၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးထားသည့် ကြိုတင်ဆန္ဒမဲများ အား ယနေ့(ဒီဇင်ဘာ ၂၆ ရက်) ညနေပိုင်းတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ စတင်ရေတွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးထားသည့် ကြိုတင်ဆန္ဒမဲများ အား ရေတွက်ရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဆန္ဒမဲ အများဆုံးရရှိထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် မြို့နယ် ( ၁၀၂ ) မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅( ခ)အရ မဲဆန္ဒနယ်အတွင်း ရှိနေသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သည့် ပုဂ္ဂိုလ်များကို ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သတ်မှတ်ထားသည့်အတိုင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၅( ခ)အရ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့သို့ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် (၁) အနာကြီးရောဂါစွဲကပ်နေသူ၊ (၂) ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူ၊ (၃) အိုမင်းမစွမ်းသူ၊ (၄) သားဖွားနေသူ၊ (၅) ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းတွင် အချုပ်ခံနေရသူ၊ (၆) ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူနေရသူ၊ (၇) နိုင်ငံ့ဝန်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် မဲစာရင်းပါရှိရာဒေသမှကျော်လွန်၍ ယာယီတာဝန် သွားရောက်ထမ်းဆောင်နေရသူ တို့ဖြစ်ကြောင်း သိရသည်။














