■ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးပြီး တိုင်းရင်းသားများနှင့် ပိုပြီး စည်းလုံးညီညွတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား

■ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးပြီး တိုင်းရင်းသားများနှင့် ပိုပြီး စည်းလုံးညီညွတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ပြောကြား
Published 9 December 2025

တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးပြီး တိုင်းရင်းသားများနှင့် ပိုပြီး စည်းလုံးညီညွတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ပြောကြားသည်။ 

ဒီဇင်ဘာ ၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အင်တိုင်းကျေးရွာ၌ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြာခဲ့ခြင်းဖြစ်သည်။

“နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေရဲ့ဘဝ ပိုပြီးလုံခြုံလွတ်လပ်ဖို့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်။ နံပါတ်နှစ်က ကျွန်တော်တို့ ပြည်သူတွေရဲ့ စားဝတ်နေရေး ဖူလုံဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဒီထက်ပိုများအောင် ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်ပေးမယ်။ နံပါတ်သုံးက ကျွန်တော်တို့ အင်တိုင်းကျေးရွာ ဖွံ့ဖြိုးတိုးတက်ဖို့ အချင်းချင်းစည်းလုံးညီညွတ်ငြိမ်းချမ်းနေဖို့ လိုသလို ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ငြိမ်းချမ်းရေးရဖို့ အရေးကြီးတယ်။ တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ စည်းလုံးညီညွတ်ဖို့ လိုတဲ့အတွက် အဲ့ဒီဟာကို ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဆောင်ရွက်သွားမယ်” ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ပြောကြားသည်။ 

ထို့ပြင် တိုင်းပြည်တွင် ကုန်ဈေးနှုန်းများ ကျဆင်းရန်၊ တည်ငြိမ်ရန်နှင့် ဖွံ့ဖြိုးလာရန်အတွက် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးများ ပိုပြီးကောင်းရန် လိုအပ်သည့်အတွက် ယင်းကဏ္ဍကိုလည်း ပိုမိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်လာရန်အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးစိုးထွန်းက ပြောကြားသည်။

ကျောက်ဆည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦးညီညီလတ်က “ဒီနေ့ ရွေးကောက်ပွဲ ကျင်းပရတဲ့ အခြေအနေကလည်း ကျွန်တော်တို့ နိုင်ငံရဲ့ မညီမညွတ်မှု အခြေအနေတွေကို မြန်မြန်ရပ်တန့်ချင်လို့ ရေရးကောက်ပွဲကို လုပ်ရခြင်းဖြစ်တယ်။ အဲ့တော့ နိုင်ငံတော် အကြီးအကဲတွေကလည်း ဒီရွေးကောက်ပွဲ မြန်မြန်လုပ်ပြီးမှပဲ ကျွန်တော်တို့နိုင်ငံ အခု အကြပ်အတည်းတွေကနေ အထိုက်အလျောက် လျော့ပါးပြီးတော့မှ ပိုမိုကောင်းအောင် သွားနိုင်မယ်လို့ သူတို့ ယုံကြည်လို့ ရွေးကောက်ပွဲကို အလျင်အမြန် ကျင်းပပေးခြင်း ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရန်ဖြစ်နေလို့ ဘာမှအကြောင်း မထူးပါဘူး” ဟု ပြောကြားသည်။

မိမိတို့အချင်းချင်း သတ်ဖြတ်နေကြခြင်းကြောင့် သေဆုံးကြသူများသည် မိမိတို့နိုင်ငံသားများသာဖြစ်ပြီး ယင်းကိစ္စကြီးကို ရပ်တန့်ပစ်ရန် လိုအပ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ ရန်ဖြစ်လာခြင်းသည် လုံလောက်ပြီဟု ထင်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦးညီညီလတ်က ပြောကြားသည်။ 

“၂၀၂၁ ကနေ ဒီအချိန်အထိ ရန်ဖြစ်တာ ကျွန်တော်တော့ လုံလောက်ပြီလို့ ထင်တယ်။ ရန်ဖြစ်ချင်သေးလား၊ ရန်မဖြစ်သင့်တော့ဘူး၊ မဖြစ်နဲ့တော့။ ကျွန်တော်တို့ ပြန်ပြီးတော့မှ ညီညီညွတ်ညွတ်နဲ့ ပြန်ပြီး တည်ဆောက်ဖို့လိုတယ်။ ကျွန်တော်တို့က ကောင်းမွန်တဲ့ အခြေအနေ သွားသွားလာလာလုပ်တဲ့ ခေတ်ကိုလည်း ဖြတ်သန်းခဲ့ပြီးပြီ။ အခု ရေဘေး၊ ငလျင်ဘေး၊ စစ်ဘေး၊ ဘေးပေါင်းစုံကိုလည်း အခု ဖြတ်သန်းနေတယ်။ အဲ့ဒီတော့ ကောင်းတာတွေရော၊ မကောင်းတာတွေေရော၊ ကျွန်တော်တို့က ဖြတ်သန်းပြီးပြီ။ ကျွန်တော်တို့နောက်က မျိုးဆက်တွေကကျတော့ ကောင်းတဲ့ထဲ ရောက်နေလား၊ ဆိုးတဲ့ထဲ ရောက်နေလား။ သူတို့ ကောင်းတဲ့နေရာကို၊ ကောင်းတဲ့အခြေအနေကို ဖြတ်သန်းဖို့အတွက် ကျွန်တော်တို့က အနစ်နာခံပြီး တည်ဆောက်ဖို့ လိုအပ်နေတယ်။ ဒါကြောင့်မလို့ ဒီရွေးကောက်ပွဲကို အမြန်ဆုံးပြန်လုပ်ပြီးတော့မှ အရင်လို ပြန်ကောင်းအောင် လုပ်ရခြင်းဖြစ်တယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (PR) ဦးညီညီလတ်က ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြင့်သန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး ကျောက်ဆည်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆန္ဒရှင်ပြည်သူများနှင့် မိတ်ဆက်ခြင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းက မဲပေးရွေးချယ်ရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

 

Most Read

Most Recent