ရခိုင်အရေးကို မကိုင်တွယ်တတ်ပါက ပြည်ထောင်စုအရေးကို ထိခိုက်မည် ဖြစ်ကြောင်း နှင့် ပြဿနာများကို ဖြေရှင်းရာတွင်လည်း မာနနှင့် မိမိဆန္ဒ တစ်ခုတည်းကိုသာ အဓိကထားပြီး ဖြေရှင်းနေသည့်အတွက် စိတ်ပူစရာကောင်းကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၇ ရက်က ရန်ကုန်မြို့တွင် “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်ခဲ့ရာ စကားဝိုင်းတွင် ဦးစိုင်းညွန့်လွင်က အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့သည်။
ရခိုင်အရေးသည် ပထဝီနိုင်ငံရေး နှင့် သက်ဆိုင်သည်ဟု ပညာရှင် တော်တော်များများက လက်ခံထားကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
“ဒီအပြင် ပထဝီနိုင်ငံရေးနဲ့လည်း ပတ်သက်နေတယ်လို့ ပညာရှင်တော်တော်များများက လက်ခံထားတာ တွေ့ရပါတယ်။ ပထဝီ နိုင်ငံရေးဆိုတာက ဒီအင်အားကြီးနိုင်ငံဖြစ်တဲ့ အနောက်ဘက်က အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အရှေ့ဘက်က တရုတ် စသဖြင့် ဒီအင်အားကြီးနိုင်ငံတွေရဲ့ စားကျက်ပေါ့နော်။ သူတို့ရဲ့ အားပြိုင်မှု အနေအထားမှာ ရခိုင်ပြည်နယ်ဟာ၊ ရခိုင်လူထုဟာ မြေစာပင်တွေ ဖြစ်နေမယ် ဆိုတာကို ကျွန်တော်တို့ မြင်နေရတယ်။ စိတ်ပူနေရတယ်။ ဒီကမှတစ်ဆင့် ကျွန်တော်တို့ တကယ်လို့သာ ကိုင်တွယ်မှုသာ မတတ်ဘူး၊ လွဲမှားနေတယ်၊ စဉ်းစားချက်တွေ လွဲနေတယ်ဟေ့ ဆိုရင်တော့ ကျွန်တော်တို့ ပြည်ထောင်စုကြီးအရေးကို ထိခိုက်မှာ ဖြစ်တယ်။ ကျွန်တော်တို့ လိုချင်နေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ထို့နောက် ပြည်တွင်းတွင် ဖြစ်ပွားနေသည့် ပြဿနာများကို ဖြေရှင်းသည့်အချိန်တွင်လည်း ကိုယ့်ဆန္ဒတစ်ခုတည်းကိုသာ အဓိကထားပြီး ဖြေရှင်းနေကြကြောင်း ဦးစိုင်းညွန့်လွင်က ဆိုသည်။
“အခု ကျွန်တော်တို့ မြင်နေရတာက ရခိုင်ကိစ္စကိုဖြစ်တဲ့ ကျွန်တော်တို့ မြန်မာပြည်တွင်းထဲမှာ ပြဿနာတွေကို ရှင်းတဲ့အခါမှာ မာနတွေနဲ့ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းနဲ့ ကိုယ့်ဆန္ဒ တစ်ခုတည်းကိုထားပြီး ရှင်းနေကြတာတွေကို တွေ့နေရတော့ ဒါက အင်မတန်မှ စိတ်ပူစရာကောင်းတယ်။ ဘာကြောင့် စိတ်ပူစရာကောင်းလဲ ဆိုတော့ ဒီလိုရှင်းနေတဲ့လူတွေက နိုင်ငံတော် မှာ တာဝန်ရှိနေတဲ့လူတွေ ဖြစ်နေလို့ပဲ” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ထို့ပြင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့်ပတ်သက်၍ လူထုကို Message (သတင်း) ပေးသည့်အချိန်တွင် ခြိမ်းခြောက်သကဲ့သို့ ပြောဆိုခြင်းများ များစွာရှိလာကြောင်း၊ ထိုကဲ့သို့ ပြောဆိုရမည့်ကိစ္စများ မဟုတ်ကြောင်း၊ ယင်းကဲ့သို့ မပြောသင့် မပြောထိုက်သည့် ကိစ္စများထဲမှ သတင်းစာရှင်းလင်းပွဲက တစ်ဆင့် ပြောဆိုလာခြင်းသည် စိတ်ပူစရာကောင်းကြောင်း၊ မိမိတို့ လိုချင်သည်မှာ ပြဿနာကို ကိုယ့်အချင်းချင်း ဖြေရှင်းသည့်အချိန်တွင် ရင့်ရင့်ကျက်ကျက်၊ သဘောထားကြီးစွာဖြင့် ဖြေရှင်းစေချင်ကြောင်း၊ အင်အားကြီးသူက အင်အားငယ်သူကို အခွင့်အရေးပေးပြီး ဆွေးနွေးစေချင်ကြောင်း ဦးစိုင်းညွန့်လွင်က ဆိုသည်။
“ဒီနေ့ မြန်မာနိုင်ငံရဲ့ အင်မတန် အရေးကြီးတဲ့ကိစ္စထဲမှာ ဒီနှစ်ခု (ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် မြစ်ဆုံစီမံကိန်း) တည်း မကပါဘူး။ ရခိုင့်ကိစ္စကိုလည်း ထည့်သွင်း ဖြည့်စွက်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဒီရခိုင် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပထမတော့ နိုင်ငံရေးအရ ဖြေရှင်းရမယ့်ကိစ္စလိုလို ဘာလိုလိုဖြစ်နေတဲ့ ဘဝကနေပြီးတော့ အခု နိုင်ငံတကာက ဝင်ရောက်စွကဖက် ပါဝင်ပြီးတော့ ဆွေးနွေးနေတဲ့ အနေအထားမျိုးတွေ ရောက်လာပြီ” ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
အဆိုပါစကားဝိုင်းတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီမှ ဦးဦးလှမြင့်၊ ဦးစိုင်းညွန့်လွင်၊ ဦးကြီးမြင့် (ဥပဒေပညာရှင်) နှင့် ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးသုတေသီ) တို့က ပါဝင်ဆွေးနွေးကြသည်။