အကယ်ဒမီကျော်ကျော်ဗိုလ်နှင့် တွေ့ဆုံခြင်း

အကယ်ဒမီကျော်ကျော်ဗိုလ်နှင့် တွေ့ဆုံခြင်း
Published 26 March 2019
လင်းလင်းခိုင်

၂၀၁၈ ခုနှစ်အတွက်ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် သရုပ်ဆောင် ကျော်ကျော်ဗိုလ်က မုန်းစွဲရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သည်။ မုန်းစွဲဇာတ်ကားတွင် လူရိုးလူအေး ကိုဖိုးအောင်အဖြစ်မှ မိမိနှင့်မိမိချစ်သူတို့အား အနိုင်ကျင့်စော်ကားနှိပ် စက်မှုများခံရအပြီးတွင် အမုန်းနှင့်အာဃာတများကြောင့် အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့သူအဖြစ် ပီပြင်စွာ အကောင်းဆုံးပုံဖော်ခဲ့သူ ဖြစ်သည်။ အနုပညာဖြတ်သန်းမှု ကာလတစ်လျှောက်လုံး တွင် သရုပ်ဆောင်ပီပြင်သူတစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးထားသည့် သရုပ်ဆောင်ကျော်ကျော်ဗိုလ်အတွက် ပထမဆုံးအကယ်ဒမီဆုကို ဆွတ်ခူးခဲ့ခြင်းလည်းဖြစ်သည်။ အကယ်ဒမီသရုပ်ဆောင် ကျော်ကျော်ဗိုလ်နှင့်တွေ့ဆုံ၍ အကယ်ဒမီဆုအတွက်ခံစားရမှုများ၊ အတူတွဲဖက်ပါဝင်ခဲ့သည့် သူငယ်ချင်းဖြစ်သူ နေတိုးအပါအဝင် ဆုအချို့လွဲချော်ခဲ့မှုအပေါ် ခံစားမှုများနှင့်အခြားသိလိုသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး- အကယ်ဒမီဆုကိုရရှိတဲ့အချိန်မှာ ခံစားရတဲ့ပီတိခံစားမှုလေးပြောပြပေးပါဦး။

ဖြေ - ကျွန်တော် အရမ်းပီတိဖြစ်ရသလို အရမ်းလည်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကြိုးစားမှုနဲ့ ပရိသတ်ရဲ့အားပေးမှု တစ်ထပ်တည်းကျတဲ့နှစ်လို့ ကျေကျေနပ်နပ်ကြီး ခံစားမိပါတယ်။ ပရိသတ်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

မေး - ဒီဇာတ်ကားထဲက ကာရိုက်တာက အရမ်းပင်ပန်းခဲ့တဲ့ဇာတ်ရုပ်ဖြစ်တော့ အမှတ်တရတွေရှိခဲ့မှာပေါ့။

ဖြေ - ပရိသတ်အတွက် ဖန်တီးပြသတဲ့နေရာမှာ ကာရိုက်တာတစ်ခုကိုချဉ်းကပ်ပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ နှစ်မျိုးလုံးချဉ်းကပ်ရမှာပေါ့။ စိတ်ပိုင်းဆိုင်ရာမှာဆိုလည်း ဖိုးအောင်ဆိုတဲ့ဇာတ်ရုပ်က ပထမပိုင်းမှာနူးညံ့တယ်။ သိမ်မွေ့တယ်။ ဘဝမှာနာကြည်းချက် တွေပြည့်လာတဲ့အခါ ဖိုးအောင်က ခက်ထန်ကြမ်းတမ်းလာတယ်။ အစွဲအလမ်းတွေအရမ်းကြီးပြီး အရာရာကို အလိုမကျဖြစ်လာတယ်။ ဒါကတော့ စိတ်ခံစားမှုနဲ့ပတ်သက်ပြီး ချဉ်းကပ်ရတဲ့ အပိုင်းပေါ့။ ရုပ်ပိုင်းဆိုင်ရာမှာကျတော့ ပထမပိုင်းမှာ ဖိုးအောင်က ဘယ်လိုပုံစံအနေအထားရှိမလဲ၊ ဒုတိယပိုင်းခက်ထန်ကြမ်းတမ်းမှုမှာ ဘယ်လိုအနေအထားရှိမလဲပေါ့။ ဒါကိုပရိသတ်တွေကို အက်တင်မလုပ်ပြခင်မှာ ပရိသတ်ကကျွန်တော့်ကို မြင်တဲ့အချိန်မှာ ကျွန်တော်လို့မမြင်ဘဲ ဖိုးအောင်လို့ပဲမြင်ဖို့ဆိုရင် တော်တော်ကြီးကိုပြင်ဆင်ထားမှရမယ်။ အဲဒါမျိုးလေးတွေတော့ ကျွန်တော်နက်နက်နဲနဲ ကြိုးစားခဲ့ပါတယ်။

မေးà မုန်းစွဲဇာတ်ကားမှာ အတူတွဲဖက်ကြိုးစားခဲ့ကြတယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့အနုပညာဖန်တီးမှုအပေါ် အရမ်းမျှော်လင့်ထားကြပေမယ့် လွဲချော်ခဲ့ရသူတွေလည်းရှိတော့ ဒီအပေါ်မှာ ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ - ခံစားချက်ကတော့နှစ်မျိုးပေါ့ဗျာ။ အကယ်ဒမီဆုကိုမကြေညာခင်မှာ nomination စာရင်းဝင်လေးခုကို အမြဲတမ်းပြတယ်လေ။ လေးကားလေးယောက်။ ဇာတ်ပို့ဆုအတွက်ဆိုလည်း ကျွန်တော်အပါအဝင် လေးယောက်ရှိတယ်။ ကျွန်တော်ဆုရသွားတဲ့အတွက် ဝမ်းသာရသလို ကျန်ခဲ့တဲ့ သူသုံးယောက်အတွက်လည်း ဝမ်းနည်းရတယ်။ ဒီလိုပဲ ကျွန်တော်ခံစားရတယ်။ ကျွန်တော့်သူငယ်ချင်းနေတိုး သူအရမ်းကြိုးစားထားတယ်။ သူ့ကိုရစေချင်တယ်။ သူမရတော့ ဝမ်းနည်းတယ်။ ဒါပေမယ့်သူထူးစံကျတော့လည်း ကျွန်တော့်သူငယ်ချင်းပဲ။ သူရတဲ့အတွက်လည်း ကျွန်တော်ဝမ်းသာရပြန်ရော။ အဲဒီတော့ခံစားချက်နှစ်ခုက ပူးတွဲပြီးသွားနေတာပေ့ါနော်။ နှစ်တိုင်းကတော့ အဲဒီလိုခံစားမှုတွေရှိနေမှာပဲလေ။ ကျွန်တော်တို့ အားလုံးကအနုပညာ မောင်နှမတွေချည်းပဲ ဖြစ်နေတာကိုး။ သူသာတယ်ကိုယ်နာတယ် မရှိဘူး။ ကိုယ်ဖန်တီးခွင့်ရတဲ့ အပေါ်မှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးနေကြတာပဲဆိုတော့လေ။ အားလုံးကို ကျွန်တော်ချစ်တယ်။

မေး - မုန်းစွဲဇာတ်ကားထဲက အားအရဆုံးဇာတ်ဝင်ခန်းဆိုရင်ရော ဘယ်ဇာတ်ဝင်ခန်းဖြစ်မလဲ။

ဖြေ - ကျွန်တော်သေငယ်ဇောနဲ့ မြောနေတဲ့အချိန်။ သားတွေက ရဟန်းတွေအဖြစ်နဲ့ တရားလာချတဲ့အချိန်ပေါ့။ ကျွန်တော့်စိတ်ထဲမှာအစွဲအလမ်းတွေ အကုန်ဖျောက်ထားရတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေက သင်္ကန်းဝတ်ကြီးနဲ့ ဦးဇင်းတစ်ပါးကို အာဃာတတွေ၊ အစွဲအလမ်းတွေနဲ့ နာကြည်းစိတ်တွေနဲ့ပြန် ပြောဖို့ဆိုတာကို ကျွန်တော့်စိတ်ထဲမှာနက်နက်နဲနဲလေး အားထုတ်ခဲ့ရပါတယ်။ သေငယ်ဇောနဲ့မြောနေတဲ့လှုပ်ရှားမှု၊ အသံအနိမ့်အမြင့် အတက်အကျတွေကို သတိထားရတယ်။ ဒီဘက်ကလည်း နေတိုးက ပြောသမျှတွေကို reaction ပေးတာပေါ့။ အဲဒါလေးတွေက ကျွန်တော့်အတွက် ပိုပြီးတော့ လှိုက်လှိုက်လှဲလှဲလုပ်လို့ရတဲ့ အနေအထားမျိုးဖြစ်တယ်။ ပရိသတ်တွေကို တင်ပြရာမှာလည်း ဝင်းလွင်ထက်တို့၊ သြရသတို့ရဲ့ ကင်မရာအယူအဆတွေ၊ ရိုက်ချက်တွေကြောင့်လည်း ပရိသတ်ရဲ့ရင်ထဲကို တကယ်ထိရောက်စေခဲ့တယ်။ ဇာတ်ညွှန်းရဲ့အားပါမှုကလည်း ကျွန်တော့်ရဲ့ခံစားမှုစွမ်းအားကို ပိုပြီးမြင့်တက်စေတယ်။ ကင်မရာကိုရှုထောင့်ပေါင်းစုံကဆိုတော့ နှစ်ခါသုံးခါတော့ ပြန်ရိုက်ရတယ်။

မေး - ပရိသတ်အရမ်းအားပေးခဲ့တဲ့ ဥပါယ်တံမျဉ်တို့ မီတို့လိုဇာတ်ကားတွေကလည်း ဆုနဲ့လွဲချော်ခဲ့တဲ့အပေါ်လည်း ပြောပေးပါဦး။

ဖြေ -လောကမှာအရာတိုင်းက ကိုယ့်ဆန္ဒအတိုင်းဖြစ်တည်လာကြတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့လက်ရှိ ဒီရုပ်နဲ့ဒီခန္ဓာဖြစ်တည်နေပေမယ့် မနက်ဖြန်ဆိုတာကို မျှော်လင့်ထားလို့မရဘူး။ ထာဝရဆိုတာ ဘာမှမရှိဘူး။ ဒါက တရားသဘောနဲ့ ပြောတာပေါ့။ ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာတဲ့အရာတွေ လောကကြီးမှာ ဒုနဲ့ဒေးအများကြီးရှိတယ်။ ကျွန်တော်တို့က အဲဒီအပေါ်နားလည်နိုင်ရမယ်။ လက်ခံနိုင်ရမယ်။ ခံနိုင်ရည်ရှိရမယ်။ အဲဒီလိုပဲမြင်ပါတယ်။ အားလုံးကတော့ အကောင်းဆုံးကြိုးစားခဲ့ကြတယ်။ ဒီအပေါ်မှာ ကံပိုကောင်းတဲ့ သူရသွားတယ်။ အနုပညာအရသာ တယ်နာတယ်လို့တော့ မပြောချင်ပါဘူး။ အားလုံးက အနုပညာအပေါ်မှာ တူညီတဲ့စိတ်ထားတွေနဲ့ တူညီတဲ့ ဖန်တီးမှုတွေလုပ်နေကြတဲ့ ညီအစ်ကိုမောင်နှမတွေချည်းပါပဲ။

မေး - ကိုမင်းသွေးကိုရော အခုချိန်မှာသတိရနေလား။

ဖြေ - ကျွန်တော်သတိရတာပေါ့။ ကျွန်တော့်ထက်အရင် မင်းသွေးက မုန်းစွဲဇာတ်ညွှန်းကိုကြိုဖတ်ထားတယ်။ ကျွန်တော်ပုပ္ပားမှာ ကားရိုက်နေတဲ့အချိန် သူကဖုန်းဆက်တယ်။ ကျွန်တော်နဲ့ ခင်ဗျားဆုံရမှာ တစ်ခန်းပဲရှိတယ်တဲ့။ ဒါပေမဲ့ အဲဒီအခန်းကို အရမ်းသရုပ်ဆောင်ချင်တယ်ဗျာတဲ့။ ဘာလို့လဲဆိုတော့ အဲဒီအခန်းမှာ ခင်ဗျားကို ကျွန်တော်နှိပ်စက်ရတာတဲ့။ တကယ်ရိုက်တော့လည်း သူကပြောတယ်။ ခင်ဗျားကို ကျွန်တော်ကန်တော့ထားမယ်တဲ့။ ဒါပေမဲ့စရိုက်ပြီဆိုတာနဲ့ ရန်သူအနေနဲ့ပဲ ဆက်ဆံမယ်တဲ့။ အဲဒီတော့ ကျွန်တော်ခံစားရတာကလေ ဒီလောက်အံ့သြလောက်အောင် အောင်မြင်သွားတဲ့ မုန်းစွဲရဲ့အောင်မြင်မှုကို သူမခံစားလိုက်ရဘူးပေါ့။ အဲဒါကြောင့် အရာရာတိုင်းက ကိုယ်ဖြစ်စေချင်သလိုဖြစ်မလာဘူးဆိုတာ ဒါပါပဲ။

မေး - ကျွန်တော်ရှက်တယ်ဆိုတဲ့ ဗီဒီယိုလေးကိုတင်ခဲ့သလို အခုနောက်ပိုင်းမှာရော အရည်အသွေးကို ဦးစားပေးဖန်တီးတဲ့ ဇာတ်ကားတွေကိုပဲ ရွေးချယ်ဖြစ်မလား။

ဖြေ - ဒီဗီဒီယိုကိုတင်ခဲ့တာက အဓိကတော့ကျွန်တော့် စိတ်ထဲမှာ ဖြတ်သန်းခဲ့တဲ့အနုပညာသက်တမ်းအရ Turning Point တစ်ခုကိုရောက်လာပြီ။ ကျွန်တော်တို့ လောကသားတွေကို အပြစ်ပြောတာမဟုတ်ဘူး။ တပ်လှန့်ပေးတဲ့အနေနဲ့ပါ။                                       

 

Most Read

Most Recent