■  မြို့ပြသယ်ယူပို့ဆောင်ရေးနဲ့ ဘေးတွဲတွေရဲ့ပြဿနာ

■  မြို့ပြသယ်ယူပို့ဆောင်ရေးနဲ့ ဘေးတွဲတွေရဲ့ပြဿနာ
Published 27 March 2026

မတ် ၂၁ ရက် ညပိုင်းက လှိုင်သာယာမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်တစ်စီးကို ခိုးယူမောင်းနှင်လာသူတစ်ဦးက လမ်းတွင် ဖုန်းလုပြီး ထွက်ပြေးခဲ့ရာမှ အခြားဘေးတွဲဆိုင်ကယ်နှင့်တိုက်မိခဲ့သည်။ ဘေးတွဲဆိုင်ကယ်နှင့်တိုက်မိပြီး လမ်းဘေးရှိ ဓာတ်တိုင်နှင့် ထပ်မံတိုက်မိသည့်အတွက် ဘေးတွဲဆိုင်ကယ် ခိုးလာပြီး ဖုန်းလုယူသူ သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးးက “ကျွန်တော်တို့ကို ပတ်ဝန်းကျင်ကလူတွေ ပြောတာကတော့ အဲဒီလူက ဘေးတွဲဆိုင်ကယ်ကိုလည်း ခိုးလာတာလို့ပြောတယ်။ ခိုးလာပြီး လမ်းက ဖုန်းကို လုယူထွက်ပြေးလာရင်း လမ်းဒီဘက်ထိပ်မှာ တခြားဘေးတွဲဆိုင်ကယ်နဲ့ တိုက်မိပြီး ဆိုင်ကယ်လဲတဲ့အချိန်မှာ ဓာတ်တိုင်နဲ့တိုက်မိပြီး သေဆုံးခဲ့တာပါ” ဟု ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ Downtown မြို့နယ်များမှအပ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ ဒလ၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ စသည့်နယ်နိမိတ်ဧရိယာများတွင် အနှေးယာဉ် ဆိုက်ကားများအစား ဘေးတွဲများကို ပိုမိုတွင်ကျယ်စွာ မောင်းနှင်လာကြကြောင်း၊ မောင်းနှင်သည့် ဘေးတွဲများမှာ စာရင်းအရ ဘေးတွဲပေါင်း သောင်းနှင့်ချီရှိသည်။

ထိုသို့မောင်းနှင်လာကြသည့် ဘေးတွဲများတွင် စားဝတ်နေရေးအတွက် မောင်းနှင်လုပ်ကိုင်ကြသူများရှိသလို ဘေးတွဲမောင်းနှင်ပြီး ဘေးတွဲစီးနင်းသူခရီးသည်များကို ဒုစရိုက်များ ပြုမူလာကြသည်ကိုလည်း သတင်းများတွင် တွေ့မြင်ရပြီး ဒုစရိုက်မှုများအနက် အထက်၌ဖော်ပြထားသည့် လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားသည့် ဖြစ်စဉ်သည် ရက်ပိုင်းခန့်သာ ရှိသေးသည်။

“ကျွန်တော်ကိုယ်တွေ့တစ်ခုဆို သာကေတမှာ ကားတစ်စီးက လမ်းချိုးထဲကို ဝင်ဖို့လုပ်နေတာ။ အဲဒီလိုလုပ်နေတဲ့အချိန်မှာ လမ်းကို ဘေးတွဲတစ်စီးက ပိတ်ရပ်ထားတယ်။ ကားမောင်းလာတဲ့ အမျိုးသမီးက ကားဝင်ဖို့ ဖယ်ခိုင်းတာကို မဖယ်ပေးဘူး။ မဖယ်ပေးဘဲနဲ့ ဘေးတွဲမောင်းတဲ့ကောင်က မိုက်တိမိုက်ကန်းနဲ့ လုပ်နေတာ။ ပြဿနာရှာနေတာပေါ့။ ကျွန်တော်က အဲဒီနားကိုရောက်တော့ ကားလမ်းထဲမောင်းလို့ရအောင် လွတ်မလွတ် ကြည့်ပေးတာပေါ့။ အဲဒီလိုကြည့်ပေးတာကို ဘေးတွဲမောင်းတဲ့ကောင်က ကျွန်တော့်ကို ပြဿနာရှာရော။ ကျွန်တော်လည်း ခင်ဗျားတို့ကို ဘာမှမပြောဘူး။ ကျုပ်ဘာသာ ကားကြည့်ပေးတာလို့ ပြောလိုက်တယ်။ ဘေးတွဲသမားတွေက တင်းပြီး မောင်းထွက်သွားရော” ဟု သာကေတမြို့နယ်နေသူတစ်ဦးက သူကြုံတွေ့ခဲ့သည့်ဖြစ်စဉ်ကို ပြောပြသည်။

ဘေးတွဲအသုံးပြုပြီး ခိုးမှု၊ လုယက်မှုများ နေရာအနှံ့ဖြစ်ပေါ်နေကာ သာကေတမြို့နယ်တွင်လည်း ဘေးတွဲပေါ်တင်ပြီး စက်ဘီးများ ခိုးယူသွားခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။

“ကျွန်တော်ဘက်ထရီစက်ဘီးဆိုရင်ဗျာ သာကေတက ရုံးအောက်မှာ ထားထားတာ။ အဲဒါကို မနက်စောစော လုံခြုံရေးတွေရှိတဲ့ကြားက ဘေးတွဲနဲ့လာပြီး ခိုးသွားတယ်။ စက်ဘီးက သော့ခတ်ထားလို့ နင်းမရဘဲ ဘေးတွဲပေါ် တင်ခိုးသွားတာ။ အဲဒီခိုးသွားတာကို CCTV မှာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်က ဘေးတွဲနဲ့ လာခိုးတာလည်းမသိလို့ လိုက်လို့မရဘူး” ဟု စက်ဘီးခိုးယူခံရသူက ဆိုသည်။

ဘေးတွဲများကို စီးနင်းကြသည့် ဆင်ခြေဖုံးရပ်ကွက်များ၌ ခရီးသည် သိန်းနှင့်ချီရှိပြီး ယင်းခရီးသည်များအတွက် ဘေးတွဲများသည် Safety မဖြစ်သလို အန္တရာယ်များပြီး Acident ဖြစ်နိုင်ခြေပိုများကြောင်း၊ ဘေးတွဲများသည် ကညနတွင် ယာဉ်အရ ခိုင်မာသည့်အခြေအနေမရှိသည့်အတွက် မှတ်ပုံတင်၍မရသည့် အခြေအနေဖြစ်သည်။

“ဘေးတွဲတွေက ရန်ကုန်မြို့မှာဆိုရင် Downtown မြို့နယ်မှအပ မြို့နယ်တော်တော်များများမှာ ရှိပါတယ်။ သိရှိရတဲ့ အချက်အလက်တွေအရ ဘေးတွဲပေါင်း သောင်းချီရှိပါတယ်။ ဒါပေမဲ့ ဒီဘေးတွဲတွေက ကညနမှာ မှတ်ပုံတင်လို့ရတဲ့ အခြေအနေမျိုးမဟုတ်ဘူး။ ယာဉ်အရ ခိုင်မာတဲ့အနေအထားမရှိတဲ့အတွက် မှတ်ပုံတင်လို့မရဘူးလို့ သိရတယ်။ သူတို့တွေက ဆိုင်ကယ်ကို ဘေးတွဲလုပ်ထားတဲ့အတွက် သူတို့ရဲ့ Safety အတွက် စိုးရိမ်စရာဖြစ်ပါတယ်” ဟု သာကေတမြို့နယ်နေထိုင်သူတစ်ဦးက ဆိုသည်။

နေ့စဉ်သွားလာနေမှုအရ ဘေးတွဲများကို တွေ့မြင်နေရပြီး အချို့ဘေးတွဲများသည် စည်းကမ်းမရှိဘဲ မောင်းချင်သလိုမောင်းကာ ကားရှေ့ကားကြားကိုလည်း ဝင်ချင်သလို ဝင်နေကြသည်။ တချို့ဘေးတွဲများပေါ်တွင် လူလေးငါးဦး တင်ဆောင်မောင်းနှင်သည့်အတွက် Acident ဖြစ်နိုင်ခြေလည်း အလွန်မြင့်မားသည်။

“တချို့ဘေးတွဲတွေက အန္တရာယ်များပါတယ်။ ကားလာနေလည်း အတင်းဝင်ကြတာ။ ကျွန်တော်တို့ ကားသမားတွေကပဲ အလျှော့ပေးရတယ်။ တချို့ဘေးတွဲတွေဆိုလည်း လူတွေအများကြီးတင်ပြီး မောင်းနေကြတာ။ တော်တော်ကို အန္တရာယ်များပါတယ်။ သူတို့ကိုကြည့်ပြီး သတိထားကား မောင်းရတယ်” ဟု တက္ကစီမောင်းနှင်သူတစ်ဦးက ဆိုသည်။

မတ် ၅ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့် ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၅ ရပ်ကွက်တွင် အဆိုပါရပ်ကွက်နေ ဦးအေးကို(၃၈ နှစ်) သည် နံပါတ်မပါ ဘေးတွဲဆိုင်ကယ်ကို တပင်ရွှေထီးလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင်ယာဉ်ကြောမှ အမှတ်(၂) ရပ်ကွက်နေ ဦးမြအောင်(၅၅ နှစ်) မောင်းနှင်လာသည့် မော်တော်ယာဉ်နှင့် လမ်းလယ်တွင် ဝင်တိုက်မိခဲ့ကြောင်း၊ ထိုသို့တိုက်မိသဖြင့် ဘေးတွဲမောင်းနှင်သူ အေးကိုတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။

ရန်ကုန်မြို့တွင် ခရိုင်တိုးချဲ့လာသည့်အတွက် သယ်ယူပို့ဆောင်ရေး၌ လိုအပ်ချက်ရှိလာသောကြောင့် ဘေးတွဲများကို မောင်းနှင်အသုံးပြုလာကြကြောင်း၊ ဘေးတွဲများကို အသုံးပြုနေသည့် ခရီးသည်များအတွက် Safety ပိုင်းတွင်လည်း စိုးရိမ်စရာများရှိလာကြောင်း၊ အဆိုပါဘေးတွဲများကို ကညန က တရားဝင်လိုင်စင်ထုတ်ပေးခြင်းမဟုတ်ကြောင်း စုံစမ်းမှုများအရ သိရသည်။

မိုးရာသီကာလများတွင်လည်း ဘေးတွဲများသည် စီးနင်းသူများအတွက် လုံခြုံမှုမရှိဘဲ မိုးရေစိုခြင်းများ ဖြစ်ပေါ်ကြောင်း၊ မိုးရာသီဖြစ်သည့်အတွက် လမ်းများလည်း ချော်သည့်အတွက် Acident ဖြစ်နိုင်ခြေလည်း အလွန်များသည်။

“ဘေးတွဲတွေကို ကြည့်မယ်ဆိုရင်လည်း မိုးတွင်းဘက်တွေလည်း အဆင်မပြေပါဘူး။ သွားလာတဲ့သူတွေအတွက် မိုးပက်တာတို့ စသဖြင့် အဆင်မပြေပါဘူး။ မောင်းတဲ့သူအတွက် အဆင်မပြေပါဘူး။ Acident ဖြစ်နိုင်ခြေလည်း အရမ်းများပါတယ်။ တချို့ဘေးတွဲမောင်းနှင်သူတွေအတွက်လည်း ဒုစရိုက်မှုတွေ လုပ်ဖို့ပိုလွယ်ပါတယ်။ ဘေးတွဲလုပ်ထားတဲ့ ဆိုင်ကယ်တွေကလည်း ဝစ်သောက်တွေဖြစ်သလို၊ မောင်းနှင်သူတွေကို လုပ်ပေးထားတဲ့ ကတ်တွေကလည်း သူရဲ့ Identity မှန်လား မမှန်လားဆိုတာ မစစ်ဆေးနိုင်ဘူးပေါ့။ ဘေးတွဲတွေကို နေ့စဉ်မောင်းနှင်နေသူတွေထဲမှာလည်း စားဝတ်နေရေးအတွက် ဖြေရှင်းနေရ တဲ့သူတွေရှိသလို၊ သိန်းချီတဲ့ ခရီးသွားပြည်သူတွေ အဆင်ပြေအောင် အန္တရာယ်ကင်းတဲ့ လုံခြုံစိတ်ချရတဲ့ သယ်ယူပို့ဆောင်ရေးတွေကို စဉ်စားသင့်ပါတယ်” ဟု သန်လျင်မြို့နယ် နေသူတစ်ဦးက ဆိုသည်။

အဆိုပါဆိုက်တွဲများကို ၂၀၁၈ ခုနှစ်ခန့်ကစပြီး တောင်ဒဂုံနှင့် မြောက်ဒဂုံဘက်များတွင် စတင်အသုံးပြုမောင်းနှင်ကြရာမှ ဆိုင်ကယ်စီးခွင့် ပိတ်ပင်လိုက်သည့်နောက်ပိုင်းတွင် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာခြင်းဖြစ်သည်။ ဆိုက်တွဲသည် စက်တပ်ယာဉ်ဖြစ်သည့်အတွက် ကုန်များတင်နိုင်ခြင်း၊ လိုရာခရီးကို အမြန်ရောက်သည့်အတွက် ဆိုက်ကား(အနှေးယာဉ်)များအစား အသုံးပြုလာကြသဖြင့် ယင်းအချက်များမှာ ကောင်းသည့်အချက်များပင်ဖြစ်သည်။ ဆိုက်တွဲများသည် လမ်းမများပေါ်တွင် တွင်ကျယ်စွာ အသုံးပြုလာသော်လည်း ဆိုက်တွဲမောင်းနှင်သူများသည် လမ်းစည်းကမ်းများကို အထိန်းအကွပ်မဲ့စွာ သွားလာနေကြသည်။

“ကျွန်တော်တို့ဆီမှာက ဥပဒေဆိုတာ လူတွေက မကြားချင်၊ မပတ်သက်ချင်၊ မလေ့လာချင် ဖြစ်နေကြသလိုပါပဲ။ ရဲစခန်းတို့၊ တရားရုံးတို့၊ ရှေ့နေတို့ကိုလည်း မတွေ့မဖြစ်မှ တွေ့ချင်ကြသူများမယ် ထင်ကြပါတယ်။ တကယ်တော့ လူတိုင်းက ဥပဒေကို နားလည်၊ ဥပဒေရဲ့ ကာကွယ်မှုကို ယူပြီးတော့ ဥပဒေကို လေးစားလိုက်နာမှ အဲဒီတိုင်းပြည်တွေက စနစ်ကျတာ၊ တိုးတက်တာ၊ လုံခြုံတာစိတ်ချရတာပါ။ ဟိုတစ်နေ့က ခရေပင်လမ်း သံလမ်းနေရာမှာ ရထားလာလို့ ပိတ်ထားရာကနေ ပြန်အဖွင့်မှာ ရှေ့ဆုံးကနေရောက်အောင် လမ်းပြောင်းပြန်ဝင်လာကြတဲ့ ဆိုက်တွဲတွေကို ကားတွေက ပြန်ပြီးတော့ ရပ်စောင့်ပေးနေရတယ်။ မစောင့်လို့လည်း မရဘူးလေ။ သူတို့က သံတွေနဲ့ဆင်ထားတာ။ တိုက်လိုက်ရင် ကားပဲစုတ်ပြတ်သွားမှာ။ သူတို့က တိုက်မိလည်း မလျော်ဘူး။ တစ်နည်းအားဖြင့်တော့ မလျော်နိုင်တာပါ။ ဒါပေမဲ့လည်း သူတို့မှာ လျော်လိုစိတ်လည်း မရှိဘူး။ ကျွန်တော်တို့ နားက အောင်မင်္ဂလာကားကွင်းအနီးမှာ ကားနဲ့ ဆိုက်တွဲတိုက်မိတယ်။ ဆိုက်တွဲမှားတာပါ။ မလွတ်တာကို အတင်းဝင်လို့ ဖြတ်တိုက်မိတာပါ။ ကားရဲ့ရှေ့ပိုင်းမှာ တော်တော်ထိသွားတယ်။ မီးလုံး၊ မီးကွက်ရှဲတွေပါ ကွဲသွားတာတွေ၊ ကျိုးပဲ့တာတွေလည်း မြင်ရတယ်။ ဆိုက်တွဲသမားက ဆိုက်တွဲကို ဒီတိုင်းထားခဲ့ပြီးတော့ ထွက်ပြေးသွားတယ်။ ဆိုက်တွဲမှာ နံပါတ်မပါ၊ လူမှာလည်း လိုင်စင်မရှိဘူး။ တစ်နေ့ကလည်း ကျွန်တော်မိတ်ဆွေ တက္ကစီကို လမ်းထဲမှာ အရှိန်နဲ့ထွက်လာတဲ့ အမျိုးသမီးမောင်းနှင်တဲ့ ဆိုက်တွဲက ဘေးကနေ ဝင်တိုက်လိုက်တယ်။ အဲဒီအခါမှ မှားပါတယ်၊ အရှိန်နဲ့ အမြန်မောင်းမိတာပါ။ ဒါပေမဲ့ မလျော်နိုင်ပါဘူး။ စားဖို့တောင် အနိုင်နိုင်ဖြစ်နေလို့ပါ။ အသားသာလှီးသွားပါတော့လို့ ပြောတော့ ဘာမှသွားလုပ်လို့ မရတော့ဘူး” ဟု တောင်ဒဂုံမြို့နယ်နေသူတစ်ဦးက ဆိုပါသည်။

ဘေးတွဲလုပ်ထားသည့် ဆိုက်ကယ်များသည် ဝစ်သောက်များဖြစ်ပြီး လိုင်စင်မရှိသော်လည်း မောင်းနှင်သူများကို တရားဝင်ဖြစ်စေရန်အတွက်ဟုဆိုကာ မြို့နယ် ရပ်ကွက်အလိုက် ဂျာကင်အကျႌများကို သက်ဆိုင်ရာရပ်ကွက်က ဝန်ဆောင်ကြေးတစ်ခုခုယူပြီး ထုတ်ပေးထားခြင်းဖြစ်သည်။ အခြားမြို့နယ်များတွင် ဂျာကင်အကျႌများအပြင် တရားဝင်အတွက် Identity ကတ်များ ထုတ်ပေးထားသည်။ ယင်းကတ်များရရှိရန် တန်ကြေးငွေ ကျပ်ခုနစ်သောင်းဖြင့် ထုတ်ယူရကြောင်းလည်း စုံစမ်းမှုများအရ သိရသည်။ ယင်းငွေကြေးများ ဘယ်ကိုစီးဆင်းသလဲဆိုသည်ကိုမူ ပြည်သူလူထုအနေဖြင့် တိတိကျကျ မသိရပေ။

“တရားဝင်လိုင်စင်မရှိပေးမယ့်လည်း သူတို့မှာ ဘယ်မြို့နယ်က ဘယ်ရပ်ကွက်ကဆိုပြီး ဂျာကင်လေးတွေ ဝတ်ထားပါတယ်။ အဲဒါကို သက်ဆိုင်ရာရပ်ကွက်က ဝန်ဆောင်ကြေးတစ်ခုခုယူပြီး ထုတ်ပေးတာလို့ ပြောပါတယ်။ တရားမဝင်နဲ့ တရားဝင်လို့ ဆိုရသလိုပေါ့။ ဆိုက်ကားက တစ်နေ့အုံနာကြေး ခုနစ်ထောင်၊ တစ်သောင်းပေါ့။ ဆိုက်တွဲက အုံနာကြေး တစ်သောင်းခွဲကနေ နှစ်သောင်းထိ ပေါက်ပါတယ်” ဟု တောင်ဒဂုံမြို့နယ် နေသူတစ်ဦးက ဆိုပါသည်။

လတ်တလောဖြစ်ပေါ်နေသည့် စက်သုံးဆီပြဿနာများတွင်လည်း အချို့ဘေးတွဲများသည် စက်သုံးဆီကို တန်းစီယူပြီး အခြား၌ ပြန်လည်ရောင်းစားမှုများလည်း ရှိနေသည်။

အချုပ်အားဖြင့်ဆိုသော် ဆိုက်တွဲ ခေါ် ဘေးတွဲများသည် အခြေခံလူထုများအကြား သွားလာအသုံးပြုနေရသော်လည်း ယင်းဆိုက်တွဲများနှင့်ပတ်သက်၍ နောက်ဆက်တွဲပြဿနာများရှိနေသည့်အတွက် အဖွဲ့အစည်းများဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စည်းစနစ်ကျသော သုံးဘီးများကဲ့သို့ ဆောင်ရွက်သင့်ပါသည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လုံခြုံစိတ်ချမှုသည် နံပါတ်တစ်အရေးကြီးသည့်အတွက် ဆိုက်တွဲများကို လုံခြုံစိတ်ချမှုရှိသော၊ အသက်အန္တရာယ် မစိုးရိမ်ရသော၊ ဒုစရိုက်မှုများ ကင်းရှင်းသော သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုအဖြစ် တာဝန်ရှိသူများက စည်းစနစ်ကျစွာ ထိန်းကွပ်ပေးရန် လိုအပ်ပါသည်။ ထိုသို့လိုင်စင်များဖြင့် စည်းစနစ်ကျစွာ ဆောင်ရွက်ပေးခြင်းဖြင့် အများပြည်သူအတွက်လည်း လုံခြုံစိတ်ချစွာ သွားလာနိုင်မည်ဖြစ်သည်။

မန္တလေးနှင့် နေပြည်တော်တို့တွင်လည်း သုံးဘီးများကို ကုမ္ပဏီများတည်ထောင်၍ တရားဝင်လိုင်စင်များဖြင့် ရောင်းချပေးသည့်အတွက် လုံခြုံစိတ်ချမှုရှိပြီး နိုင်ငံအတွက် ရသင့်သောအခွန်ကိုပါ ရရှိနေခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်တွင် ဘေးတွဲများ၏ ပြဿနာကို စနစ်တကျ ဘက်ပေါင်းစုံမှ သုံးသပ်ကာ တရားဝင်ကုမ္ပဏီ၊ တရားဝင်လိုင်စင်၊ တရားဝင်သယ်ယူပို့ဆောင်ရေးစနစ်များဖြင့် ခွင့်ပြုခြင်းက အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်နှင့် မြို့ပြလူနေမှုကို များစွာအကျိုးဖြစ်စေမည်ဖြစ်ပြီး နေ့စဉ်စီးနင်းအသုံးပြုသည့် သိန်းနှင့်ချီသော ပြည်သူများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

Most Read

Most Recent