မိမိအကြိုက်ဆုံးမန်ယူကစားသမားမှာ စီရော်နယ်လ်ဒိုဖြစ်ကြောင်း မာစီယဲလ်ဖွင့်ဟ

မိမိအကြိုက်ဆုံးမန်ယူကစားသမားမှာ စီရော်နယ်လ်ဒိုဖြစ်ကြောင်း မာစီယဲလ်ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 27 November 2018





မန်ယူအသင်း၏ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်က မန်ယူကစားသမားများထဲတွင် မိမိအကြိုက်ဆုံးမှာ စီရော်နယ်လ်ဒိုဖြစ်ကြောင်း မန်ယူအသင်းဝက်ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

လက်ရှိတွင် ဂျူဗင်တပ်စ်အသင်း၌ ကစားနေသည့် အသက် (၃၃) နှစ်အရွယ် စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် (၆) ရာသီအတွင်း (၁၁၈) ဂိုးသွင်းယူခဲ့ပြီး အသင်းနှင့်အတူ ဆုဖလားများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။

မာစီယဲလ်က ၄င်းအနေဖြင့် စီရော်နယ်လ်ဒိုကိုကြည့်ကာ ခွန်အားယူလေ့ရှိကြောင်းနှင့် စီရော်နယ်လ်ဒိုကဲ့သို့ဖြစ်လာရန် အိပ်မက်မက်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသမိုင်းတစ်လျှောက် အကြိုက်ဆုံးဘောလုံးသမားမှာ မည်သူဖြစ်သနည်းဟု မေးမြန်းခဲ့ရာ မာစီယဲလ်က '' စီရော်နယ်လ်ဒိုပါ။ သူကတကယ်ကို လက်ဖျားခါလောက်တဲ့ကစားသမားတစ်ဦးပါ။ ကျွန်တော်က အလိမ်အခေါက်ကောင်းတဲ့ ကစားသမားတွေကိုပဲ သဘောကျပါတယ်။ မန်ယူအသင်းမှာ သူလုပ်ပြခဲ့တာတွေကို လူတိုင်းသိမှာပါ။ ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် ကျွန်တော်ဟာ စီရော်နယ်လ်ဒိုကိုကြည့်ပြီး သူ့လိုဖြစ်လာဖို့ အိပ်မက်မက်ခဲ့ရသူပါ'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် မာစီယဲလ်က ၄င်း၏ စံပြကစားသမားမှာ လက်ရှိမိုနာကိုအသင်းတွင် နည်းပြနေသော ပြင်သစ်နှင့် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီဖြစ်ကြောင်းနှင့် ဘရာဇီးလ်ကစားသမားများထဲတွင်မူ တိုက်စစ်မှူးရော်နယ်လ်ဒိုနှင့် ရော်နယ်လ်ဒင်ဟိုတို့မှာ ၄င်းအကြိုက်ဆုံးကစားသမားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

မာစီယဲလ်က လက်ရှိမန်ယူကစားသမားများထဲတွင် ၄င်းအကြိုက်ဆုံးမှာ စပိန်ဝါရင့်ကွင်းလယ်လူ မာတာဖြစ်ကြောင်းပြောကြားခဲ့သည်။

Most Read

Most Recent