လီဗာပူးလ်အသင်းနှင့် နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ််ဆိုရန် မာနေ သဘောတူညီမှုရရှိ

လီဗာပူးလ်အသင်းနှင့် နှစ်ရှည်သက်တမ်းတိုးစာချုပ်ချုပ််ဆိုရန် မာနေ သဘောတူညီမှုရရှိ
Photo:REUTERS
Photo:REUTERS
Published 23 November 2018

 

လီဗာပူးလ်အသင်းသည် ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမား မာနေအား နှစ်ရှည်သက်တိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။အသက် (၂၆)နှစ်ရှိ မာနေသည် ၂၀၁၆ ခုနှစ်၊ ဇွန်လတွင် ဆောက်သမ်တန်အသင်းမှ ပေါင် (၃၄)သန်းဖြင့် လီဗာပူးလ်သို့ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိအ သင်းအတွက် (၈၉)ပွဲပါဝင်ကစားကာ ဂိုး(၄၀)သွင်းယူပေးထားသည်။

စာချုပ်သစ်ချုပ်ရန် သဘောတူညီမှုရရှိခဲ့ပြီးနောက် မာနေက '' လီဗာပူးလ်မှာ ကျွန်တော် အချိန်အကြာကြီး ဆက်ရှိခွင့်ရမှာဖြစ်တဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ ဒီနေ့ဟာ ကြီးကျယ်တဲ့နေ့တစ်နေ့ပါပဲ။ နောက်ပြီး ကျွန်တော့်ရဲ့ကစားသမားဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်တဲ့နေ့လည်းဖြစ်ပါတယ်။ အရာအားလုံးအတွက် ကျွန်တော် ကြိုးစားသွားမှာပါ။ အသင်းကို ကူညီဖို့၊ ကျွန်တော်တို့မျှော်မှန်းထားတာတွေဖြစ်လာဖို့၊ အထူးသဖြင့် ဆုဖလားတွေရရှိဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ'' ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မာနေအား စာချုပ်သက်တမ်းတိုးရန် ကာလရှည်ဆွေးနွေးမှုများပြုလုပ်ခဲ့ရပြီး ယခုအခါမှ သဘောတူညီမှုရရှိသွားခဲ့ခြင်းဖြစ်ကာ (၅)နှစ်စာချုပ်ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ မာနေသည် ဆောက်သမ်တန်အသင်းမှ စတင်ရောက်ရှိလာချိန်ကတည်းက လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြကစားနိုင် ခဲ့သူဖြစ်ကာ ပြီးခဲ့သည့်ရာသီက ဂိုး(၂၀)သွင်းယူခဲ့ရာတွင်လည်း (၁၀)ဂိုးမှာ ဗိုလ်လုပွဲအဆင့်အထိရောက်ရှိခဲ့သည့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 

ယခုနှစ်အတွက် Ballon d'Or ဆန်ခါတင် (၃၀)ဦးစာရင်းတွင်ပါဝင်နေသည့် မာနေသည် BBC ၏အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမား ဆန်ခါတင် (၅)ဦးစာရင်းတွင်လည်း အသင်းဖော် အီဂျစ်တိုက်စစ်ကစားသမား ဆာလာနှင့်အတူ ပါဝင်လျက်ရှိသည်။ 

 မာနေအနေဖြင့် ယခုကဲ့သို့ သဘောတူညီမှုရရှိခဲ့ခြင်းမှာ တွဲဖက်တိုက်စစ်ကစားသမားများဖြစ်သည့် ဆာလာ၊ ဖေမီနိုတို့နောက် အသင်းနှင့်စာချုပ်သက်တမ်းတိုးနိုင်ခဲ့ ခြင်းလည်းဖြစ်သည်။ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်သည်် မာနေအား ဆာလာ၊ ဖေမီနိုတို့နည်းတူ အသင်းတွင်ဆက်ထိန်းထားရန် အလိုရှိခဲ့ပြီး အသင်းတာဝန် ရှိသူများကို တိုက်တွန်းပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

Most Read

Most Recent