ပရီးမီးယားလိဂ်ပွဲကျန် ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲကျန် ပွဲပြီးသုံးသပ်ချက်
Photo: Daily Mail
Photo: Daily Mail
Published 15 January 2019

ဂိုးပြတ်နိုင်ပွဲနဲ့ လီဗာပူးလ်ကို ဆက်ပြီးဖိအားပေးခဲ့တဲ့ မန်စီးတီး 

မန်စီးတီး ၃-၀ ဝုလ်ဗ်

ဒီရာသီ ပရီးမီးယားလိဂ်မှာ ထိပ်သီးအသင်းတွေကို ဒုက္ခပေးနေတဲ့ ဝုလ်ဗ်အသင်း ဒီပွဲမှာတော့ ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

စောစောစီးစီး ဂိုးပေးလိုက်ရတဲ့အပြင် နောက်ခံလူ ဘိုလီ ထုတ်ပယ်ခံလိုက်ရတာကြောင့်လည်း ဝုလ်ဗ်အသင်းအနေနဲ့ မန်စီးတီးကို ဘယ်လိုမှ တောင့်ခံနိုင်စွမ်းမရှိဘဲ ဖြစ်သွားခဲ့ရတာပါ။

ဂွါဒီယိုလာက အဂွဲရိုးနဲ့ ဒီဘရိုင်းနားတို့ကို အရန်ခုံမှာပဲ ထိုင်ခိုင်းခဲ့ပြီး စတာလင်၊ ဂျေးဆူ၊ ဆာနေးအတွဲနဲ့ တိုက်စစ်ဆင်ကစားခဲ့ပါတယ်။

ပွဲအစ(၁၀)မိနစ်မှာပဲ ဆာနေးရဲ့ပေးပို့မှုကနေ ဂျေးဆူက အဖွင့်ဂိုးသွင်းယူခဲ့ပြီး (၁၉)မိနစ်မှာ ဘာနာဒိုဆေးလ်ဗားကို တားဆီးရာက ဝုလ်ဗ်နောက်ခံလူ ဘိုလီအနီကတ် နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါကြောင့် ဝုလ်ဗ် နည်းပြ နူနိုဆန်တိုက (၅)ယောက်တန်းခံစစ် ပြောင်းပြီး မန်စီးတီးအသင်းကို ခုခံဖို့ကြိုးစားခဲ့ပါတယ်။

တစ်ယောက်အသာရသွားတဲ့ မန်စီးတီးအသင်းက တောက်လျှောက်ဖိအားပေးခဲ့ကာ (၃၉)မိနစ်မှာတော့ စတာလင်ကြောင့် ပယ်နယ်တီရရှိခဲ့ပြီး ဂျေးဆူကပဲ ကန်သွင်းယူခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဝုလ်ဗ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေ ပိုအသက်ဝင်လာခဲ့ပေမယ့် ဂိုးရနိုင်လောက်တဲ့အဆင့်အထိတော့ မရောက်ခဲ့ပါဘူး။ မန်စီးတီးအတွက် တတိယဂိုးကတော့ (၇၇)မိနစ်မှာ ဒီဘရိုင်းနားရဲ့ကန်ချက်ကို ဝုလ်ဗ်နောက်ခံလူ ကိုအာဒီ ကာကွယ်ရင်း ကိုယ့်ဂိုးကိုယ် သွင်းမိသွားခဲ့တာပါ။

လာလီဂါ ရလဒ်

ဆိုစီဒက် ၃-၂ အက်စ်ပန်ညို

ကိုပါအီတာလီယာ ရလဒ်များ

ကာဂလီယာရီ ၀-၂ အတ္တလန်တာ

ရိုးမား ၄-၀ အန်တယ်လာ