ရခိုင်ပြည်နယ်တွင် တပ်မတော်အခြေစိုက်စခန်းသစ်များ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စိုးရိမ်မိကြောင်း ပြောကြား

ရခိုင်ပြည်နယ်တွင် တပ်မတော်အခြေစိုက်စခန်းသစ်များ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စိုးရိမ်မိကြောင်း ပြောကြား
Photo : AFP
Photo : AFP
Published 9 February 2019

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တစ်ဦးဖြစ်သော ယန်ဟီးလီက ရခိုင်ပြည်နယ်တွင် တပ်မတော်အခြေစိုက် စခန်းသစ်များ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

ယန်ဟီးလီက မြန်မာတပ်မတော်သည် ဒေသတစ်ခုလုံး တစ်လျှောက် အခြေစိုက်စခန်းသစ်များ တည်ဆောက်နေသည်ဟု သူ့အား ပြောကြားခဲ့ကြသည်ဟု ဆိုသည်။ ၎င်းအပြင် အရပ်သားများသည် ရခိုင်ပြည်နယ်ရှိ ရွာများကို ဖြတ်သန်းကာ ရွေ့လျားနေသည့် တပ်ဖွဲ့များကို တွေ့မြင်ခဲ့ရပြီး အနီးအနား၌ သေနတ်သံများ ကြားရသည်ဟု သတင်းပေးပို့ချက်များကိုလည်း ရရှိခဲ့သည်ဟု ဆိုသည်။

နယူးယောက်မြို့တွင် လွတ်လပ်သော ရိုဟင်ဂျာ ညွန့်ပေါင်းအဖွဲ့ (FRC) က ကြီးမှူး၍ ညီလာခံတစ်ရပ် ပြုလုပ်ခဲ့ပုံ ဗီဒီယိုတစ်ခုမှတစ်ဆင့် ယန်ဟီးလီ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းတွင် ယန်ဟီးလီက ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်များအတွက် လူ့အခွင့်အရေးဆိုင်ရာ အနေအထားမှာ ဆက်လက် ဆိုးရွားနေဆဲဖြစ်ကြောင်း သတိပြု ပြောကြားခဲ့သည်။

ယန်ဟီးလီသည် တိုက်ပွဲများ မကြာမီ ဒေသအတွင်း၌ ပျံ့နှံ့လာမည်ကို စိုးရိမ်မိကြောင်း ပြောကြားလျက် “ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုကို အခုအခါမှာ ရပ်ရပါတော့မယ်” ဟုဆိုသည်။ အဆိုပါ ဒေသအတွင်း လက်ရှိတွင် ပြည်တွင်း၌ပင် နေအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁၆၂,၀၀၀ ရှိသည်ဟု ဆိုသည်။

“လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဖွဲ့စည်းခွင့်တွေ အပါအဝင် ဒီမိုကရေစီဝန်းကျင်ဟာ အလွန်ပျက်စီးလွယ်ပြီး နိုင်ငံတစ်လွှားက လူ့အသိုက်အဝန်းတွေဟာ ဘာသာရေးနဲ့ လူမျိုးရေးကိုလိုက်ပြီး သဘောထား ကွဲလွဲနေဆဲပါပဲ။ တိုင်းရင်းသား လူနည်းစုတွေဟာ ဘေးဖယ်ထားခံရခြင်းနဲ့ ခွဲခြားဆက်ဆံခံရခြင်းတွေကို ရင်ဆိုင်နေရပါတယ်” ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။

FRC က ကြီးမှူးသည့် နှစ်ရက်ကြာ ညီလာခံသို့ လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် တာဝန်ခံမှုရှိရန် နည်းလမ်းရှာဖွေရေးအတွက် ကမ္ဘာတစ်လွှားမှ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂါလီမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့မှုအတွက် တာဝန်ခံရန် စုပေါင်းလှုပ်ရှားမှုတစ်ရပ် တည်ဆောက်ရေးကို FRC က ကြိုးပမ်းနေခြင်းဖြစ်သည်။

ယန်ဟီးလီက မြန်မာအစိုးရအနေဖြင့် မွတ်စလင်လူနည်းစုအပေါ် လူမျိုးစုလိုက် သုတ်သင်မှုနှင့် အခြားနိုင်ငံများသို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များ ပြန်လက်ခံရေးတို့အတွက် တာဝန်ခံမှု ရှိရမည်ဟု ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂါလီမွတ်စလင် ၂၄ç၀၀၀ ခန့် သတ်ဖြတ်ခံရသည်ဟု အွန်တာရီယို နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (OIDA) ၏ အစီရင်ခံစာတစ်ရပ်၌ ဖော်ပြခဲ့သည်။ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ၏ အစီရင်ခံစာ တစ်ရပ်တွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည် လူသားဆန်မှုကို ချိုးဖောက်သည့် ရာဇဝတ်မှု မြောက်သည်ဟု ဆိုထားသည်။

Ref : Anadolu Agency

Most Read

Most Recent