စပါးနှင့်ပွဲတွင် မန်ယူအသင်း တိုက်စစ်ဖွင့်ကစားမည်ဟု လင်ဂတ် ပြောကြား

စပါးနှင့်ပွဲတွင် မန်ယူအသင်း တိုက်စစ်ဖွင့်ကစားမည်ဟု လင်ဂတ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 13 January 2019

မန်ယူအသင်းတောင်ပံကစားသမား လင်ဂတ်က စပါးအသင်းနှင့်ပွဲတွင် ၎င်းတို့အနေဖြင့် တိုက်စစ်ဖွင့်ကစားမည်ဖြစ်ကြောင်း အသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်တွင် တိုက်စစ်အသားပေးသည့် ပုံစံကို ကစားခဲ့ပြီး (၅)ပွဲစလုံး အနိုင်ရရှိခဲ့ပြီး တိုက်စစ်က (၁၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား လင်ဂတ်က စပါးနှင့် ကစားမည့်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်သော်လည်း အနိုင်(၃)မှတ်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

လင်ဂတ်က "စပါးအသင်းနဲ့ ပွဲစဉ်က ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကိုယ့်ခြေစွမ်းကိုယုံကြည်မှုအပြည့် ရှိပါတယ်။ စပါးနဲ့ပွဲစဉ်မှာ ကျွန်တော်တို့အနေနဲ့ အနိုင် (၃) မှတ်ရရှိဖို့ကိုပဲ ဦးတည်ပြီးကစားသွားမှာပါ။ လက်ရှိအချိန်မှာ ကျွန်တော်တို့အသင်းနိုင်ပွဲတွေ ဆက်နေပြီး စပါးအသင်းကို နိုင်ခဲ့မယ်ဆိုရင် အရမ်းကို အဆင်ပြေသွားမှာပါ။ မန်ယူအနေနဲ့ ကွင်းအတွင်း လာကြည့်တဲ့ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်စစ်ဖွင့်ကစားသွားမှာပါ။ စပါးနဲ့ ကစားရတဲ့ ပွဲစဉ်တွေက စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အဲဒီပွဲစဉ်မှာ အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

စပါးနှင့် မန်ယူတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဇန်နဝါရီလ (၁၃)ရက် (တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၁၁:၀၀ နာရီ)တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်ပြီး ပ-ကျော့တွေ့ဆုံမှုတွင် စပါးအသင်းက အိုးလ်ထရက်ဖို့ဒ်ကွင်း၌ မန်ယူအသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။