အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲများကို မြန်မာနှင့် ဗီယက်နမ် ကျင်းပခွင့်ရရှိ

အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲများကို မြန်မာနှင့် ဗီယက်နမ် ကျင်းပခွင့်ရရှိ
Photo : EMG
Photo : EMG
Published 12 January 2019

ဒုတိယအဆင့် ခြေစစ်ပွဲများကို ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းရှစ်သင်းကို လေးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC)သည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲများကို မြန်မာနှင့် ဗီယက်နမ်နိုင်ငံ၌ကျင်းပရန် ဇန်နဝါရီ ၁၁ ရက် က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဒုတိယအဆင့် ခြေစစ်ပွဲများကို ၂၀၁၉ ခုနှစ် ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အသင်းရှစ်သင်းကို လေးသင်းနှစ်အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။

ပထမအဆင့် ခြေစစ်ပွဲများအပြီးတွင် သြစတြေးလျ၊ တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ မြန်မာ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်နှင့် နီပေါ အသင်းတို့ ဒုတိယအဆင့် ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံများ ရွေးချယ်ပြီးဖြစ်သောကြောင့် အုပ်စုမဲခွဲမှုကိုလည်း မကြာမီ ပြုလုပ်မည်ဖြစ်သည်။  

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ယင်းခြေစစ်ပွဲကို မန္တလေးမြို့၌ ကျင်းပမည်ဖြစ်ပြီး ပထမအဆင့် ခြေစစ်ပွဲနှင့် ဒုတိယအဆင့်ခြေစစ်ပွဲကို ဆက်တိုက် ကျင်းပခွင့်ရခြင်းဖြစ်သည်။

ပထမအဆင့်ခြေစစ်ပွဲကို အုပ်စုခြောက်ခုခွဲ၍ကျင်းပခဲ့ပြီး မြန်မာ၊ ဗီယက်နမ်၊ လက်ဘနွန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်နှင့် ထိုင်းနိုင်ငံတို့၌ ကျင်းပကာ ဒုတိယအဆင့်သို့ အသင်းရှစ်သင်း တက်ရောက်ခဲ့သည်။

ပထမအဆင့်ခြေစစ်ပွဲ ကို ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာအသင်းသည်  အုပ်စု (F) တွင် ပါဝင်ကာ ပါလက်စတိုင်းအသင်း နုတ်ထွက်သွားသောကြောင့် သုံးသင်းသာ ယှဉ်ပြိုင်ခဲ့ရသည်။

မြန်မာအသင်းသည်  ပထမပွဲတွင် လာအိုအသင်းကို (၃-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲတွင် အီရန်အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် အကောင်းဆုံးအုပ်စုဒုတိယနေရာမှ ဒုတိယအဆင့်သို့ တက်ရောက်ခဲ့ ခြင်းဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန် စခန်းဝင် လေ့ကျင့်မှုပြုလုပ်နေပြီဖြစ်ပြီး နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက်ကိုင်တွယ်လျက်ရှိသည်။

ဒုတိယအဆင့်အုပ်စုတွင် အုပ်စုတစ်ခုမှ ထိပ်ဆုံးနှစ်သင်းစီ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးရှိနေကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းကို ပဏာမကစား သမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး အမျိုးသမီး လိဂ်ပြိုင်ပွဲ ပထမအကျော့ပြီးဆုံးပါက ခြေစမ်း ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း သည် မတ်လအတွင်း ဂျပန်နိုင်ငံ$ ကျင်းပမည့် ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဘောလုံး ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဒုတိယအဆင့်ခြေစစ်ပွဲကို ဧပြီနောက်ဆုံးပတ်မှသာ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ခြေစစ်ပွဲမတိုင်မီ ပြည်တွင်း၊ပြည်ပခြေစမ်းပွဲများ ဆက်တိုက်ကစားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်တွင် လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းကစားမည်ဖြစ်သည်။