■နိုင်ငံ့ဝန်ထမ်းများအနေဖြင့်အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများဖြစ်သည့်အတွက် မလိုလားသူများ၏ သွေးထိုးသပ်လျှိုမှု၊ စည်းရုံးသိမ်းသွင်းမှုမခံရစေရေး အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြားသိမြင်နိုင်ရေး အရေးကြီးဟု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြောကြား
ရှမ်းပြည်နယ်ရှိ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်စောက်၊ ကလော၊ ဟဲဟိုးနှင့် အောင်ပန်း မြို့များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကိုနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရပ်စောက်မြို့နှင့် ကလောမြို့တို့၌ ဖေဖော်ဝါရီ ၂၆ ရက်နှင့် ဖေဖော်ဝါရီ ၂၇ တို့တွင် သက်ဆိုင်ရာခန်းမများ၌ သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲများသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် သက်ဆိုင်ရာမြို့နယ်များအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်တွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်းထမ်းဆောင်ခဲ့ရသည့် အခြေအနေများ၊ နိုင်ငံတော်အစိုးရ တာဝန်ထမ်းဆောင်ချိန်မှ စတင်၍ ဦးတည်ချက်များချမှတ် ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဏများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကော်မရှင်ဒုတိယ ဥက္ကဌက အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ကော်မရှင် ဒုတိယဥက္ကဌက နိုင်ငံဝန်ထမ်းများနှင့်ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့မှု၊ ယင်းအချိန်သည် ကိုဗစ်-၁၉ ကပ် ရောဂါဆိုးကြီး ဖြစ်ပေါ်နေသည့် ကာလဖြစ်ပြီး ပြည်ဖျက်အဖွဲ့များ၏ သွေးထိုးလှုံဆော်မှုများကို နားယောင်၍ သစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်းခွင်စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရမှု၊ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာဂီမုန်တိုင်း တိုက်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် ရေကြီးရေလျှံမှု၊ ၂၀၂၅ ခုနှစ်၊ မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် နိုင်ငံရေး၊ စီးပွားရေးအရ ပိတ်ဆို့မှုများ အပါအဝင် အခြားစိန်ခေါ်မှုကြီးများစွာကိုလည်း သစ္စာရှိနိုင်ငံ့ဝန်ထမ်းကောင်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူများ၏ စုပေါင်းအားဖြင့် အခက်အခဲများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့မှုနှင့် ဆက်လက်၍လည်း ကြုံတွေ့လာနိုင်သည့် မည်သည့် အခက်အခဲအတားအဆီးများကိုမဆို စုပေါင်းအားဖြင့် ရင်ဆိုင်ကျော်လွှား သွားကြရန် လိုအပ်သည့် အခြေအနေများကို ထည့်သွင်းပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင် ပြောင်းလဲသည်ဖြစ်စေ ဝန်းထမ်းကျင့်ဝတ် သိက္ခာနှင့်အညီ ကြေပွန်စွာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ဝန်ထမ်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ကောင်း ဖြစ်ရန်လိုအပ်ပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမရှိသည့် ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်စေရန် အဓိကအရေးကြီးကြောင်း၊ ထိုသို့ ဝန်ထမ်းကောင်းများရှိမှာသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် မိမိတို့တာဝန်ကျရာဒေသတို့တွင် ပေးအပ်သည့် တာဝန်များကို အဂတိတရား ကင်းရှင်းစွာဖြင့် ကျေပွန်စွာထမ်းဆောင်ကြရန် လိုကြောင်း၊ ပြည်ဖျက်အဖွဲ့များအနေဖြင့် ယနေ့အချိန်ထိ ကောလဟလသတင်းများ ထုတ်လွှင့်ခြင်း၊ ငွေကြေးအရ မက်လုံးပေးစည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများဖြစ်သည့်အတွက် မလိုလားသူများ၏ သွေးထိုးသပ်လျှိုမှု၊ စည်းရုံးသိမ်းသွင်းမှုမခံရစေရေး အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြား ခွဲခြားသိမြင်နိုင်ရေးသည်လည်း အရေးကြီးကြောင်း ကော်မရှင် ဒုတိယဥက္ကဌကပြောကြားသည်။
ထို့အတူ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်တာဝန်ကို ခေတ္တစတင် တာဝန်ယူချိန်တွင် နိုင်ငံရေးနှင့် နိုင်ငံ့အရေးကို ကွဲပြားစွာသိမြင်မှုမရှိဘဲ ဘေးပယောဂများ၊ လှုံ့ဆော်သွေးထိုးမှုများ၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများကြောင့် ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန်ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှု DCS လုပ်ဆောင်ခဲ့ကြကြောင်း၊ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကိုဗစ်- ၁၉ ကပ်ရောဂါအပါအဝင် သဘာဝဘေးကြုံတွေ့ရမှု အကျပ်အတည်းများကြားမှ မိမိတို့ အနေဖြင့် လက်ရှိအခြေအနေအထိ နိုင်ငံတော်ကို တည်ဆောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ ယနေ့အထိ နိုင်ငံတော်ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည့် သစ္စာရှိ နိုင်ငံ့ဝန်ထမ်းကောင်းများကြောင့် ဖြစ်ကြောင်း၊နိုင်ငံတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံသားများ၏ ပညာရေးကဏ္ဍ မြင့်မားနေရန်လိုအပ်ကြောင်း၊ ပညာရေးအားနည်းခြင်းများကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရည် အားနည်းခြင်းကြောင့် လူတစ်ဦးချင်း၏ တွေးခေါ် မျှော်မြင်မှုများတွင် အားနည်းမှုများရှိကြောင်း၊ နိုင်ငံအတွင်းပညာတတ်များ ပေါကြွယ်ဝမှသာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ကော်မရှင်ဒုတိယဥက္ကဌက ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တိုင်းချစ်ပြည်ချစ်စိတ်များ ရှိရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းအချို့အနေဖြင့် စီးပွားရေး၊ နိုင်ငံရေးတို့နှင့်ပတ်သက်၍ မသမာမှုများ ဆောင်ရွက်ခဲ့ကြသည်ကိုလည်း တွေ့ရကြောင်း၊ ထိုသို့ဖြစ် ပေါ်ရခြင်းမှာ တိုင်းချစ်ပြည်ချစ်စိတ်များ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်စိတ်တွင် နိုင်ငံသားနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်နှင့် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်သည့် တိုင်းချစ်ပြည်ချစ်စိတ်ဟူ၍ ခွဲခြားနိုင်ကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် နိုင်ငံတော်နှင့် သက်ဆိုင်သည့် အမျိုးသားရေးလက္ခဏာများ၊ အထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်းတို့အပါအဝင် အထွတ်အမြတ်ထားရမည်များကို လေးစားတန်ဖိုးထား ချစ်မြတ်နိုးကြရန် ဝိုင်းဝန်းထိန်းကြောင်း တည့်မတ်ပေးရန်လည်းလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာများဖြင့် ဒေသကောင်းရာ ကောင်းကျိုးအတွက် အတ္တနှင့်ပရ ညီညွတ်မျှတစွာ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းကောင်း၊ ပြည်သူ့ဝန်ထမ်းကောင်း ဖြစ်ရန်မှာ အဂတိတရားကင်းရှင်းရန် အရေးကြီးကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်မည်ဖြစ်ပြီး ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် ပြည်သူနှင့်နိုင်ငံတော်အပေါ် အလုပ်အကျွေးပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံသွားကြရန်လိုကြောင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူကြီး စိုးဝင်းက ပြောကြားသည်။















