■ ကမ္ဘာတည်သ၍ မြန်မာတည်ရမည်ဖြစ်ပြီး မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်ဖြစ်ကာ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ရပ်တည်ရန် ဆန္ဒပြုဟုဆို
မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့်ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
လက်ရှိမြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို
လွှဲပြောင်းလက်ခံ တာဝန်ထမ်းဆောင်မည့်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ တာဝန်လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့(မတ် ၃၀ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျသီရိဗိမာန်၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနား ဂုဏ်ပြုမိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့သည် တပ်မတော်ထဲကို စတင်ဝင်ရောက်ခဲ့သည့် ၁၉၇၄ ခုနှစ် အချိန်ကဆိုပါက ရာထူးတာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်မှာ ၅၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၅ နှစ်၊ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တပ်မတော်အကြီးအကဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ယုံကြည်စွာ ဖြင့် တာဝန်လွှဲပြောင်းပေးအပ်ခဲ့သည့် ယခုတာဝန်ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးဖြစ်အောင် ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး နေဝင်း အပါအဝင် ခေတ်အဆက်ဆက် တပ်မတော်ခေါင်းဆောင်ကြီးများ မျှော်မှန်းတည် ဆောက်ခဲ့သည့်အတိုင်း အင်အားတောင့်တင်းပြီးစွမ်းရည်ထက်မြက်သည့် ခေတ်မီ မျိုးချစ်တပ်မတော်ကြီးဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း၊ ထိုသို့ တည် ဆောက်သည့်နေရာတွင် ယခင်တပ်မတော်အကြီးအကဲများ၏ လမ်းညွှန်ဆုံးမ ဩဝါဒ များ၊ ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့ အကြုံများနှင့် ပေါင်းစပ်ပြီးအကောင်းဆုံး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်၏ စွမ်းရည်မြင့်မားရေး၊ နိုင်ငံ တကာ တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရေးတို့ကို အတိုင်းအတာတစ်ရပ် အထိရောက်အောင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့အပြင် တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ လက်ရုံးတပ်ဖွဲ့များ အတွက် တိုးတက်ပြုပြင် ပြောင်းလဲမှုများစွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီ အစိုးရသက်တမ်း နှစ်ဆက်တွင်လည်း နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကဏ္ဍများစွာ ပူးပေါင်း လက်တွဲ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်နေချိန်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများစွာ ဖြစ်ပေါ်ခဲ့သည်ကို ဖြေရှင်းဆောင်ရွက်ပေးရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော တာဝန်နှင့်အညီ တပ်မတော်မှ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဖြေရှင်းမပေးဘဲ နိုင်ငံတော်အာဏာကို အတင်းအဓမ္မနည်းဖြင့် ရယူရန်ကြိုးစားခဲ့ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရကြောင်း၊ ထို့သို့ဆောင်ရွက်ခဲ့ရ မှုသည် အားလုံးမျှော်လင့်မထားသည့် နိုင်ငံရေးအလှည့် အပြောင်းကြီးဖြစ်ကြောင်း၊ အဆိုပါကာလက နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် သဘာဝဘေးအန္တရာယ် များဖြစ်ပွားခဲ့ပြီး ပြည်တွင်းဆူပူအုံကြွမှုမျိုးစုံ၊ ပြည်ပက သွေးထိုးလှုံ့ဆော်မှုမျိုးစုံနှင့် အခက်ခဲ အကျပ်တည်းဆုံးအချိန်များကို ကြုံတွေ့ဖြတ်သန်းခဲ့ရကြောင်း၊ အဆိုပါ ဒီအခက်အခဲများကို တပ်နှင့်ပြည်သူလက်တွဲပြီး အားလုံးစုစည်းညီညွတ်စွာဖြင့် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ဂုဏ်သိက္ခာရှိသော ရွေးကောက်ပွဲအဖြစ်သန့်သန့်ရှင်းရှင်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သဖြင့် မကြာခင် အချိန်တွင် လွှတ်တော်မှ ရွေးချယ်တင်မြောက်သည့် နိုင်ငံတော်သမ္မတ ဦးဆောင် သည့် အစိုးရသစ်ကို နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးနိုင်တော့မည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ထိုသို့ နိုင်ငံတော်တွင် ကြုံတွေ့ဖြတ်သန်းခဲ့သည့် အခြေအနေများတွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ တွဲဖက်အမှုဆောင်ချုပ်၊ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်အတွင်းရေးမှူး၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်တာဝန်နှင့် ကာကွယ်ရေးဦးစီချုပ်(ကြည်း) တာဝန်တို့ကို တက်တက် ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူကြောင်း၊ ထို့ကြောင့် ယခုလက်ရှိတာဝန်ယူထားသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်များကို ယနေ့တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံကို လွှဲပြောင်း ပေးအပ်လိုက်ကြောင်း၊နိုင်ငံတော်၊ ပြည်သူလူထုနဲ့ တပ်မတော်၏ အကျိုး၊ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကျရာနေရာကနေ ဆက်လက် အကျိုးပြုလုပ်ဆောင်မည်ဖြစ်ကြောင်း၊ တပ်မတော်ထဲ စတင်ဝင်ရောက်စဉ် ကတည်းက တွေ့ကြုံခဲ့ရသည့် တပ်မတော်ခေါင်းဆောင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် ထမ်းဆောင်ပြီးနောက် လက်တွဲလုပ်ဆောင် ခဲ့ကြသည့်လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိသည်ကို ပြောကြားလို ကြောင်း၊ မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအနေနှင့်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၏ တာဝန်များကို စုစည်းညီညွတ်စွာဖြင့်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း၊ ကမ္ဘာတည်သ၍ မြန်မာတည် ရမည်၊ မြန်မာတည်သ၍ မြန်မာ့တပ်မတော် တည်ရှိရမည်၊ ကောင်းမြတ်သည့် တပ်မတော်၏ သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော တပ်မတော်အဖြစ် ဆက်လက် ရပ်တည်သွားကြပါဟု ဆန္ဒပြုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။















