အိမ်ကွင်းမှာ ဂိုးမရှိသရေပွဲတွေနဲ့ ကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်နဲ့ လိုင်ယွန်

အိမ်ကွင်းမှာ ဂိုးမရှိသရေပွဲတွေနဲ့ ကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်နဲ့ လိုင်ယွန်
Photos: AFP
Photos: AFP
Published 20 February 2019

ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ် ဒုတိယအသုတ် ပထမရက်ပွဲစဉ် (၂)ပွဲဖြစ်တဲ့ လီဗာပူးလ် - ဘိုင်ယန်မြူးနစ်နဲ့ လိုင်ယွန် - ဘာစီလိုနာပွဲတွေကတော့ (၂) ပွဲစလုံး ဂိုးမရှိသရေနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပထမအသုတ်ပွဲစဉ်တွေမှာ သွင်းဂိုးတွေမြင်ရခဲ့ပေမယ့် အခုဒုတိယအသုတ်ပွဲစဉ်တွေမှာတော့ ပထမရက်မှာပဲ သွင်းဂိုးလုံးဝမရှိခဲ့တာက အ့ံအားသင့်စရာလို့ပဲဆိုရပါလိမ့်မယ်။

ထိပ်တန်းအသင်းတွေအချင်းချင်းတွေ့မယ့်ပွဲစဉ်တွေဖြစ်လို့ သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိမယ်မျှော်လင့်ထားခဲ့ပေမယ့် လက်တွေ့မှာတော့ ဂိုးမရှိသရေရလဒ်တွေနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ လီဗာပူးလ်အသင်းကတော့ ပွဲချိန်တော်တော်များများမှာ ဘိုင်ယန်မြူးနစ်အသင်းကို ဖိအားပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးကံခေနေသလို၊ တိုက်စစ်မှူးတွေအခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးရဖို့ခက်နေခဲ့တာပါ။

အရေးကြီးတဲ့ ပထမအကျော့ပွဲစဉ်ဖြစ်လို့ လီဗာပူးလ်အသင်းရော၊ ဘိုင်ယန်မြူးနစ်အသင်းပါ အဓိကကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ကြပြီး လီဗာပူးလ်အသင်းက အခွင့်အရေးတွေ ပိုရခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့လျင်မြန်တဲ့ တိုက်စစ်အားတွေက ဘိုင်ယန်မြူးနစ်ခံစစ်ကို အလုပ်ရှုပ်စေခဲ့ပြီး ဆာလာ၊ ဖေမီနို၊ မာနေတို့ရဲ့တိုက်စစ်အားကို ဘိုင်ယန်မြူးနစ်နောက်ခံလူတွေဖြစ်တဲ့ ဟမ်းမဲလ်၊ ဇူလာတို့ ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတာပါ။

လီဗာပူးလ်အသင်းရဲ့တိုက်စစ်ကစားသမား မာနေ အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်တာကလည်း လီဗာပူးလ်အသင်းကိုနစ်နာစေခဲ့တယ်လို့ဆိုရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ခံစစ်အစွန်နှစ်ဖက်ကတော့ ဒီနေ့ပွဲမှာ တာဝန်ကျေခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။

ဘိုင်ယန်မြူးနစ်ရဲ့လက်နက်လို့ဆိုရမယ့် ကိုးမန်း၊ နာဘရီတို့ရဲ့လျင်မြန်မှုအသားပေးတဲ့ တောင်ပံကစားအားတွေကိုလည်း လီဗာပူးလ်အသင်းခံစစ်မှူးတွေ အကောင်းဆုံးရပ်တန့်နိုင်ခဲ့လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေပျောက်ခဲ့ပြီး လီဝန်ဒေါစကီးလည်း အခွင့်အရေးကောင်းကောင်း မရခဲ့ပါဘူး။

နှစ်သင်းစလုံးရဲ့ဂိုးသမားနှစ်ဦးစလုံးကလည်း ဂိုးသွင်းခွင့်အချို့ကို ကာကွယ်နိုင်ခဲ့လို့ ပွဲအပြီးမှာတော့ ဂိုးမရှိသရေနဲ့သာပြီးဆုံးခဲ့ပါတယ်။

လိုင်ယွန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်ကလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

အထူးသဖြင့်လိုင်ယွန်အသင်းရဲ့ကစားအားက ဘာစီလိုနာကို အခက်တွေ့စေခဲ့ပြီး ဂိုးရဖို့နီးစပ်ခဲ့တဲ့အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။

အိမ်ကွင်းဖြစ်တာကြောင့် လိုင်ယွန်အသင်းရလဒ်ကောင်းဖို့ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာအသင်းရဲ့ သမ္ဘာနဲ့ကစားအားကိုတော့ ကျော်လွန်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ပွဲအစပိုင်းတွေမှာ လိုင်ယွန်အသင်းရဲ့ဖိအားပေးမှုတွေကို ဘာစီလိုနာခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပြီး လိုင်ယွန်အသင်းရဲ့ ဂိုးရနိုင်တဲ့အခွင့်အရေး (၂) ကြိမ်လောက်ကို စတီဂန်ကာကွယ်သွားနိုင်ခဲ့လို့လည်း ဘာစီလိုနာသက်သာရာရခဲ့တာပါ။

အဝေးကွင်းပွဲစဉ်ဖြစ်လို့လည်း ဘာစီလိုနာပွဲကိုထိန်းကစားသွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဂိုးရဖို့အတွက်ဖိအားပေးခဲ့လို့ လိုင်ယွန်အသင်းရဲ့ကစားအားပြန်ကျသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာတော့ ဘာစီလိုနာတိုက်စစ်မှူးဆွာရက်ဇ်ဟာ ချန်ပီယံလိဂ်မှာအဝေးဂိုးရဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး အခွင့်အရေးတွေကိုလည်း အသုံးမချနိုင်ခဲ့ပါဘူး။

မက်ဆီကတော့ တစ်ကိုယ်တော်ကျော်ဖြတ်မှုတွေနဲ့ ဂိုးရဖို့ကြိုးစားခဲ့ပေမယ့် လိုင်ယွန်ခံစစ်က ပိတ်ဆို့မှုတွေကြားမှာ အရာမထင်ခဲ့တာပါ။

ပွဲအပြီးမှာတော့ ဘာစီလိုနာအသင်းက အဝေးကွင်းမှာ လိုအပ်တဲ့သရေရလဒ်ကို ရယူသွားနိုင်ခဲ့ပြီး ဒုတိယအကျော့ကို နူးကမ့်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် နောက်တစ်ဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပါတယ်။

■ ယနေ့ကစားသည့်ပွဲစဉ်များ ရလဒ်

ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့

လီဗာပူးလ် ၀-၀ ဘိုင်ယန်မြူးနစ်

လိုင်ယွန် ၀-၀ ဘာစီလိုနာ

လိဂ်ချန်ပီယံရှစ်

QPR ၂-၃ ဝက်စ်ဘရွန်း

Most Read

Most Recent