အောင်သူကို ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်သို့ တစ်ရာသီအငှားစေလွှတ်မည်ဟု ရတနာပုံအသင်းပိုင်ရှင် အတည်ပြု

အောင်သူကို ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်သို့ တစ်ရာသီအငှားစေလွှတ်မည်ဟု ရတနာပုံအသင်းပိုင်ရှင် အတည်ပြု
Photo: Kaung Htet Aung
Photo: Kaung Htet Aung
Published 14 December 2018

မြန်မာလက်ရွေးစင်အသင်း၏ရတနာပုံတိုက်စစ်မှူး အောင်သူကို ထိုင်းကလပ် မြောင်တောင်ယူနိုက်တက်သို့ တစ်ရာသီအငှားစေလွှတ်မည်ဖြစ်ကြောင်း ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက အတည်ပြုပြောကြားလိုက်သည်။ 

အောင်သူသည်  လာမည့် ၂၀၁၉ ဘောလုံးရာသီတွင် ဂျေလိဂ်သို့ပြောင်းရွေ့မည်ဟု သတင်းများထွက်ပေါ်နေသောကစားသမားဖြစ်သော်လည်း အသင်းပိုင်ရှင်က ထိုင်းကလပ် သို့သာ ပြောင်းရွေ့မည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။ ''အောင်သူက ထိုင်းမှာပဲဆက်ရှိမှာပါ။ ထိုင်းကလပ်(၃)ခုကနေ အောင်သူကို တရားဝင်ကမ်းလှမ်းထားရှိပါတယ်။ အဲ့ဒီအထဲကမှ သူ့စိတ်ကြိုက်ဖြစ်တဲ့ အသင်းကိုပြောင်းရွေ့စေဖို့ပြောထားပါတယ်။ အောင်သူက မြောင်တောင်ကို ပြောင်းကစားဖို့ရွေးချယ်လိုက်တယ်။လက်ရှိမှာတော့ စာချုပ်ကိစ္စညှိနှိုင်းဖို့့ပဲကျန်ပါတော့တယ်။လစာကတော့ များမှာပါ။''ဟု ရတနာပုံ အသင်းပိုင်ရှင်ဒေါက်တာစိုင်းဆမ်ထွန်းက ဒီဇင်ဘာ(၁၄)ရက်နေ့တွင် အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

 

 

ရတနာပုံအသင်းသည်အောင်သူ အား ထိုင်းကလပ်သို့ တစ်ရာသီအငှားစေလွှတ်သွားမည်ဖြစ်ပြီး ရရှိမည့် လစာပမာဏကိုထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။ လက်ရှိတွင် အောင်သူ၏အပြောင်းအရွေ့နှင့်ပတ်သက်ပြီး မြောက်တောင်ယူနိုက်တက်မှ တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ရတနာပုံအသင်းဘက်မှအတည်ပြုခဲ့ခြင်းဖြစ်သည်။ အောင်သူသည်ပြီးခဲ့သည့်ဘောလုံးရာသီတွင်  ထိုင်းကလပ် Police Tero အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပြီး (၁၁)ဂိုးသွင်းယူကာ (၈)ဂိုးဖန်တီးပေးနိုင်ခဲ့သည်။တိုက်စစ်မှူးအောင်သူအားလာရောက်ကမ်းလှမ်းခဲ့သော အသင်းများတွင် ဂျပန်(ဂျေလိဂ်) ဒုတိ်ယတန်းမှ ကလပ်များလည်းပါဝင်ခဲ့သလို ထိုင်းကလပ်ချောင်ဘူရီအသင်းကလည်း မြောင်တောင်နှင့်အပြိုင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြောင်တောင်ယူနိုက်တက်သည် အောင်သူကို ခေါ်ယူရန်အတွက် ၂၀၁၈ ဆူဇူကီးပြိုင်မတိုင်မီကတည်းက ကြိုးပမ်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် အပြီးသတ်ခေါ်ယူရန် ညှိနှိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြောင်တောင်ယူနိုက်တက်အသင်းက အောင်သူနှင့် အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ခြင်းမရှိသေး သော်လည်း မြောင်တောင်အသင်းဂျာစီကိုကိုင်ဆောင်ထားသော အောင်သူ၏ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျ့ံနှ့ံလျက်ရှိသည်။ ထို့အပြင် အောင်သူနှင့်မြောင်တောင်အသင်းတို့သည် အပြီးသတ်စာချုပ်ချုပ်ဆိုခြင်းကို ဒီဇင်ဘာ (၁၅)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း FOX Sports Asia က ဖော်ပြခဲ့သည်။ 

Most Read

Most Recent