စပါးအသင်း ဆုဖလားများရသင့်ပြီဟု ဆွန်ဟောင်မင်ပြောကြား 

စပါးအသင်း ဆုဖလားများရသင့်ပြီဟု ဆွန်ဟောင်မင်ပြောကြား 
Photo: Getty Images
Photo: Getty Images
Published 29 December 2018

စပါးအသင်း တိုက်စစ်ကစားသမား ဆွန်ဟောင်မင်က ၄င်းတို့အသင်းအနေဖြင့် ဆုဖလားများရရှိသင့်ပြီဖြစ်ကြောင်းနှင့် ဆုဖလားများရရှိရန် ကြိုးစားရာတွင်ကံဆိုးမှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ပြီးခဲ့သည့် (၃) ရာသီဆက်တိုက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ထိပ်ဆုံး (၃) သင်းစာရင်းဝင်ခဲ့ပြီး ၂၀၁၆-၁၇ ရာသီက ချန်ပီယံဖြစ်ခဲ့သည့် ချယ်လ်ဆီးအသင်းနောက် ဒုတိယနေရာရရှိခဲ့သည်။ 

စပါးအသင်းသည် ၂၀၀၇-၀၈ ရာသီက လိဂ်ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် ဆုဖလားများနှင့် ဝေးကွာနေသည့်အတွက် အသင်းနည်းပြ ပိုချက်တီနိုမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က  ၄င်းတို့အနေဖြင့် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ချန်ပီယံလောင်းစာရင်းတွင် ပါဝင်နေသည့်အတွက် အလွန်ပျော်ရွှင်မိကြောင်းနှင့် ဆုဖလားများ ရယူရန်အချိန်တန်ပြီဟု ပြောကြားခဲ့သည်။ 

Sky Sports နှင့် တွေ့ဆုံရာတွင် ဆွန်ဟောင်မင်က '' ရိုးသားစွာဝန်ခံရရင် ကျွန်တော်တို့အသင်းက ဆုဖလားတွေနဲ့ပတ်သက်လာရင် ကံမကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဆုဖလားတွေနဲ့ အနီးစပ်ဆုံးအနေအထားကို ရောက်ခဲ့ပြီး လူတွေက ဒီနှစ်ကတော့ စပါးနှစ်ပဲလို့ ပြောခဲ့ကြပေမယ့် နောက်ဆုံးမှာ ကျွန်တော်တို့ချန်ပီယံဆုနဲ့ လွဲခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆုဖလားတွေ ရယူနိုင်မယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ ဒါပေမဲ့ ကံတရားလည်းလိုအပ်ပါတယ်။ ကျွန်တော်တို့အသင်းဟာ ဆုဖလားရသင့်နေပါပြီ။ စပါးအသင်းကစားသမားတွေဟာ ဆုဖလားတစ်ခုခုရရှိဖို့ ထိုက်တန်သူတွေပါ။ ဆုဖလားတွေ ဆွတ်ခူးဖို့ဆိုတာမျိုးက ဖိအားတော့ အလွန်များပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့အသင်းပရီးမီးယားလိဂ်မှာ အဆင့် (၂) ရနေပေမယ့် ဘယ်သူမှ ကျွန်တော်တို့ကို အဖက်မလုပ်ကြဘဲ မန်စီးတီးနဲ့ လီဗာပူးလ်အကြောင်းပဲ ပြောနေကြပါတယ်။ ဒါပေမဲ့ ဒါက ပြဿနာတစ်ခုတော့မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကိုယ့်အလုပ်ကို အကောင်းဆုံးအာရုံစိုက်ပြီးကြိုးစားသွားမှာပါ။ ရာသီကုန်တဲ့အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်'' ဟုပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဆွန်ဟောင်မင်သည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂၃) ပွဲကစားထားရာ (၁၀) ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့သည်။

Most Read

Most Recent