယ်မြေအလိုက် ပိုင်းခြား သတ်မှတ်ပြီးတော့ နယ်မြေမှူးက ဦးစီး ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လဲနေ့စဉ်သတင်းများရရှိပြီးတော့ နည်းလမ်းပေါင်းစုံနဲ့ ရန်သူ့သတင်းစုံစမ်းတယ်။ ဘီဒီပြေး၊ တရားခံပြေး၊ အကြမ်းဖက်သမားနဲ့ မူးယစ် သတင်းတွေကို စုံစမ်းရရှိပြီးတော့ လိုအပ်ရင် နယ်မြေရှင်းလင်းပြီး ဖော်ထုတ်ဖမ်းဆီး ရမိရေး ဆောင်ရွက်ပါတယ်။ ဇွန် ၁ ရက် မှ ဇူလိုင် ၂၇ ရက်အထိ ဘီဒီပြေး ၁၀ ဦး၊ တရားခံပြေး ၂၄ ဦး၊ မတရားအသင်း ဖမ်းဆီး ရမိသူ တရားခံ ၂၄ ဦး ၊ ကွင်းဆက် မသင်္ကာသူ ၄၄ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်” လို့  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ပြောပါတယ်။

ဒါ့အပြင် ဒေသတွင်း ဘင်္ဂါလီကျေးရွာတွေမှာ လက်လုပ်မိုင်းလုပ်ရင်း ပေါက်ကွဲမှုဖြစ်စဉ်တွေ ဖြစ်ပေါ်လာပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း ငါးစားကြီးကျေးရွာအနီး မောင်တော-ကြိမ်ချောင်းကားလမ်း အနောက်ဘက် ကိုက် ၁၀၀ ခန့်အကွာ လယ်ကွင်းမှာ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက အကြမ်းဖက်သမားတွေထောင်ထားတဲ့ မိုင်းတစ်လုံး ပေါက်ကွဲလို့ လယ်သမား ဘင်္ဂါလီသုံးဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်နဲ့  သြဂုတ် ၁ ရက် မွန်းလွဲ၂ နာရီ ၄၅ မိနစ်မှာ မောင်တောမြို့နယ် နယ်မြေ (၇) ပန်းတော ပြင်ကျေးရွာအုပ်စုအနောက်ရွာရှိ အိမ်ထောင်စုအမှတ် (၉၈) နေအိမ်ပိုင်ရှင် မဒီလ်ပါးလ် (၆၀ နှစ်) ရဲ့နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ပွား ခဲ့ပြီးတော့ အစွန်းရောက်အကြမ်းဖက်သမားများ လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်သည်ဟု ယူဆရတယ်လို့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

 

■ စိန်ခေါ်မှုတွေကိုဖြေရှင်းဖို့ အစိုးရနည်းလမ်းရှာ

ရခိုင်ပြည်နယ်အရေးကိစ္စတွေကိုအကြံ ပြုနိုင်ဖို့အတွက် အောက်တိုဘာ အကြမ်းဖက်မှုများမဖြစ်မီ တစ်လအလိုမှာ ရခိုင်ပြည်နယ် အရေးကိစ္စ စိန်ခေါ်မှုများကိုဖြေရှင်းဖို့ နည်းလမ်းရှာတဲ့အနေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လမ်းညွှန်မှုနဲ့ မြန်မာအစိုးရနဲ့ ကိုဖီအာနန်ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကိုဖီအာနန်အပါအဝင် နိုင်ငံတကာ အဖွဲ့ဝင်သုံးဦးနဲ့ ပြည်တွင်းအဖွဲ့ဝင် ခြောက်ဦး စုစုပေါင်း ကိုးဦးနဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၅ ရက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဘင်္ဂါလီများဘက်ကိုသာ ရပ်တည်ပြီး အစီရင်ခံစာ ရေးသားလာနိုင်တာ စတဲ့စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဒေသခံရခိုင်တိုင်းရင်းသားများ၊ ရခိုင်လူမှုအဖွဲ့အစည်းများက ကော်မရှင်အား အလိုမရှိကြောင်း ကန့်ကွက်ခဲ့တဲ့အပြင် ရခိုင်အမျိုးသားပါတီက  ကော်မရှင်အား မဖွဲ့သင့်ကြောင်း လွှတ်တော်တွင်းမှာပါ အဆိုတင် သွင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး အချို့နိုင်ငံရေးပါတီတွေ၊ အမျိုးသားရေးအင်အားစုတွေက ကော်မရှင်မဖွဲ့ဖို့၊ ဖွဲ့မယ်ဆိုရင်လည်း ပြည်တွင်းက လူများနှင့်သာဖွဲ့ဖို့ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စဟာ နိုင်ငံတကာ ဖိအားနဲ့ ပါဝင်ပတ်သက်မှုများရှိနေလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ကိုဖီအာနန်ဦးဆောင်တဲ့ ပြည်ပပညာရှင် ထည့်သွင်းရခြင်းဖြစ်ပြီး သူတို့ရဲ့လုပ်ပိုင် ခွင့်ဟာအကြံပေးရုံသာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေဘက်က ရှင်းလင်းခဲ့ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကိုဖီအာနန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ ဦးဆောင်ခိုင်းခြင်းဟာ နိုင်ငံတကာနဲ့ ပြောဆိုရာမှဖိအားလျော့စေဖို့ ထွက်ပေါက် လုပ်ထားတာဖြစ်တဲ့အတွက် လုပ်ဆောင်ချက်အပေါ် ထောက်ခံသူများလည်း တစ်ဖက်မှာရှိနေပေမယ့် ရခိုင်တိုင်းရင်းသားအများစုကတော့ ကိုဖီအာနန်ကော်မရှင်အပေါ်သံသယ ရှိနေဆဲပါပဲ။ အမှန်က နိုင်ငံတကာက ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းတွေပဲဖြစ် ဖြစ် ရခိုင်အရေးမှာ ဘင်္ဂါလီတွေဘက်ကအမြဲရပ်တည်ခဲ့ပါတယ်။ လူ့အခွင့်အရေး အစီရင်ခံစာတင်သွားသူ မစ္စတာကန်တားနား၊ သူ့နောက်မှာ မစ္စယန်ဟီးလီ။ သူတို့ဟာ မြေပြင် အခြေအနေကို အကြိမ်ကြိမ်ကွင်းဆင်းလေ့လာခွင့်ရခဲ့တဲ့ သူတွေပါ။ ဒါပေမဲ့သူတို့အစီရင်ခံစာဟာ မျှတမှုမရှိခဲ့ပါဘူး။ အနောက်ဘက်တံခါးဟာ တရားဥပဒေစိုးမိုးမှု ကင်းလွတ်သွားတဲ့ နယ်မြေဖြစ်ခဲ့ပြီလား။ ဘူးသီးတောင်၊ မောင် တောနဲ့  ရသေ့တောင်ဒေသ အကြမ်းဖက်ခံရမှုနဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို လေ့လာစုံစမ်းခဲ့တဲ့ ကော်မတီက ဇူလိုင် ၁၄ ရက်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ တရားဥပဒေစိုးမိုးမှုကင်းလွတ်နေတဲ့ ဒေသတွေ မောင်တောခရိုင်အတွင်း ဖြစ်ပေါ်နေတယ်ဆိုတဲ့ အချက်တစ်ချက် ပါဝင်ခဲ့ပြီးတော့ တရားဥပဒေ စိုးမိုးမှုကင်းလွတ်နေတဲ့အတွက် အကြမ်းဖက်မှု အားကောင်းလာနေတယ်လို့လည်း သုံးသပ်တင်ပြထားပါတယ်။

 

■ အကြမ်းဖက်မှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ဒေသခံ တိုင်းရင်းသားတွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့တောင်းဆို

ဒီလို အကြမ်းဖက်အန္တရာယ်ကနေ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ဖို့အတွက် လက်နက်တွေလိုတယ်လို့ ဒေသခံတွေက တင်ပြခဲ့တာတွေ အမြဲရှိပါတယ်။ ဒါပေမဲ့ အစိုးရကနေ အကောင်အထည်ဖော်ပေးတာ အားနည်းပါတယ်။ မေယုဒေသအတွင်း နယ်မြေလု ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှုအန္တရာယ်ကို ကာကွယ်နိုင်ဖို့  ဒေသခံ တိုင်းရင်းသားတွေကို  ပြည်သူ့စစ်ဖွဲ့ပြီး အဆင့်မီလက်နက်တွေတပ်ဆင်ပေးဖို့  အချက်အပါအဝင် အချက် ခုနစ်ချက်ကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် (မေယုဒေသ) ရေရှည်တည်တံ့ရေးအတွက် ဇူလိုင် ၆ ရက်ကပြုလုပ်တဲ့ လူထုအစည်းအဝေးကနေ တောင်းဆိုခဲ့ပါတယ်။

“ဒေသခံတို့ရဲ့ တောင်းဆိုချက်တွေကို လုပ်ပေးသင့်တာကို လုပ်ပေးတယ်ဆိုတာထက် မဖြစ်မနေ လုပ်ပေးဖို့ကို ဦးဇင်းတို့ လိုလားပါတယ်။ ဒီနေရာမှာ လုံခြုံရေးက ဘယ်လိုကွပ်ကဲရမလဲ၊ လုံခြုံရေးက ဘယ်လောက် လိုမလဲဆိုတာကို တွက်ချက်ပြီးတော့ တကယ့်ကို နိုင်ငံတော်က မားမားမတ်မတ် အမှန်တကယ် လုပ်ရမယ့် တာဝန်ရှိတယ်လို့ မြင်ပါတယ်။ အခု ရခိုင်တိုင်းရင်းသားတွေအပါအဝင် တိုင်းရင်းသားတွေက ဘယ်လိုသံသယဝင်နေလဲဆိုတော့ ဒီဘူးသီးတောင် မောင်တောမှာဖြစ်နေတဲ့ ပြဿနာဟာ တစ်နှစ်မဟုတ် နှစ်နှစ်မဟုတ် ဖြစ်နေတာဟာ ဒီဥစ္စာက တမင်တကာ ဖန်တီးနေသလား ဒါမှမဟုတ် ဘယ်လိုဖြစ်နေတာလဲဆိုတာကို လူတွေကလည်း သံသယကြီးကြီးနဲ့ကြည့်နေကြတာပေါ့။ နောက်တစ်ခုက တိုင်းရင်းသားတွေက ခံစားနေရပါတယ်။ တိုင်းရင်းသားတွေက ပေါက်ဖွားမှုနည်းပြီးတော့ ဘင်္ဂါလီတွေက ပေါက်ဖွားမှုများတော့ ဒီဥစ္စာကို နိုင်ငံတော်အစိုးရက မကိုင်တွယ်ဘူးဆိုရင် နောင်အခါမှ တကယ့်အန္တရာယ် ကျရောက်နိုင်တယ်ဆိုတာကို ပြောချင်ပါတယ်” လို့ ဘူးသီးတောင်မြို့နယ်မှ ဦးဝါသဝက မိန့်ကြားခဲ့ပါတယ်။

မောင်တောဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွေမှာလုပ်နေတဲ့ ဦးချစ်မြက “အခုလို အကြမ်းဖက်တိုက်ခိုက်တာ၊ လူသတ်တာတွေ ဆက်တိုက်ဖြစ်နေတာနဲ့ပတ်သက်လို့ ဒေသခံတိုင်းရင်းသားတွေဟာ နယ်မြေစွန့်ခွာတာတွေ ဖြစ်ပေါ်နေတာရဲ့ နံပါတ် (၁) တာဝန်ရှိသူက တပ်မတော်ပါပဲ။ နံပါတ် (၂) က အစိုးရဖြစ်တယ်။ ရခိုင်ပြည်သူတွေဟာလည်း တတိယတာဝန်ရှိတယ်။ ရခိုင်ပြည်သူတွေဟာ ထိရောက်တဲ့ တောင်းဆိုမှုတွေကို မလုပ်နိုင်သေးဘူး။ အစိုးရကို အားကိုးမရရင် သက်ဆိုင်ရာ ကျေးရွာအုပ်စုအလိုက်၊ အမျိုးသားစိတ်ရေးရှိသည့် ကာကွယ်ရေး အဖွဲ့အစည်းတွေလို ဖွဲ့ကြရလိမ့်မယ်။ အခုဖြစ်နေတဲ့ အချိန်မှာ အစိုးရနဲ့ တပ်မတော်က ပူးပေါင်းပြီး ရှင်းဖို့လိုတယ်။ နောက်မှရှင်းဖို့ဆိုရင် ဆောက်နဲ့ထွင်းရမယ့်ဟာကို ပုဆိန်နဲ့ထွင်းရမယ့်ကိန်း ဖြစ်သွားပါလိမ့်မယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် နောက်ပိုင်းမှာ ဆက်တိုက်ဆိုသလို ဘင်္ဂါလီတွေဖြစ်ပေမယ့် အစိုးရအုပ်ချုပ်ရေးယန္တရားနဲ့နီးစပ်သူတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေနဲ့ အပြစ်မဲ့ အရပ်သားတွေဟာ အသတ်ခံရမှု၊ ဖမ်းဆီးခေါ်ဆောင်ခံရမှုတွေကြောင့် ပျောက်ဆုံးမှုတွေရှိခဲ့ပြီးတော့ လက်ရှိအချိန်ထိလည်း မျက်နှာဖုံးစွပ် လူအုပ်စုတွေနဲ့ ဒီလိုလုပ်ဆောင်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

“အားလုံးကိုပြန်သုံးသပ်ရင် ကျွန်တော်တို့အစိုးရမှာ အများကြီး တာဝန်ရှိတယ်။ လက်ရှိ အခင်းအကျင်းမှာလည်းပဲ အကြမ်းဖက်မှု ပုံသဏ္ဌာန် ရှေ့ကိုတော်တော်လေး ခြေလှမ်းသွက်နေပြီ။ ကျွန်တော်တို့ ရခိုင် ပြည်နယ်မြောက်ပိုင်းဒေသရဲ့ နယ်မြေဟာ လုံခြုံမှုမရှိဘူးလို့ အနေအထားကို ရောက်မှန်းမသိ ရောက်လာပြီ။ အကြမ်းဖက်သမားတွေ လေ့ကျင့်တဲ့နေရာလေးတွေ တွေ့တယ်။ အစိုးရနဲ့နီးစပ်တဲ့၊ အစိုးရကို အထောက်အကူ ပြုတဲ့ပုဂ္ဂိုလ်တွေ၊ ဆယ်အိမ်ခေါင်း၊ ရာအိမ် ခေါင်းကို သတ်ဖြတ်တယ်။ တစ်နည်းအား ဖြင့် အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကို ဖြိုခွဲတာပဲ” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လက်ရှိ ရခိုင်ဒေသလုံခြုံရေး အခြေအနေနှင့်ပတ်သက်ပြီး ပြောကြားခဲ့ပါ တယ်။

အလားတူ ဇူလိုင် ၉ ရက် နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် တင်းမေကျေးရွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိစဉ် ဘင်္ဂါလီနေအိမ်တစ်လုံးထဲမှ လက်နက်ငယ် ဖြင့် အတွဲလိုက် အချက် ၂၀ ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ လက်နက်ငယ်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းရှိ အကြမ်းဖက်သမားများက မိုင်းတစ်လုံး ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။ ဖြစ်စဉ်အတွင်းမှာ လက်နက်ကိုင်အကြမ်းဖက်သမား အလောင်း နှစ်လောင်းနဲ့ အကြမ်းဖက်သမား တစ်ဦးကို ဖမ်းဆီးခဲ့မိပါတယ်။  ဘူးသီးတောင် မြို့နယ် သဲနီကျေးရွာအနောက်ဘက် တောစပ်အနီးမှာ မေ ၄ ရက် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး အမျိုးသား သုံးဦး ဒဏ်ရာများရရှိခြင်း ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူတွေကို  မြေမြှုပ်သြင်္ဂိုဟ်ထားတဲ့နေရာကို တူးဖော်တဲ့အခါမှာ ပါကစ္စတန် နိုင်ငံသားနှစ်ဦးရဲ့ အလောင်းအပါအဝင် လူ ငါးလောင်းကို ထပ်မံတွေ့ရှိခဲ့ပြန်ပါသေးတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဖောက်ခွဲရေး မိုင်းသင်တန်းတွေကို ပေးနေတဲ့အထဲမှာ ပါကစ္စတန်က အကြမ်းဖက်သမားများ ဝင်ရောက်သင်တန်းပို့ချနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဘူးသီးတောင်၊ မောင်တောနဲ့  ရသေ့တောင်ဒေသ အကြမ်းဖက်ခံရမှုနဲ့ ဒေသခံပြည်သူတွေရဲ့စိုးရိမ်မှုတွေကို လေ့လာစုံစမ်းခဲ့တဲ့ ကော်မတီဥက္ကဋ္ဌဖြစ်သူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက “အဓိက အကြံပြုချက်မှာပါတာက တရားဥပဒေစိုးမိုးမှု ကင်းလွတ်နေတဲ့ဒေသတွေ မောင်တောခရိုင်အတွင်းမှာ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကို ကျွန်တော်တို့ အစီရင်ခံစာထဲမှာ တင်ပြထားပါတယ်။ တရားဥပဒေ စိုးမိုးမှုမရှိတဲ့အတွက်ကြောင့် အုပ်ချုပ်ရေး ယန္တရား လည်ပတ်မှုမရှိဘူး။ လုံခြုံရေးပေး နိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ဒီကနေ့ အကြမ်းဖက်မှုက အားကောင်းလာတဲ့ အခြေအနေမှာရှိနေတယ်။ ဒါကြောင့် ဘင်္ဂါလီရွာ ကြီးတွေရဲ့ကြားထဲမှာ ပိတ်ဆို့ခံနေရတဲ့ ရခိုင်တိုင်းရင်းသားရွာတွေဟာ အလွန်တစ်ရာမှ အန္တရာယ်ရှိတဲ့အခြေအနေတွေဖြစ်ပါတယ်”  လို့ဆိုပါတယ်။ အမှန်တကယ် မောင်တော ဒေသဟာ တရားဥပဒေစိုးမိုးမှု အားနည်းသွားခဲ့ပြီလားဆိုတာကို  အစိုးရကသုံးသပ်ပြီး မောင်တောဒေသဟာ အကြမ်းဖက်သမားတွေရဲ့ လုပ်ချင်သလိုလုပ်နိုင်တဲ့ ခြေကုပ်ဒေသ မဖြစ်ရလေအောင် အုပ်ချုပ်ရေးယန္တရားကို အချိန်မီပြန်လည်ပြင်ဆင်သင့်နေပါပြီ။

“တကယ်တော့ မောင်တောနယ်စပ် တည်ငြိမ်အေးချမ်းရေးဟာ လက်ရှိအစိုးရနဲ့ တပ်မတော်ရဲ့ ကိုင်တွယ်ပုံမှာ လုံးဝမူတည်နေပြီးတော့ အမျိုးသားရေး အတွေးအမြင်နဲ့ ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ လက်ရှိအချိန်ထိတော့ အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံ ဟာ OIC အပါအဝင် နိုင်ငံတကာက ဘင်္ဂါလီ လော်ဘီတွေနဲ့ တစ်ဖက်စောင်းနင်း မီဒီယာတွေရဲ့ ဖိအားပေးမှုအပေါ်မှာပဲ နောက်ကလိုက်ပြီး ဖြေရှင်းနေရတယ်လို့ မြင်ပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာကတော့ နိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်အကြမ်းဖက်တာ ဖြစ်တဲ့အတွက် အချိန်မလွန်ခင် တည်ဆဲ ဥပဒေတွေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ပဲဖြစ်ပါတယ်။ ဒီပြဿနာကို ကြည့်လိုက်တဲ့အခါ အမျိုးသားရေးကို ကြည့်ရမယ်။မြန်မာနိုင်ငံအမြင်နဲ့လည်း ကြည့်ရမယ်။တစ်ကမ္ဘာလုံး နိုင်ငံရေးအခြေအနေကိုလည်း ကြည့်ရမယ်။ ဘက်ပေါင်းစုံကနေ ကြည့်ရမယ်။ သုံးဘက်လေးဘက် အမြင်ကပဲကြည့် ကြည့် အရေးကြီးတာက အမျိုးသားအကျိုး စီးပွားပဲ။ ဒါကြောင့် ပြတ်ပြတ်သားသား ပြောဖို့လိုပါတယ်” လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

ဒီနေရာမှာ အနောက်ဘက်တံခါးမှာ တိုင်းရင်းသားတွေ ဆက်လက်တည်တံ့ဖို့ ဆိုတဲ့အခါမှာ ပထမဆုံးအနေနဲ့ ဒေသခံ တိုင်းရင်းသားတွေ မိမိကိုယ်တိုင် မိမိကျေးရွာကို အကာအကွယ်လုပ်နိုင်တဲ့ အနေအထားဖြစ်အောင် စီမံပေးရမယ်။ အနောက် ဘက်တံခါးရဲ့ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ဖို့ လုံခြုံရေးအာမခံချက်ရဖို့ဆိုတဲ့ အခါမှာ ဒေသခံတွေရဲ့ လိုအပ်ချက်ကို အစိုးရအနေနဲ့ အကောင်အထည်ဖော်ပေးဖို့သာ အဓိက ကျနေတယ်ဆိုတာကတော့ အမှန်ပဲဖြစ်ပါတယ်။

■ Writer - သားရွှေဦး (ကစ္ဆပ)

Most Read

Most Recent