ခါမေနီအလွန် အီရန်၏အနာဂတ်

ခါမေနီအလွန် အီရန်၏အနာဂတ်
Published 1 March 2026

၁၉၈၉ ခုနှစ်ကတည်းက အီရန်၏ဥသျှောင်ဖြစ်ခဲ့ပြီး အနောက်အုပ်စု၏ ရန်သူတော်ဖြစ်သော အယာတိုလာ အလီခါမေနီသည် အမေရိကန်နှင့် အစ္စရေးတို့၏ အင်နှင့်အားနှင့်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်။ အစ္စလာမ်မစ်သမ္မတ အစိုးရအဖွဲ့ကို ဖြုတ်ချပစ်ရန်ကြိုးပမ်းနေသော အမေရိကန်နှင့် အစ္စရေးတို့က မတ်လ ၁ ရက်အထိ အီရန်ကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။

အီရန်နိုင်ငံပိုင်ရုပ်သံက ခါမေနီသေဆုံးသွားပြီဟု မတ်လ ၁ ရက် စောစောပိုင်းတွင် အတည်ပြုခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “သမိုင်း၏ အဆိုးဆုံးသော လူတစ်ဦး သေဆုံးသွားပြီ” ဟု ပြောဆိုခဲ့ပြီးနောက် အသက် ၈၆ နှစ်အရွယ် အီရန်ဘာသာရေးခေါင်းဆောင် သေဆုံးသွားသည်ဟု အီရန်နိုင်ငံပိုင်ရုပ်သံက အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ခါမေနီ နေထိုင်တတ်သည့် ခရိုင်၏ ကောင်းကင်ယံတွင် မီးခိုများ အူတက်လာစဉ်  ခါမေနီသေဆုံးသွားပြီဟူသော သတင်းများ အစ္စရေးဘက်မှ ပထမဆုံးထွက်ပေါ်လာချိန်တွင် တီဟီရန်မြို့၏ လမ်းများပေါ်တွင် သြဘာသံများကို ကြားရသည်ဟု မျက်မြင်ကြုံရသူတို့က AFP ကို ပြောသည်။

အီရန်အာဏာပိုင်တို့က လူထုဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့သဖြင့် လူထောင်ချီသေဆုံးခဲ့ပြီး နောက် သီတင်းပတ်အနည်းငယ်အကြာတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးတွဲတိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အီရန်၏ တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ရာ၌  ခါမေနီ သေဆုံးရခြင်းအတွက် ပြင်းထန် တိကျသော အပြစ်ပေးမှုရှိလာစေရမည်ဟု ကြုံးဝါးထားသည်။

တော်လှန်ရေးအစောင့်တပ်က ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြရာ၌ ပြင်းထန်သည့် အီရန်၏တိုက်ခိုက်မှုများကို ဆက်တိုက်ကြုံတွေ့နေရသည့် ပင်လယ်ကွေ့နိုင်ငံများတွင် တည်ရှိသော အမေရိကန်စစ်အခြေစိုက်စခန်းများနှင့် အစ္စရေးစစ်အခြေစိုက်စခန်းများကို သမိုင်းတွင် အပြင်းထန်ဆုံးသော စစ်ဆင်ရေးလုပ်မည်ဟု ဆိုထားသည်။

အစ္စလာမ်မစ်သမ္မတအစိုးရအဖွဲ့ မပြုတ်ကျမချင်း၊ လုံခြုံရေးတပ်ဖွဲ့များ လက်နက်မချ မချင်း တိုက်ခိုက်မှုများ လျော့နည်းသွားမည်မဟုတ်ဟု ထရန့်က ပြောကြားထားသောကြောင့် မတ်လ ၁ ရက် နံနက်လင်းအားကြီး အချိန်ထိ ကျယ်လောင်သော ပေါက်ကွဲသံများက တီဟီရန်မြို့ထဲ ထိုးဖောက်ဝင်ရောက်လျက်ရှိသည်။

“ဒါဟာ အီရန်ပြည်သူတွေ သူတို့ရဲ့နိုင်ငံကို ပြန်ယူဖို့ တစ်ခုတည်းသော အကြီးကျယ်ဆုံး အခွင့်အရေးဖြစ်ပါတယ်”ဟု ထရန့်က ပြောခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကလည်း အီရန်ပြည်သူများကို အလားတူ ပြောခဲ့သည်။

“ဒါဟာ အင်အားစုစည်းဖို့၊ အစိုးရကို ဖြုတ်ချဖို့၊ ခင်ဗျားတို့ရဲ့အနာဂတ်လုံခြုံစေဖို့  ခင်ဗျားတို့အတွက် အချိန်ကျနေပါပြီ”ဟု အစ္စရေးဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အီရန်က အရှေ့အလယ်ပိုင်းနိုင်ငံများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ဆက်တိုက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သောကြောင့် ပေါက်ကွဲမှုများက ပင်လယ်ကွေ့အာရပ်ဘုရင့်နိုင်ငံတို့၏ အလှအပမြို့ကြီးများကို တုန် လှုပ်စေခဲ့သည်။ အဘူဒါဘီတွင် နှစ်ဦး သေဆုံးခဲ့ပြီး တဲလ်အဗစ်တွင် နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်။

ခါမေနီ၏ ထိပ်တန်းအကြံပေး အလီရှမ်ခါနီနှင့် အီရန်တော်လှန်ရေးအစောင့်တပ်၏ ခေါင်းဆောင်ဗိုလ်ချုပ်ကြီး မိုဟာမက်ပက်ပူဝါတို့လည်း သေဆုံးသွားသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အီရန် မီဒီယာက ဖော်ပြရာတွင် ခါမေနီနှင့်အတူ သူ၏သမီး၊ သားမက်၊ မြေးမလေးတို့လည်း သေဆုံးသွားသည်ဟု ဖော်ပြခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများထဲ၌ ထင်ရှားသူဖြစ်ပြီး အီရန်၏အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ၏ခေါင်းဆောင် အလီလာရီဂျာနီက ပြောင်ပြောင်တင်းတင်း ဖီဆန်မည်ဟု ပြောကြားခဲ့သည်။      

“ရဲရင့်တဲ့ စစ်သားတွေနဲ့ ကြီးမြတ်တဲ့ အီရန်နိုင်ငံတော်တို့က အပြည်ပြည်ဆိုင်ရာ ကျူးကျော်သူတွေအတွက် မမေ့နိုင်စရာ သင်ခန်းစာကို သင်ကြားပေးပါလိမ့်မယ်”ဟု သူက ပြောကြားခဲ့သည်။

မည်သူဆက်ခံမည်နည်း

အီရန်သည် ခါမေနီ၏နေရာကို မည်သူဆက်ခံမလဲဆိုသည်နှင့်ပတ်သက်၍ ကောလာဟလတို့ အဆက်မပြတ် ထွက်နေသည်။ ခါမေနီသည် အသက်ကြီးနေပြီဖြစ်သောကြောင့် သူ့နေရာကို ဆက်ခံမည့်သူအားရှာနေ ခြင်းဖြစ်သည်။ ယခု ခါမေနီ သေဆုံးသွားခြင်းက အီရန်စီးပွားရေးထဲ နက်ရှိုင်းစွာ အမြစ်တွယ်နေသော တော်လှန်ရေးအစောင့်တပ်အတွက် လုပ်ပိုင်ခွင့်အာဏာပိုကြီးလာသည်ဟု အကဲခတ်များက ပြောသည်။

၁၉၇၉ အစ္စလာမ်မစ်တော်လှန်ရေးတွင် ပြုတ်ကျသွားသူဖြစ်ပြီး အနောက်အုပ်စုကို လိုလားသည့် ကွယ်လွန်ရှားဘုရင်၏ သားတော်ဖြစ်သော ရီဇာဖာလာဗီက စနစ်အတွင်း မည်သည့်ဆက်ခံသူမဆို တရားဝင်လိမ့်မည်မဟုတ်ဟု သတိပေးသည်။

အယာတိုလာရူဟိုလာခိုမေနီပြီးလျှင် အီရန်၏ ဒုတိယမြောက်ဘာသာရေးခေါင်းဆောင် ခါမေနီသေဆုံးသွားပြီဆိုသော သတင်းများကို ထုတ်ဖော်ချီးကျူးလိုက်သော ဖာလာဗီက “သူသေဆုံးသွားတာနဲ့အတူ အစ္စလာမ်မစ်သမ္မတနိုင်ငံဟာ ထိထိမိမိ အဆုံးသတ်သွားပြီဖြစ်ပါတယ်။ သမိုင်းရဲ့အမှိုက်ပုံထဲကို မကြာမီ ရောက်သွားပါတော့မယ်”ဟု ဆိုသည်။

ပြည်ပြေးအဖြစ် ၀ါရှင်တန်အနီးတွင် ဘဝ၏အချိန်အများစုကို ကုန်ဆုံးခဲ့ရသော ဖာလာဗီက သူ့ကိုယ်သူ ဘာသာရေးလွှမ်းမိုးမှုမရှိသော ဒီမိုကရေစီနိုင်ငံအတွက် အသွင်ကူးပြောင်းရေးခေါင်းဆောင်ဖြစ်သည်ဟု ပြောကြားသော်လည်း သူသည် အတိုက်အခံ အားလုံး၏ထောက်ခံမှုကို မရပါ။

အီရန်နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ

တိုက်ခိုက်မှုများအတွင်း အနည်းဆုံး ၂၁၀ သေဆုံးခဲ့ပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အီရန်၏လခြမ်းနီအသင်းက ပြောသည်။

အီရန်တရားရေးဌာနက ပြောကြားရာတွင် နိုင်ငံတောင်ပိုင်းရှိ စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွင်း ၁၀၈ ဦးသေဆုံးသွားသည်ဟု ပြောကြားခဲ့သည်ဆိုသော်လည်း သေဆုံးသူအရေအတွက် မှန်ကန်ခြင်းရှိမရှိဆိုသည်ကို စိစစ်ရန် ခက်ခဲသည်ဟု AFP သတင်းဌာနက ပြောသည်။

အီရန်၏တိုက်ခိုက်မှုများကြောင့် အစ္စရေး၏တဲလ်အဗစ်မြို့တွင် လူအများအပြားသည် ခိုလှုံရာနေရာများထဲ ဝင်ရောက်နေထိုင်နေကြသည်။ တဲလ်အဗစ်၌ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

အမေရိကန်၏ ပဥ္စမံရေတပ်အခြေစိုက် စခန်းများရှိရာ ယူအေအီးနှင့် ဘာရိန်းတို့မှ မီးခိုးများ အူတက်လာနေသည်ဟု ဆိုသည်။

“အသံတွေကို ကြားရတဲ့အခါ ကျွန်တော်တို့က ကြောက်ပြီး အော်ကြပါတယ်”ဟု ဘာရိန်း၌ တိုက်ခိုက်ခံရသည့် နေရာအနီးရှိ ၁၅ နှစ်အရွယ် ကျောင်းသားဂျာနား ဟာဆန်က ပြောသည်။

ယူအေအီးမြို့တော် အဘူဒါဘီတွင် နှစ်ဦးသေဆုံးခဲ့သည်။ ထို့အပြင် ဒူဘိုင်းရှိ နာမည်ကျော် လူလုပ်ကျွန်းဖြစ်သော The Palm ၌ လေးဦး ဒဏ်ရာရခဲ့သည်။

ပင်လယ်ကွေ့မှ ရေနံများအတွက်အရေးပါသော ရေလမ်းကြောင်းဖြစ်သော ဟော်မုဒ်ရေလက်ကြားကို ပိတ်ထားကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က သင်္ဘောများအား ဆက်သွယ်ပြောကြားခဲ့သည်။ ဟော်မုဒ် ရေလက်ကြား၌ ခြိမ်းခြောက်မှု အမှန်တကယ် ရှိနေသလားဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရပေ။

မကြုံဖူးသော အတိုင်းအတာ

တိုက်ခိုက်မှုများ ပထမဆုံးစတင်သည့်အခါ တီဟီရန်မြို့သူမြို့သားတို့သည့် လုပ်နေကျအလုပ်များကို ပုံမှန်လုပ်နေကြသည်။ လုံခြုံရေးတပ်ဖွဲ့များသည် လမ်းများပေါ် လျင်မြန်စွာ ရောက်လာကြသည်။ စျေးဆိုင်များ ပိတ်ကုန်သည်။ လမ်းသွားလမ်းလာအနည်းငယ်သာ အရဲစွန့် အပြင်ထွက်ကြပါသည်။

“တိုမာဟော့ဒုံးကျည် နှစ်စင်းက ပစ်မှတ်များဆီ ရေပြင်ညီအတိုင်း ပျံသွားတာကို မျက်ဝါးထင်ထင် မြင်လိုက်ရပါတယ်”ဟု တီဟီရန်ရှိ ရုံးလုပ်သားတစ်ဦးက AFP ကို ပြောကြားခဲ့သည်။ ထို့ကြောင့် တယ်လီဖုန်းဆက်သွယ်ရေးလိုင်းနှင့် အင်တာနက်တို့ ပြတ်တောက်သွားခဲ့သည်။

ခါမေနီအလွန် အီရန်၏ အနာဂတ်သည် မည်သို့ဖြစ်လာမည်နည်း။            

Ref:AFP

Most Read

Most Recent