အရှုံးကိုမေ့ထားပြီး လက်ကျန်ပွဲများတွင် ကြိုးစားကြရန် ဒေါ့မွန်နည်းပြ လူစီယန်ဖာ တိုက်တွန်း

အရှုံးကိုမေ့ထားပြီး လက်ကျန်ပွဲများတွင် ကြိုးစားကြရန် ဒေါ့မွန်နည်းပြ လူစီယန်ဖာ တိုက်တွန်း
Photos: AFP
Photos: AFP
Published 7 April 2019

ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက ဘိုင်ယန်မြူးနစ်နှင့်ပွဲမှ အရှုံးအားမေ့ထားပြီး လက်ကျန်ပွဲများတွင် အကောင်းဆုံးကြိုးစားကြရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။

ဒေါ့မွန်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းကို (၀-၅) ဂိုးဖြင့် ရှုံးနိမ့်ခဲ့့ခြင်းကြောင့် အမှတ်ပေးဇယားရပ်တည်မှုတွင် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရပြီး ဘိုင်ယန်မြူးနစ်အသင်း၏ တစ်မှတ်အသာဖြင့် ဦးဆောင်မှုကို ခံခဲ့ရသည်။  လူစီယန်ဖာက ဘိုင်ယန်မြူးနစ်အသင်းအား (၅) ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းကို နားလည်ရခက်သော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ထိုက်ထိုက်တန်တန်အနိုင်ရခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းအတွက် ဘိုင်ယန်မြူးနစ်အသင်းကို ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

လူစီယန်ဖာက " ဘိုင်ယန်မြူးနစ်အသင်း (၀-၅) ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာက နားလည်နိုင်ဖို့တောင် ခက်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ထိုက်ထိုက်တန်တန်အနိုင်ရသွားခဲ့တာပါ။ အဲဒီအ တွက် ဘိုင်ယန်မြူးနစ်အသင်းကို ကျွန်တော်ဂုဏ်ပြုပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့အနေနဲ့ ဘွန်ဒစ်လီဂါချန်ပီယံဆုကိုပဲ တွေးနေခဲ့တယ်လို့ ထင်ပါတယ်။ ရာသီကုန်ဆုံးဖို့က (၆) ပွဲလို ပါသေးတယ်။ လာမယ့်ပွဲတွေက ပိုပြီးခက်ခဲလာဦးမှာပါ။ ကျွန်တော်တို့အနေနဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲက အရှုံးကိုမေ့ထားပြီး လက်ကျန်ပွဲတွေမှာ ကြိုးစားဖို့လိုပါတယ်"ဟု ပြောကြားခဲ့သည်။

ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရွိုက်စ်ကလည်း မိမိအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းကို ဘယ်အပိုင်းတွင်မှ မယှဉ်နိုင်ခဲ့ကြောင်း ဝန်ခံသွားခဲ့သည်။ "ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ကျွန်တော်တို့ ကစားတာ တော်တော်လေးကို ဆိုးပါတယ်။ တိုက်စစ်ရော၊ ခံစစ်ပါ ဘယ်အပိုင်းမှာမှ ဘိုင်ယန်မြူးနစ်အသင်းကို ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး" ဟု ပြောကြားခဲ့သည်။