ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ပြင်ဆင်သတ်မှတ်ကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက် ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၉ ၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကြော်ငြာစာအား ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အမိန့်ကြော်ငြာစာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ် ၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၄) ဖြင့် သတ်မှတ်ခဲ့ကြောင်း ပါရှိသည်။
ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင် သတ်မှတ်လိုက်ကြောင်း၊ ယခုအမိန့်ကြော်ငြာစာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။










