မဲပေးပြီး မိမိနိုင်ငံကို အုပ်ချုပ်မည့် အစိုးရကို ရွေးချယ်ခြင်းသည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ပြီး ဒီမိုကရေစီနစ်ကို သွားသည့်နေရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးရမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က ပြောကြားသည်။
ယနေ့(ဒီဇင်ဘာ ၁၀ ရက်)နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်၊ ဘော်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“အလုပ်သမားနဲ့ပတ်သက်တဲ့ကိစ္စ၊ တောင်သူတွေနဲ့ပတ်သက်တဲ့ကိစ္စ၊ ဒါလေးတွေက ကျွန်တော်တို့ အစီအစဉ်လေးတွေ ရှိတာပေါ့။ ဒါကတော့ မိဘတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့အတူ ကျွန်တော်တို့ အကောင်ထည်ဖော်ရမယ့် လုပ်ငန်းတွေ ဖြစ်တဲ့အတွက်ကြောင့် မိဘတွေရဲ့ ပူးပေါင်းဆောင်ရွက် ပါဝင်မှုကို ကျွန်တော်တို့ လိုလားပါတယ်။ လိုလားတဲ့အတွက်ကြောင့် အခုလိုလာပြီးတော့ တွေ့ဆုံစကားပြောတာပဲ ဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့က ဆွေးနွေးပြီးသွားပြီ။ အဲ့တော့ ဘာလုပ်ရမလဲ၊ မဲပေးကြရ တော့မယ်။ မဲပေးတယ်ဆိုတာ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးနော်။ ကျွန်တော်တို့ သွားနေတာ ဒီမိုကရေစီ ခေတ်မလား။ ဒီမိုကရေစီခေတ်ဆိုတော့ ဒီမိုကရေစီစနစ်ကို သွားတဲ့နေရာမှာ ၁၈ နှစ် ပြည့်ပြီးတဲ့သူတိုင်းက မဲကို ပေးရမယ်။ မဲပေးပြီးတော့ ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့် အစိုးရကို ရွေးချယ်တာ။ အစိုးရ အုပ်ချုပ်နိုင်ဖို့အတွက် ဥပဒေရေးဆွဲမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တာ။ ဒါကြောင့်မလို့ ၁၈ နှစ် ပြည့်ပြီးတဲ့သူတွေရယ်၊ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးပဲ” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က ပြောကြားသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းတွင် မိမိ၏အမည် ပါ၊ မပါ ကြည့်ရန် လိုအပ်ကြောင်း၊ မဲစာရင်းတွင် မိမိအမည် ပါဝင်ပြီဆိုပါက လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် မဲပေးကြရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က ပြောကြားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က “ပြည်ခိုင်ဖြိုးမှာ အရည်အချင်းရှိတဲ့လူတွေ ပါဝင်နေတယ်။ မှားယွင်းမှုတွေ မဖြစ်အောင် ထိန်းနိုင်သိမ်းနိုင်တဲ့ ပုဂ္ဂိုလ်တွေလည်း ပါနေကြတယ်။ နောက် မျိုးဆက်သစ်တွေလည်း ရှိနေကြတဲ့အခါကျတော့ ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီကို ရွေးပြီးတော့ ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ပြီးတော့ ရွေးချယ်တင်မြှောက်ခံဖို့ပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ပြင်ဦးလွင်မြို့နယ်က အရွေးချယ်ခံရာတွင် ပြင်ဦးလွင်မြို့နယ်တစ်ခုလုံးနှင့် ပတ်သက်သည့် ရည်မှန်းချက်များ အများအပြားရှိကြောင်း၊ ယခုနေရာသည် စိုက်ပျိုးရေးကို အခြေခံသည့် အတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ် စသည်များကို ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး တောင်သူများကလည်း ဝိုင်းဝန်း အကောင်အထည် ဖော်မည်ဆိုပါက စီးပွားရေး တိုးတက်လာမည်မှာ သေချာပါကြောင်း၊ တစ်ဖက်ကလည်း မိမိတို့သည် စျေးကွက်ရှာဖွေပေးရမည်ဖြစ်ပြီး ရောင်းချ၍ မကုန်သေးပါကလည်း သိုလှောင်ရန် နေရာများကို အစိုးရက စီစဉ်ဆောင်ရွက်ပေးရမည့်အပိုင်းများ ရှိလာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က ပြောကြားသည်။
“ဒါတွေအားလုံးက ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ကြံစည်နေကြတယ်။ စဉ်းစားပေးနေကြတယ်။ ဒါကတော့ ဘယ်အချိန်မှ ဖြစ်မလဲ။ ကျွန်တော်တို့ကိုယ်တိုင် တာဝန်ယူပြီးတော့ ဆောင်ရွက်ခွင့်ရတဲ့အချိန် ကျလို့ရှိရင် မိဘပြည်သူတွေနဲ့အတူ လက်တွဲလုပ်နိုင်မယ့် အခွင့်အလမ်းလို့ မြင်တာပေါ့။ လူမှုစီးဘဝဖွံ့ဖြိုး တိုးတက်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်းကြံဆောင်ပေးရမှာပေါ့။ ကြိုးစားပေးရမှာပေါ့။ ဒါကတော့ ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ့် အနေအထားလေးတွေ ပြောပြတာပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံပြီးတော့ ပြောသွားတာ ဖြစ်ပါတယ်” ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး က ပြောကြားသည်။
ထို့ပြင် အလုပ်သမားကိစ္စများနှင့်ပတ်သက်၍လည်း အဆင်ပြေချောမွေ့စွာ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန်နှင့် အလုပ်သမား အခွင့်အရေးများ ပြည့်ဝစွာရရှိရန်အတွက် သင်တန်းများဖွင့်လှစ် သင်ကြားမှုများ ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း၊ ယင်းအစီအစဉ်များသည် မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အကောင်အထည် ဖော်ဆောင်ရမည့်လုပ်ငန်းများ ဖြစ်သည့်အတွက် မိဘပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို လိုလားသည့်အတွက် ယခုလို လာရောက်တွေ့ဆုံ စကားပြောဆိုခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးက ပြောကြားသည်။















