
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေသည်ကို ဇူလိုင်လ နောက်ဆုံးပတ်ကတွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ-ကျောက်ဖြူ)
“အမေ အမတော်ကြေး ရပြီလား”
“မရသေးပါဘူး ဦးဇင်းရယ်” တဲ့။
“အခု ဝါဆိုလပြည့်ကျော် (၈) ရက်နေ့က လယ်ပြီးသွားပြီဆို။ လယ်ပြီးတာတောင် အခုထိ အမတော်ကြးက မရသေးဘူးလားဗျ” ဆိုတော့
“စာရွက်တွေတော့ ယူသွားပြီ။ ရခါနီးပြီ ထင်ပါရဲ့။ အမေတို့တစ်ကွင်းလုံး မရကြသေးဘူး” လို့ ပြန်ပြောပါတယ်။
တစ်ကွင်းလုံးဆိုတာ သခွတ်ကုန်း၊ တောဟိုင်း၊ ရှားတိုင်း၊ ဇီးကျွန်း၊ ဆင်သေ၊ ညောင်စာရေး၊ ပန်းတင်၊ ဆင်ရွာ၊ သရက်တပင်စတဲ့ တစ်နယ်လုံးက လယ်သမားတွေပါ မရကြသေးတာကို ပြောဆိုခြင်း ဖြစ်ပါတယ်။
အစိုးရက တောင်သူတွေကို ထုတ်ချေးတဲ့ငွေကို အမတော်ကြေးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်စပြီး လယ်သမားတွေကို လယ်ပိုင်ဖြစ်ကြောင်း၊ ပုံစံ (၇) လို့ ခေါ်တဲ့ တစ်ဧကကို စာတစ်ရွက်နှုန်းနဲ့ စာချုပ်သဘောမျိုး လုပ်ပေးထားပါတယ်။ ဒီ့အရင်က အမတော်ကြေးက မများလှတဲ့အပြင် ရွှေတောင်မြို့၊ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ရုံးသွား၊ စာရွက်စာတမ်း လုပ်ရနဲ့ဆိုတော့ နေကုန်မို့ အချိန်ကုန်လူပန်း၊ အလုပ်ရှုပ် ကရိကထများပြီး အလုပ်အကိုင် ပျက်ကြရလို့ တချို့ လယ်သမားတွေက မထုတ်ကြဘူးရယ်။ ဒီတော့ ဆိုင်ရာပိုင်ရာနဲ့ နွယ်သူများက အခြားသူကိုယ်စားထုတ်ယူ၊ ဆပ်ချိန်တန် မဆပ်နိုင်၊ ရှင်းကြလင်းကြ ပြဿနာဖြစ်ကြနဲ့ပေါ့။ ဒါပေမဲ့ တစ်ရွာတည်းနေ တစ်ရေတည်းသောက်သူတွေ မဟုတ်လား။ ကြီးကြီးကျယ် ကျယ်တော့လည်း ဘယ်ဖြစ်ပနော်။
တစ်ချိန်ကပေါ့။ အမတော်ကြေး မကျေတဲ့ရွာက တစ်ယောက်မကျေရင် တစ်ရွာလုံး အမတော်ကြေးထုတ်မပေးဘဲ ဆိုင်းငံ့ထားတာတို့၊ ဝိုင်းကြီးချုပ်ခေါ် သုံးလေးငါးဦး စုပေါင်းထုတ်ချေးပေးပြီး တစ်ယောက်မဆပ်နိုင်ရင် ကျန်သူများက စုဆပ်ရမယ်ဆိုတာမျိုးတို့ လုပ်ကြတယ်။ အဆင်မပြေလှဘူး။ တောသူတောင်သားတွေဆိုတာ ငွေပိုငွေလျှံရှိကြသူတွေမှ မဟုတ်ကြတာ။ ဆပ်ချိန်ဆို ကသီကြရတာပါပဲ။
တစ်ခါလည်း တာဝန်ကျေစပါး မချရင်၊ မကျေရင် အမတော်ကြေး မပေးဘူးဆိုတာမျိုး ရှိခဲ့ဖူးပါရဲ့။
ကျုပ်တို့ငယ်ငယ်ကဆို တာဝန်ကျေစပါး ဆိုတာရှိတယ်။ ကိုယ်ရတဲ့စပါးထဲက သုံးချိုး နှစ်ချိုးလောက် ဒိုင်ချကြရတယ်။ ကျုပ်အဖေက ကျုပ်ခုနစ်နှစ်သားမှာ ဆုံးသွားတယ်။ ကျုပ်နဲ့ ကျုပ်အစ်ကိုကြီးက ကိုရင်ဝတ်နဲ့၊ အိမ်မှာက အမေနဲ့အစ်ကိုလတ် နှစ်ယောက်တည်းရှိတာ အိမ်မှာစားမယ့်သူ့မရှိလို့ဆိုကာ သူများတွေထက် ဒိုင်ကို စပါးပိုချခဲ့ရတယ်။ ကျုပ်အဘွားဆို အိုကြီးအိုမှ တာဝန်ကျေစပါး မချနိုင်လို့ အချုပ်ထဲ ခဏရောက်ခဲ့ရတာကိုခု တိုင်မှတ်မိပါသေးရဲ့။ ကိုယ့်လယ်ကရတဲ့စပါးကို ကိုယ်တိုင်ဖွက်ခဲ့ရတဲ့ ခေတ်စနစ်မျိုး ရှိခဲ့ဖူးပါတယ်။ ပုံပြင်မဟုတ်ပါ။
“အမေဒီနှစ် ဘယ်လောက်ရမှာလဲ” မေးတော့
“၁၅-သိန်း” တဲ့။
တစ်ဧက တစ်သိန်းခွဲမို့ အမေတို့က လယ် ၁၀ ဧကဆိုတော့ ၁၅ သိန်းရတာပါ။ ဒီအရင်နှစ်ကတော့ တစ်ဧက တစ်သိန်းနှုန်း ထုတ်ချေးပေးပြီး အတိုးနှုန်းက ၄၂ ပြား။ပြီး ခဲ့နှစ်ကစလို့ တစ်ဧက တစ်သန်းခွဲနှုန်း၊ အတိုး က ၇၂ ပြား၊ စာရွက်စာတမ်းနဲ့ဆို ၇၅ ပြားလောက် ကျဆိုလားပဲ။ လယ် ၁၀ ဧကထက် ပိုရင်တော့ ပိုမပေးပါတဲ့။ ပိုတဲ့ပုံစံ (၇) စာရွက်ကို အိမ်မှာပဲ ဒီအတိုင်း သိမ်းထားရမယ်လို့ ပြောပါတယ်။
တောင်သူတွေအဖို့ မက်လောက်စရာ ငွေပါ။ ငွေထုတ်ချေးတဲ့နေ့ကျမှ ပြန်ဆပ်ကြရမယ့်လနဲ့ အတိုးနှုန်း၊ မဆပ်နိုင်ရင် လအလိုက်ဒဏ်ကြေးက ဘယ်လောက်ဆိုတာကို ပြောပြကြပါသတဲ့။
ယခင်ကရော ယခုပါ လယ်ယာလုပ်ငန်း ခွင်မဝင်မီ အမတော်ကြေးထုတ်ပေးရန် အစိုးရအဆက်ဆက် ပြောလေ့ရှိကြပါတယ်။ အခုလည်း လွှတ်တော်မှာ အဆိုတင်သံကြားလိုက်ရပေမယ့် နှစ်စဉ်လယ်ပြီးမှ ထုတ်ပေးတာဆိုတော့ လယ်ယာလုပ်ငန်းခွင်ဝင်ချိန်မှာ ထွန်ယက်စိုက်ပျိုးစရိတ်ဆိုတဲ့ သွင်းအားစုတွေအတွက် အပြင်ကနေ အတိုးနဲ့ယူကြရပါတယ်။ လယ်သမားဆိုတာ အပိုဝင်ငွေ မရှိကြဘူးရယ်။
အမတော်ကြေးရတော့ လယ်စရိတ်၊ စားစရိတ်အတွက် ချေးထားတဲ့ကြွေးပြန်ဆပ်၊ မြီးသစ်ပြန်ယူနဲ့ သံသရာလည်ကြရတဲ့ ဘဝတွေရယ်ပါ။ ငဘခေတ်ကထက် တချို့တောင် သူတွေနဲ့ အလွန်ကြီးမကွာခြားလှသေးပါ။
ကျုပ်အရပ် ညောင်စာရေးမှာတော့ ကိုင်းရယ်၊ လယ်ရယ် နှစ်မျိုးရှိကြတဲ့ တောင်သူတွေသာ လယ်ကရတာကို ကိုင်း (ကျွန်း) စရိတ်ထိုး၊ ကိုင်းကရတာကို လယ်စရိတ် ပြန်ထိုးနဲ့၊ ရာသီဥတုမှန်နေရင် မထောင်းတာလှပေမယ့် ရာသီဖောက်ရင်တော့ သူတို့လည်း ဒုက္ခရောက်ကြရပါတယ်။ တောင်သူအလုပ်ဆိုတာ ပင်ပန်းပြီး အတော်ကသီကြတဲ့အလုပ်ပါ။
လယ်တစ်မျိုးတည်းရှိတဲ့ တောင်သူတွေကတော့ လယ်လုပ်ချိန်မှာ စားဖို့အတွက်ရော လယ်စရိတ်အတွက်ပါ အတိုးနဲ့ချေးကြရတဲ့ သူတွေချည်းပ၊ လယ်သမားနဲ့ ကြွေး၊ လယ်သမားနဲ့ ရွှံ့ဆိုတာ ခွဲလို့မရတဲ့ အမြွှာတွေ။ ဒီကြားထဲ ခေတ်အလိုက် သားသမီးကို မြို့ကျောင်းထားရတာနဲ့ ကျန်းမာရေးနဲ့ဆိုတော့ မလောက်မင၊ မချမ်းမသာ၊ ဒုံရင်းက ဒုံရင်း၊ ဘာမှဖြစ်မလာနိုင်တဲ့ လယ်သမားဘဝကို သိကြတဲ့ ခေတ်လူငယ်တို့ လယ်ယာလုပ်ငန်းကို ဘယ်လိုမှ စိတ်ဝင်စားလာစရာအကြောင်း မရှိ။ မြို့တွေပေါ်မှာ ရွှေ့ပြောင်းလုပ်သားတွေ အဖြစ်နဲ့ ရုန်းကန်နေကြရပေမယ်လို့ရွာက တောင်သူလုပ်ငန်းလောက် မပင်ပန်းကြတော့ ရွာတွေကို စွန့်ခွာခဲ့ကြတယ်။ လယ်ယာလုပ်ငန်းနဲ့ ဘွဲ့ရအောင် ကျောင်းထားပေးခဲ့တဲ့ လယ်သမားသားသမီးတောင် ဘွဲ့ရပြီးရင် မိဘလက်ငုပ် လယ်ယာအလုပ်ကို မလုပ်လိုကြဘူး။
သတင်းစာတွေမှာလည်း လယ်ယာလုပ်သား ရှားပါးလာကြောင်းကို အမြဲဖတ်နေကြရပါတယ်။
ကျုပ်တို့ငယ်စဉ်ကတော့ နတ်တော်၊ ပြာသို စပါးပေါ်ချိန် ကြွေးမြီလေးဆပ်၊ သမီးလေးအတွက် နားကပ်လေးဆင်၊ တစ်မိုးစာ စပါးကျီထဲ စပါးလှောင်ထား၊ ကျန်တဲ့စပါးရောင်း၊ စားလည်းစား၊ လှူလည်းလှူ၊ ဒီလိုနဲ့ ဝါဆိုဝါခေါင် ကောက်သစ်ကလည်း မပေါ်သေး၊ စပါးဟောင်းကလည်း ပြတ်ခါနီးပြီဆိုမှ ထုတ်ရောင်းကြတာ။ အခုတော့ စပါးဈေးက ရှေးတုန်းကလို ပုံမှန်မဟုတ်တော့ အိတ်စပို့ရှိရင် ဈေးတက်၊ အိတ်စပို့မရှိရင် ဝယ်လက်မရှိလို့၊ စပါးပေါ်ချိန်မို့ ဈေးကောင်းမရနဲ့ ကျေးလက်နေတောင်သူတွေက သမားရိုးကျတွေက အိတ်စပို့ဆိုတာကြီးကို သူတို့ဘယ်လိုမှ လက်လှမ်းမမီ၊ အလှမ်းကွာလှပါတယ်။
ရွာဓလေ့,ရပ်ဓလေ့
“ဘွန္တော.သံသရာညွတ်အတွင်းမှ လွတ်ကင်းရန် စိတ်ရည်သန်ကြသည့် အိုသူတော်ကောင်းတို့၊ လောဘ ဒေါသ မောဟဟူဟူ ဗလောင်ဆူသည် မီးပုံကြီးတို့ တငြီးငြီးလောင် မြိုက်၍ မောဟိုက်ကြလေပြီ။ ထိုသို့သော အပူမီးမှ တစ်နည်းကျွတ်လွတ်ကြရန်ကို ဤယခုလို လင်းကျက်ဆော်ဤ အရုဏ်ဦးအခါ၌ မြတ်ဘဂဝါနှင့်တကွ သံဃာတော်တို့အား ဆွမ်းဘောဇဉ် လှူဒါန်းရအောင် ဆွမ်းချက်တော်မူကြပါ ဘွန္တောသပ္ပူရိသအပေါင်း သူတော်ကောင်းတို့”။
နယုန်လဆန်း မိုးကျပြီဆိုကတည်းက လယ်ယာလုပ်ငန်းခွင် ဝင်ခဲ့ကြတဲ့တောင်သူတွေ ဝါဆိုလကုန်ဆို သူရောကိုယ်ပါ ထွန်ယက်စိုက်ပျိုးလို့ ပြီးကြတယ်။ အလုပ်ပါးကြပြီမို့ ကျုပ်တို့ရွာ ညောင်စာရေးမှာ ဥပုသ်သီတင်းစောင့်ကြ၊ ရွာကြီးဆိုတော့ ဟိုရှေးယခင်ကတည်းက စခဲ့တဲ့ ဘုရားလှည့်ဆိုတာရှိတော့ အဖိတ်နေ့ညနေ အလှည့်ကျ အပိုင်းလိုက် ရွာလမ်းတစ်လျှောက် ဘုရားလှည့်ကြပြီး ဥပုသ်နေ့ နံနက် ၃ နာရီခွဲမှာ လူကြီးလူငယ် အမျိုးသားများက အထက်ပါစာကိုရွတ်ဆို နှိုးဆော်ပြီး နံနက် ၄ နာရီခွဲမှာ ဆွမ်းခံကြပါတယ်။ အရုဏ်တက်ချိန် ရွာလယ်ရှင်ဂေါတမ ဘုရားမှာ စုပေါင်းဆွမ်းတော်ကပ်ကြပါတယ်။ လင်းကြက်တွန်သံက သံသာသာကိုချက်ကြီးတို့ရဲ့ နိဗ္ဗာန်ဆော်သံနဲ့ ကြေးစည်သံဝေတဲ့ ကျုပ်တို့ရွာ ကျက်သရေမင်္ဂလာရှိတဲ့ အချိန်ပေါ့ဗျာ။
ကျုပ် ငယ်စဉ် အခုလို ရုပ်မြင်သံကြားကတော့ မရှိသေးတော့၊ တချို့အိမ်များက ဒါနပွဲလို့ဆိုကာ အရပ်လှည့် ဗျိုးဟစ်ဖိတ်ပြီး အလှူအတန်းလေးများ လုပ်ကြတယ်။ တောမုန့်၊ ဒီအချိန်လယ်ကြာငါးလှိုင်တော့ ငါးကြော်၊ မြို့ကဝယ်တဲ့ နာနတ်ယို၊ ဒူးရင်းယို၊ ရေနွေးသည်မျှပါ။ အလှူကြီးအတန်းကြီးမဟုတ်၊ လူစုရေနွေးသောက်ကြတဲ့သဘော။ အသံချဲ့စက်ကတော့ မပါမဖြစ်ပေ့ါ။ အိမ်ရှေ့ရှိ သစ်ပင်မြင့်မြင့်မှာ လော်တင်ပြီး တစ်ရွာလုံးကြားအောင် ဖွင့်တော့တာကလား။
အဲဒီခေတ်က ပန်တျာကြည်လင်ရဲ့ ဒန်းစီးမောင်နှမ၊ ရွှေမန်းတင်မောင်ရဲ့ ဗုဒ္ဓဝင်၊ အာဇာနည်လှကြည်ရဲ့ နှစ်ပါးသွားသီချင်းများ၊ ဘခက်နဲ့ယု၊ ကိုရင်သိန်းတန်၊ ဘကြီးမှုံ၊ ထွေးညိုပြဇာတ်တွေကို အများဆုံးဖွင့်ကြတယ်။ လူကြီးသူမတွေက အိမ်ရာထဲကနားထောင်လို့၊ လူငယ်တွေကတော့ ဒါနပြုတဲ့အိမ်မှာစုကြလို့၊ ညဉ့်နက်ပြီဆိုမှဖြင့် သူတစ်လှည့်ကိုယ် တစ်ခါမိုက်ခဲတွေပေါ့။ ဆိုကြတော့တာ။ သူတို့ဘ၀ သူတို့ဌာနေမှာ ခံစားစရာတွေက မရှိ၊ ဒါပဲရှိကြတော့ ဒါနဲ့ပဲ စိတ်အနွမ်း၊ စိတ်အပန်းဖြေကြရတာကလား။ သူတို့ဘဝနဲ့သူတို့တော့ ပျော်နေကြတာပါပဲ။
ကျုပ်တို့အပိုင်း ပန်းတင်ရွာဆို ဒါနပွဲရှိတိုင်း အဘညှက်ကြီး ရွာပတ်ပြီး ဗျိုးဟစ်ဖိတ်တာ အခုတိုင် မြင်ယောင်နေမိပါတယ်။ အခုတော့ ညောင်စာရေးရွာမှာ ဗျိုးဟစ်ဖိတ်တာ မရှိတော့။ အိမ်တိုင်ရာရောက်ဖိတ်မှ လာကြတော့သတဲ့။
ထိုခေတ် တောသူတောင်သားတွေဆိုတာ တစ်ဦးနဲ့တစ်ဦး၊ ကိုယ့်အရပ်ကိုယ့်ဒေသကို အလွန်ချစ်ကြတယ်၊ ခရီးထွက်ကြတယ်ဆိုတာ တယ်မရှိလှ။ ဆွေဘုရား မျိုးဘုရား ရွှေနတ်တောင်ဘုရားလောက် သွားကြတာ။
သီတင်းကျွတ်လပြည့်နေ့ ညနေ ၃ နာရီ ချိန်မှာ ညောင်စာရေးရွာ အပိုင်းလိုက် သူ့အပိုင်းနဲ့သူ ဘုရားလှည့်ကြပြီး သီတင်းကျွတ် လပြည့်ကျော် (၁) ရက်နေ့ ညဦးမှာတော့ ရေစက်ချတရားနာပြီး တစ်ဝါတွင်းလုံး သူ့အပိုင်းကိုယ့်အပိုင်း ဘုရားလှည့်လို့ အလှူခံရထားတဲ့ ငွေများကို ဘုရားဝေယျာစ္စအသုံးပြုနိုင်ရန် လှူဒါန်းကြပါတယ်။ သြော်သူ့ရွာ၊ ဓလေ့နဲ့ ပျော်မွေ့စရာကြီးရယ်ပ။
မိုးမိုးနဲ့ဖုန်းပြောရင် ဘာချက်လဲမေးတော့ ကြက်သားနဲ့ရွှေဖရုံသီးရောချက်၊ မန်ကျည်းသီးထောင်ရယ်လို့ပြောတော့ ရွာမှာ ဒီအချိန် မန်ကျည်းသီးနု၊ ရွှေဖရုံသီးပေါ်ချိန်ဆိုတာ သတိရပြီး ရွာဓလေ့ရပ်ဓလေ့တွေထဲမှာ သည်လို ရာသီစာလေးတွေကလည်း လွမ်းလောက်စရာပေါ့...။
အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)









