စစ်မြေပြင်ဖြစ်လာမည့် ဟော်မုဇ်ရေလက်ကြား

စစ်မြေပြင်ဖြစ်လာမည့် ဟော်မုဇ်ရေလက်ကြား
Photos- AFP
Photos- AFP
Published 3 March 2026
Ref: gCaptain daily

ကမ္ဘာ့အရေးအပါဆုံး စွမ်းအင်သယ်ယူပို့ဆောင်ရေး အသက်သွေးကြောဖြစ်သည့် ဟော်မုဇ်ရေလက်ကြားသည် ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်ခြင်းခံနေရပြီဖြစ်သည်။

အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီနှင့် ထိပ်သီးစစ်ဘက်ခေါင်းဆောင်များကို သေဆုံးစေခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းတိုက်ခိုက်မှုများအပြီးတွင် ကမ္ဘာ့ရေနံပို့ဆောင်ရေးလမ်းကြောင်း စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသည့် ဟော်မုဇ်ရေလက်ကြားသည် စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် နာမည်ကြီး သင်္ဘောလိုင်းများသည် လုပ်ငန်းစဉ်များကို ရပ်ဆိုင်းလိုက်ရပြီး ရာနှင့်ချီ၍ သင်္ဘောများသည် ဘေးကင်းလုံခြုံသည့် ရေပြင်များအတွင်း မောင်းနှင်နေရသည်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဒေသတွင်းရှိ စစ်စခန်းများနှင့် ကုန်သွယ်ရေးသင်္ဘောများကို ပစ်မှတ်ထားပြီး ဒုံးကျည်များ၊ ဒရုန်းများဖြင့် ဆက်တိုက်တိုက်ခိုက်နေသည်။

မတ် ၃ ရက်နံနက်ပိုင်းအထိရရှိသည့်သတင်းများအရ အီရန်၏ တိုက်ခိုက်မှုများကြောင့် အမေရိကန်စစ်သား ခြောက်ဦး သေဆုံးခဲ့ကာ အီရန်က အရပ်ဘက်သင်္ဘောများကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခြင်းသည် ပဋိပက္ခ၏ နယ်ပယ်မှာ စိုးရိမ်စရာကောင်းလောက်အောင် ကျယ်ပြန့်လာသည့် လက္ခဏာပင်ဖြစ်သည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ကမူ အိုမန်ပင်လယ်ကွေ့တွင် အီရန်သင်္ဘော ၁၁ စင်းကို ဖျက်ဆီးခဲ့ကြောင်း မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ပဋိပက္ခသည် ရေကြောင်းပို့ဆောင်ရေးကဏ္ဍအပေါ် ချက်ချင်းဆိုသလို ဆိုးဆိုးရွားရွား သက်ရောက်ခဲ့သည်။

စစ်ပွဲစတင်သည့် ၂၄ နာရီအတွင်းမှာပင် ရေနံတင်သင်္ဘော သုံးစင်းကို ဒရုန်းများ၊ ဒုံးကျည်များ ထိမှန်ခဲ့သည်။

အိုမန်နိုင်ငံ ခါဆပ်မြို့ မြောက်ဘက် ရေမိုင် ၅  မိုင်အကွာတွင် Skylight အမည်ရှိရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုကြောင့် သင်္ဘောသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး လူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

MKD Vyom အမည်ရှိ ရေနံတင်သင်္ဘောကိုလည်း ဒုံးကျည်ထိမှန်ခဲ့ပြီး အင်ဂျင်ခန်း မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းတွင် မီးကို ငြှိမ်းသတ်နိုင်ခဲ့သည်။

တတိယမြောက်သင်္ဘောတစ်စင်းဖြစ်တဲ့ Sea La Donna သင်္ဘောကလည်းကလည်း ၎င်းတို့တိုက်ခိုက်ခံရကြောင်း သတင်းပေးပို့ခဲ့သည်။

တစ်ချိန်တည်းမှာပင် ယီမင်အခြေစိုက် ဟူရ်သီအဖွဲ့ကလည်း အစ္စရေးနှင့် အမေရိကန်တို့၏ အကျိုးစီးပွားများနှင့် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့အတွင်းရှိ သင်္ဘောများကို တိုက်ခိုက်မှုများ ပြန်လည်စတင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

လက်ရှိအခြေအနေများကြောင့် ဒေသတွင်းစစ်ပွဲ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် ကမ္ဘာ့ခေါင်းဆောင်များက သံတမန်ရေးအရ ဆွေးနွေးပွဲများဖြင့် ဖြေရှင်းရန် တိုက်တွန်းနေကြသည်။

 

 

Most Read

Most Recent