■ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် ကိုဗစ်ကာလနောက်ပိုင်းမှစပြီး အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

■ အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် ကိုဗစ်ကာလနောက်ပိုင်းမှစပြီး အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 23 December 2025

အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းသည် ကိုဗစ်ကာလနောက်ပိုင်းမှစပြီး အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၅ ခုနှစ် ဧပြီလမှစ၍ လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်း အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောကြားသည်။

ဒီဇင်ဘာ ၂၂ ရက်က နေပြည်တော်ရုံးအမှတ်(၄၆)ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၅) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး လုပ်ငန်းများအသင်းမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၅ ခုနှစ် အောက်တိုဘာလ စာရင်းအရ အသေးစားငွေရေးကြေးရေး ကုမ္ပဏီများသည် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုရှိ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများရှိ အသင်းဝင်ဦးရေ ၂ ဒသမ ၈၄၂ သန်းသို့ အသေးစားငွေကြေးဝန်ဆောင်မှုများ ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလနောက်ပိုင်းမှစပြီး လုပ်ငန်းဆောင်ရွက်မှုပမာဏသည် အတိုင်းအတာတစ်ခုအထိ ကျဆင်းသွားခဲ့သော်လည်း ၂၀၂၅ ခုနှစ် မတ်လနောက်ပိုင်း ဧပြီလမှစ၍လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမှုလျှော့ချရေးရည်ရွယ်ချက်ဖြင့်ဆောင်ရွက်သော လူမှုရေးအခြေပြုစီးပွားရေးဖြစ်ကြောင်း၊ အလားတူ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်တဖြည်းဖြည်း မြင့်မားလာခြင်းသည် နည်းလမ်းရှာဖြေရှင်းရမည့် အခြေအနေဖြစ်ကြောင်း၊ မတည်ငွေရင်း ကုန်ကျစရိတ်နှင့် လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များသည် အနည်းငယ်မြင့်မားနေသည်ဟု သုံးသပ်မိသဖြင့် ကုန်ကျစရိတ်များလျှော့ချနိုင်ရေး သက်ဆိုင်သူများအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည်ဆိုပါက အသင်းသားများ ချေးယူငွေအပေါ် ကောက်ခံသည့် အတိုးနှုန်းကို သင့်လျော်သော နှုန်းထားတစ်ခုသို့ လျှော့ချပေးနိုင်မည့် အခြေအနေဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ကျေးလက်ဒေသနေဝင်ငွေနည်းပြည်သူများ၊ MSME များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများသည် ဘဏ်များမှ ငွေကြေးဝန်ဆောင်မှု ရယူနိုင်မှုကန့်သတ်ချက်ရှိနေဆဲ အခြေအနေဖြစ်သည်ကို တင်ပြချက်များအရ သိရကြောင်း ပြောကြားသည်။

ဆက်လက်ပြီး အသေးစား ငွေရေးကြေးရေး ကုမ္ပဏီများနှင့် ယင်းက ဝန်ဆောင်မှုပေးနေသော အသင်းဝင်များ အနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း (AML/CFT) ကိစ္စများဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို စနစ်တကျ လိုက်နာရေး၊ Online Scam များ၏ တလွဲအသုံးချမှု မခံရစေရေးနှင့် Cyber Security အပါအဝင် လုံခြုံရေးဆိုင်ရာကိစ္စများကိုလည်း အလေးထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အသေးစား ငွေရေးကြေးရေး ဝန်ဆောင်မှုများသည် အသင်းဝင်များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများအတွက် အမှန်တကယ်အထောက်အကူပြုရေးကို စေတနာထား၍ အလေးအနက်ထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်ကတိုင်းဒေသကြီး/ပြည်နယ် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနများအနေဖြင့် အသေးစားငွေရေးကြေးရေး ကုမ္ပဏီများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရေး၊ မတည်ငွေရင်း ထပ်မံဖြည့်ဆည်း ရန်လိုအပ်သည့် အသေးစားငွေရေးကြေးရေး ကုမ္ပဏီများအတွက် မတည်ငွေဖြည့်တင်းရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထားသည့် ကုမ္ပဏီနှစ်ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ထုတ်ပေးရေး၊ အသေးစားငွေရေးကြေးရေးကုမ္ပဏီများ ပြည်တွင်းပြည်ပ ချေးငွေရယူခွင့်ပြုရေး အတည်ပြုရန် အချက်များဖြစ်သည့် အသေးစားငွေရေးကြေးရေး ကုမ္ပဏီများနယ်မြေတိုးချဲ့မှု၊ မတည်ငွေရင်းထည့်ဝင်မှု၊ အစုရှယ်ယာထည့်ဝင်မှုနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ပြောင်းလဲမှုအပါအဝင် ကြီးကြပ်မှုကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းမှ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေး တည်ဆောက်မှု သင်တန်းများဖွင့်လှစ်ပို့ချမှု၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီက ဖြည့်ဆည်းဆောင်ရွက်ပေးရန် အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုသည့် ပြည်တွင်းကုမ္ပဏီ တစ်ခု၊ ပြည်ပကုမ္ပဏီ တစ်ခု၊ အပ်ငွေလက်ခံခြင်း ဆောင်ရွက်ခွင့်ပြုသည့် ကုမ္ပဏီနှစ်ခု၊ မတည်ငွေ တိုးမြှင့်ခွင့်ပြုသည့်ကုမ္ပဏီ သုံးခု၊ ကော်ပိုရိတ် အသက်အာမခံ ကိုယ်စားလှယ်ခွင့်ပြုမှုနှစ်ခု၊ နယ်မြေတိုးချဲ့သည့် ကုမ္ပဏီလေးခုတို့ကို ခွင့်ပြု၍ အတည်ပြု မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent