FA ဖလားရှုံးကြွေးကို မဆပ်နိုင်ဘဲ အကြွေးထပ်တင်ခဲ့တဲ့ မန်ယူ 

FA ဖလားရှုံးကြွေးကို မဆပ်နိုင်ဘဲ အကြွေးထပ်တင်ခဲ့တဲ့ မန်ယူ 
Photos: AP, Getty Images & Reuters
Photos: AP, Getty Images & Reuters
Published 3 April 2019

■ ဝုလ်ဗ် ၂-၁ မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ် (၃၃) ဖြစ်တဲ့ ဝုလ်ဗ်နဲ့ မန်ယူတို့ရဲ့ ပွဲမှာတော့ မန်ယူအသင်းဟာ FA ဖလားမှာ ရှုံးနိမ့်ခဲ့တဲ့ ဝုလ်ဗ်အသင်းကို အဝေးကွင်းမှာ ရှုံးကြွေးဆပ်နိုင်ခဲ့ခြင်း မရှိဘဲ (၁-၂) ဂိုးနဲ့ ထပ်မံအရှုံးပေးခဲ့ရပြန်ပါတယ်။

ဝုလ်ဗ်အသင်းဟာ ၃-၅-၂ ပုံစံကို သုံးပြီး တိုက်စစ်မှာ ယိုတာနဲ့ ဟီမင်နက်ဇ်ကို တွဲပေးခဲ့ပါတယ်။ မန်ယူကတော့ မာစီယဲလ်၊ မာတာ၊ မာတစ်တို့ကို အရန်ခုံမှာထားခဲ့ပြီး တိုက်စစ်မှာ လူကာကူကို အထောင်ထားကာ ပေါ့ဘာ၊ ဖရက်ဒ်၊ တွမ်မီနေးတို့ကို ပွဲထုတ်ခဲ့ပါတယ်။ 

မန်ယူအသင်းဟာ ပွဲစကတည်းက ဝုလ်ဗ်ကို ဖိကစားနိုင်ခဲ့ပြီး ပွဲချိန် (၁၃) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ လင်ဂတ်၊ ဖရက်ဒ်တို့ရဲ့ တွဲလုံးကနေ ဖရက်ဒ် ချပေးတာကို တွမ်မီနေးက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူခဲ့တာပါ။ 

ဒီဂိုးဟာ မန်ယူအသင်းအတွက် တွမ်မီနေးရဲ့ ပထမဆုံးဂိုးဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၁) ပွဲကစားရာမှာ ပထမဆုံးဂိုးသွင်းယူနိုင်တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ လူကာကူရဲ့ ပေးပို့မှုကနေ လင်ဂတ်အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဝုလ်ဗ်ဂိုးသမား ပက်ထရီစီယို ကာကွယ်နိုင်ခဲ့လို့ မန်ယူတို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် (၂၅) မိနစ်မှာတော့ ဝုလ်ဗ်တို့ မထင်မှတ်ဘဲ ချေပဂိုးရသွားခဲ့ပါတယ်။ မန်ယူကွင်းလယ်လူ ဖရက်ဒ်ရဲ့ အမှားကနေ ဟီမင်နက်ဇ် ဖန်တီးပေးတာကို ယိုတာက အပိုင်ကန်သွင်းယူခဲ့တာပါ။ ဒီဂိုးမှာ ယိုတာအတွက် ဝုလ်ဗ်အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၇) ပွဲမှာ (၆) ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

ချေပဂိုး ရသွားပြီးနောက်မှာ ဝုလ်ဗ်ရဲ့ ကစားပုံပိုကောင်းလာခဲ့ပြီး အခွင့်အရေးတွေ ပိုမိုဖန်တီးလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူနောက်တန်းနဲ့ ဂိုးသမား ဒီဟေးယားတို့ကို မကျော်နိုင်လို့ (၁-၁) ဂိုးနဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ မန်ယူအသင်းဟာ အနိုင်ရဖို့ ပြန်ဖိကစားခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ပွဲချိန် (၅၂) မိနစ်မှာ တွမ်မီနေးရဲ့ ခေါင်းတိုက်ချက်ကို ဝုလ်ဗ်ဂိုးသမား ပက်ထရီစီယို ကာကွယ်နိုင်ခဲ့လို့ မန်ယူတို့ ကံဆိုးခဲ့ရပါတယ်။ 

ပွဲချိန် (၅၇) မိနစ်မှာတော့ ယိုတာကို ဖျက်ထုတ်ပုံကြမ်းတမ်းလို့ ဒိုင်လူကြီး မိုက်ဒင်းက အက်ရှ်လေယန်းကို (၂) ၀ါ၊ (၁) နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။ 

ကစားသမားတစ်ယောက် အသာရသွားတဲ့ ဝုလ်ဗ်အသင်းဟာ မန်ယူအသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးသွင်းခွင့်တွေလည်း ရရှိခဲ့ပါတယ်။ 

ပွဲချိန် (၇၇) မိနစ်မှာတော့ မော်တင်ဟို မန်ယူအသင်းဂိုးဧရိယာထဲ ဖြတ်ပို့ပေးတာကို ဝုလ်ဗ်တိုက်စစ်မှူးတွေနဲ့ အပြိုင် ရှင်းထုတ်ဖို့ ကြိုးစားရင်း စမောလင်း ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာကြောင့် ဝုလ်ဗ်အသင်း ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ 

ဂိုးပေးလိုက်ရပြီးနောက်မှာ မန်ယူအသင်းဟာ ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဝုလ်ဗ်အသင်းကို ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါ့အပြင် ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်တွေကြောင့် မန်ယူတို့ အခက်တွေ့ခဲ့ရပြီး ဝုလ်ဗ်ကစားသမားတွေ အဆုံးသတ်ညံ့ဖျင်းမှုနဲ့ ဒီဟေးယားလက်စွမ်းပြနိုင်ခဲ့လို့သာ မန်ယူတို့ ဒီထက်ပိုပြီး ဂိုးမပေးခဲ့ရတာပါ။

ပွဲအပြီးမှာတော့ မန်ယူအသင်းဟာ ဝုလ်ဗ်အသင်းကို FA ဖလားပြိုင်ပွဲက ရလဒ်အတိုင်း (၂-၁) ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

ဒီရှုံးပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကြိုးစားနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့သလို၊ FA ဖလားက ရှုံးကြွေးကို မဆပ်နိုင်ခဲ့ဘဲ ရှုံးကြွေးထပ်တင်ခဲ့လို့ နည်းပြ ဆိုးလ်ရှားအတွက်ပါ မျက်နှာပျက်စရာဖြစ်ခဲ့ပါတယ်။

တခြားပွဲစဉ်မှာတော့ ဝက်ဖို့ဒ်အသင်းက ဖူလ်ဟမ်အသင်းကို (၄-၁) ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရှုံးနိမ့်ခဲ့တဲ့ ဖူလ်ဟမ်အသင်းကတော့ ဟက်ဒါဖီးလ်အသင်းပြီးရင် တန်းဆင်းခဲ့ရတဲ့ ဒုတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်များ

ပရီးမီးယားလိဂ်

ဝက်ဖို့ဒ် ၄-၁ ဖူလ်ဟမ်

ဝုလ်ဗ် ၂-၁ မန်ယူ

လာလီဂါ

အက်သလက်တီကို ၂-၀ ဟီရိုနာ

အက်စ်ပန်ညို ၁-၁ ဂီတာဖေး

စီးရီးအေ

အေစီမီလန် ၁-၁ အူဒီးနီးစ်

ဂျာမန်ဖလား (ကွာတားဖိုင်နယ်)

ပါဒါဘွန်း ၀-၂ ဟမ်းဘတ်