UEFA Nations League Finals ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲမှုအခမ်းအနား ဒီဇင်ဘာ (၃) ရက်တွင် ပြုလုပ်မည်

UEFA Nations League Finals ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲမှုအခမ်းအနား ဒီဇင်ဘာ (၃) ရက်တွင် ပြုလုပ်မည်
Published 20 November 2018

၂၀၁၉ UEFA Nations League Finals ပြိုင်ပွဲ ပွဲစဉ်ရေးဆွဲမှုအခမ်းအနားကို လာမည့် ဒီဇင်ဘာ (၃)ရက်တွင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ရှိ ရှယ်လ်ဘုန်းဟိုတယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းအခမ်းအနားတွင် အိမ်ရှင်နိုင်ငံကိုလည်း တရားဝင်ကြေညာမည်ဖြစ်သည်။ လာမည့် ဇွန် (၅) ရက်မှ (၉) ရက်အထိကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲကို ပေါ်တူဂီက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖွယ်ရှိနေပြီး ယင်းအခမ်း အနားတွင်မှ တရားဝင်အတည်ပြုမည်လည်း ဖြစ်သည်။

Nations League ပြိုင်ပွဲစည်းမျဉ်းအရ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်လှမ်းလာသည့် အုပ်စုပထမရလေးသင်းထဲမှသာ ရွေးချယ်ရမည်ဖြစ်ပြီး မူလက ပြိုင်ပွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပရန်အတွက် League (A) - Group-3 မှ ပေါ်တူဂီ၊ အီတလီ၊ ပိုလန်တို့ သုံးသင်းစလုံး စိတ်ဝင်စားခဲ့ကာ ယခု ပေါ်တူဂီအသင်းမှ အုပ်စုပထမနေရာရရှိခဲ့သောကြောင့် အိမ်ရှင်ဖြစ်ရန် သေချာနေခဲ့သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ နယ်သာလန်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီနှင့် အင်္ဂလန်အ သင်းများ တက်ရောက်လာခြင်းဖြစ်ပြီး ပြိုင် ပွဲကို ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစသည့်ပုံစံဖြင့် ကျင်းပသွားရန်စီစဉ် ထားခြင်းဖြစ်သည်။

ပွဲစဉ်ရေးဆွဲမှုတွင် ဆီဒင်သတ်မှတ်ချက်မရှိဘဲ ကျပန်းမဲနှိုက်သွားမည် ဖြစ်ပြီး အိမ်ရှင်အသင်းမှာမူ ဆီမီးဖိုင်နယ်     ပထမပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲ ချန်ပီယံဆုအတွက် ဗြိတိန်လောင်းကစားဒိုင် William Hill မှ ထုတ်ပြန်ထားသည့် ရေပန်း စားမှုတွင် နာမည်ကြီး အင်္ဂလန်အသင်းက (၁၅း၈) လေးဖြင့် ထိပ်ဆုံး၌ အပြတ်အသတ်ရပ်တည်နေပြီး ယူရိုချန်ပီယံ ပေါ်တူဂီအသင်းက (၉း၄) လေး၊ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်အသင်းနှင့် ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီအသင်းများကို ကျော်ဖြတ်လာသည့် နယ်သာလန်အသင်းက (၃း၁) လေး၊ ဆွစ်ဇာလန်အသင်းက (၉း၂) လေးဖြင့်ရပ်တည်လျက်ရှိသည်။

နယ်သာလန်အသင်းသည် နိုဝင်ဘာ (၁၉) ရက်က ကစားခဲ့သည့် ဂျာမနီနှင့်ပွဲတွင် နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် ပြင်သစ်ကို Head-to-Head အသာဖြင့် တက်လှမ်းလာခြင်းဖြစ်သည်။

Most Read

Most Recent