ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၇ ရက်အထိ လေးရက်အတွင်း မီးလောင်မှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖေဖော်ဝါရီ ၁၇ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၄ ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် မြက်ခြောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့တွင်လည်း ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၆ ရက်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာရှိ အ.မ.က. ၂၃ ကျောင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သတင်းရသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီးနှင့် ရေသယ်ယာဉ်နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီ ၁၆ ရက်တွင် ရွှေပေါက္ကံမြို့သစ်တွင် ကျုတောမီးလောင်မှု၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေရပ်ကွက်တွင် မြက်ခြောက်မီးလောင်မှု၊ တိုက်ကြီးမြို့နယ်တွင် ကြက်ခြံမီးလောင်မှု၊ တောင်ဥက္ကလာမြို့နယ်တွင် မော်တော်ယာဉ်တစ်စီး မီးလောင်မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု ခုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။















