စပိန်လာလီဂါပွဲစဉ်များ(၁၃) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်များ(၁၃) ပွဲကြိုသုံးသပ်ချက်
Published 24 November 2018

အီဘာ နှင့် ရီးယဲလ်မက်ဒရစ် (စနေည ၆း၃၀ နာရီ)

ယာယီနည်းပြကနေ အမြဲတမ်းနည်းပြဖြစ်လာတဲ့ ဆိုလာရီရဲ့အရည်အသွေးကိုမြင်ရမယ့် ရက်သတ္တပတ်ပါပဲ။ အခု အီဘာနဲ့ပွဲပြီးရင်လည်း ချန်ပီယံလိဂ်ပွဲအဖြစ် ရိုးမားကွင်းမှာ သွားကစားရဦးမှာဆိုတော့ ဆိုလာရီရဲ့ ရီးယဲလ်ပုံစံအမှန်ကို မြင်ရဖို့များနေတယ်။ ဆိုလာရီလက်ထက်မှာ အသင်းကဂိုးတွေပြန်ရလာပြီး နိုင်ပွဲတွေလည်းဆက်နေတယ်ဆိုပေမယ့် တကယ်သူတင်ကိုယ်တင် ရင်ဆိုင်ရမယ့် ပြိုင်ဘက်မျိုးနဲ့တော့ အခုအီဘာနဲ့ပွဲအထိမတွေ့ရသေးတာက ဆိုလာရီရဲ့အသင်းကို အကဲဖြတ်ဖို့ခက်နေဆဲပါပဲ။ ဒါပေမဲ့ ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ (၂)ဂိုးပြန်ပေးခဲ့ရတာကိုကြည့်ရင် ရီးယဲလ်ခံစစ်ဟာ ဂိုးသွင်းနိုင်မယ့် တိုက်စစ်သမားကောင်းတွေရှိနေတဲ့ အသင်းမျိုးကို မထိန်းနိုင်ဘူးဆိုတာ ပြနေသလိုပါပဲ။ အီဘာကလည်း အိမ်ကွင်းမှာ (၈)ဂိုးရထားပြီး အိမ်ကွင်းဆို မာမာကျောကျောနဲ့ တိုက်စစ်ကို ပိုကစားပြတတ်တဲ့အသင်းဖြစ်လို့ ရီးယဲလ်ခံစစ်အတွက် စိုးရိမ်စရာပါပဲ။ ရီးယဲလ်ခံစစ်ကလည်း အဝေးကွင်းမှာ ပေးဂိုး(၁၃)ဂိုးအထိရှိနေပြီး အဝေးကွင်းပွဲတိုင်းဂိုးပေးထားရလို့ အီဘာရဲ့တိုက်စစ်ကို ဂိုးပေးရဖို့ ရာခိုင်နှုန်းများနေတာလည်း အမှန်ပါပဲ။ ဒီပွဲက ဂိုးများနိုင်ပြီး ရီးယဲလ် ကပ်ပြီးအနိုင်ရသွားမယ့်ပွဲမျိုးလို့ပဲထင်တယ်။

ဗလင်စီယာ နှင့် ဗယ်လက်ကာနို (စနေည ၉း၄၅ နာရီ)

ဗလင်စီယာ အိမ်ကွင်းနိုင်ပွဲစယူနိုင်ဖို့ ဒီပွဲကအခွင့်အရေးကောင်းပါပဲ။ ဂီတာဖေးနဲ့ အဝေးကွင်းပွဲကိုအနိုင်ရလိုက်လို့ အသင်းယုံကြည်မှုလည် တက်နေနိုင်တယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်အရေးကြီးပွဲကစားဖို့ရှိနေတာက ဗယ်လက်ကာနိုနဲ့ ပွဲအပေါ်  အာရုံပြည့်စိုက်နိုင်ပါ့မလားစဉ်းစားစရာပါပဲ။ ဂိုးနည်းပြီး ဗလင်စီယာ ကပ်နိုင်နိုင်တဲ့ပွဲမျိုးပါပဲ။

ဟူဆကာ နှင့် လီဗန်တေး (စနေည ၁၂းဝ၀ နာရီ)

ဟူဆကာရဲ့အိမ်ကွင်းရုန်းကန်အားကိုတော့ သတိထားရမယ်။ လီဗန်တေးက ဟူဆကာထက် အတွေ့အကြုံ၊ ခြေစွမ်းပိုသာနေတာမှန်ပေမယ့် တစ်ပွဲနဲ့ တစ်ပွဲအားထုတ်မှုက တသမတ်တည်း မရှိသေးသလို တွေ့နေရလို့ အဝေးကွင်းမှာလည်း မလွယ်ကူ လောက်ပါဘူး။ အိမ်ရှင်နဲ့ ဂိုးအနည်းပဲရွေးထားချင်တယ်။

အက်သလက်တီကို နှင့် ဘာစီလိုနာ (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

ဘာစီလိုနာလည်း ဒီရာသီမှာ အားရစရာသိပ်မကောင်းလှသေးဘူး။ ပြီးခဲ့တဲ့ရာသီက ရာသီကုန်ခါနီးမှာ ရှုံးပွဲတစ်ပွဲသာကြုံခဲ့ရတဲ့ ဘာစီလိုနာဟာ အခုရာသီမှာတော့ ပွဲစဉ်(၁၂)အပြီးမှာပဲ ရှုံးပွဲ(၂)ပွဲတောင်ရှိနေပြီ။ ဘက်တစ်ကို အိမ်ကွင်းမှာ (၄)ဂိုးအထိ ပေးပြီး ရှုံးခဲ့ရတာကိုကြည့်ရင် ဘာစီလိုနာရဲ့ ဒီရာသီခံစစ်ပိုင်းအားနည်းမှုကိုပါ အထင်းသားမြင်လာရသလိုဖြစ်စေတယ်။ အခုလည်း အက်သလက်တီကိုနဲ့ အဝေးကွင်းပွဲနွှဲရမှာဆိုတော့ သိပ်မလွယ်လှဘူး။ ဒီကြားထဲ အဓိကကွင်းလယ်လူ ရာကီတစ်ကလည်း ပွဲပယ်ခံထားရလို့ ကွင်းလယ်ကိုလည်း အပြောင်းအလဲနဲ့ ပွဲထွက်လာရဖို့ရှိတယ်။ အသင်းက မက်ဆီပါလာတာနဲ့ ယုံကြည်မှုလွန်ကဲပြီး ဖိဖိစီးစီးအာရုံမစိုက်ကြတာများလားလို့ စောင့်ကြည့်ချင်စရာဖြစ်လာတယ်။ အက်သလက်တီကိုကလည်း ပုံမှန်အနေအထားမျိုးမရောက်သေးပေမယ့် ရှုံးပွဲမတွေ့အောင်တော့ ကန်တတ်နေတုန်းပဲလို့ပြောနို်င်တယ်။ ဒဏ်ရာပြဿနာတချို့ရှိနေပေမယ့် ကိုကေ၊ လူမာတို့ ဘာစီလိုနာနဲ့ပွဲအမီ ပြန််သက်သာလာလို့ အင်အားပြန်ကောင်းလာဖို့ရှိနေတယ်။ ဒီပွဲလည်း အက် သလက်တီကိုကွင်းမှာ ဘာစီလိုနာတို့ အမြင့်ဆုံးသရေပဲ မျှော်လင့်နိုင်လိမ့်မယ်။ ဂိုးလည်းနည်းမယ်။

Most Read

Most Recent