■ MAI လေကြောင်းလိုင်း၏ ထိန်းချုပ်မှုအတွင်းမရှိသော အကြောင်းရင်းများကြောင့် ခရီးစဉ်အချိန်များ နှောင့်နှေးရခြင်းနှင့် ခရီးဆောင်အိတ်များ ကျန်ရှိခြင်းများဖြစ်ပေါ်နိုင်ဟုဆို

■ MAI လေကြောင်းလိုင်း၏ ထိန်းချုပ်မှုအတွင်းမရှိသော အကြောင်းရင်းများကြောင့် ခရီးစဉ်အချိန်များ နှောင့်နှေးရခြင်းနှင့် ခရီးဆောင်အိတ်များ ကျန်ရှိခြင်းများဖြစ်ပေါ်နိုင်ဟုဆို
Published 24 November 2025

MAI လေကြောင်းလိုင်း၏ ထိန်းချုပ်မှုအတွင်း မရှိသောအကြောင်းရင်းများကြောင့် ခရီးစဉ်အချိန်များ နှောင့်နှေးရခြင်းနှင့် ခရီးဆောင်အိတ်များ ကျန်ရှိခြင်းများဖြစ်ပေါ်နိုင်ကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

MAI ၏ထိန်းချုပ်မှုအတွင်းတွင် မရှိသော အကြောင်းရင်းများတွင် ဆိုးရွားသည့် ရာသီဥတုအခြေအနေများ၊ လေဆိပ်ပိတ်ခြင်း (သို့) ကန့်သတ်ချက်များကို ဖြစ်ပေါ်စေသောအကြောင်းအရာ (NOTAMS) များ၊ လေကြောင်းအသွားအလာ ပိတ်ဆို့မှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လုံခြုံရေးစစ်ဆေးမှုများတွင် အချိန်ပိုလိုအပ်ခြင်း စသည်တို့ ပါဝင်သည်ဟုဆိုသည်။

ထို့အပြင် လေကြောင်းလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကြောင့် ခရီးသည်များ အချိန်မှီမရောက်ခြင်း (သို့) အာဏာပိုင်များမှလုံခြုံရေးအရ ခရီးသည်တင်ပစ္စည်းများပြန်ချခြင်း၊ ပြင်းထန်သော ရာသီဥတုကြောင့် ခရီးစဉ်များ အခြားလေဆိပ်များသို့ လမ်းလွဲဆင်းသက်ရခြင်း အစရှိသည့်အချက်များ ပါဝင်‌ကြောင်းလည်း သိရသည်။                

“Flight delayed ဖြစ်ရတဲ့ အကြောင်းတွေက အများကြီးရှိနိုင်တယ်လေ။ ဥပမာ အစ်မတို့က ခရီးသည်တွေနဲ့ အိတ်တွေကို လေယာဉ်ပေါ်တင်လိုက်ပြီးမှ case တစ်ခုရှိလို့ ဒီလူ ဒီလူတွေကို ပြန်ချမယ်ဆိုရင် အစ်မတို့က ပြန်ချပေးရတယ်။ ဒါကိုကျ လေယာဉ်ပေါ်က ခရီးသည်တွေက မသိဘူးလေ။ အဲ့မှာတင် delayed ဖြစ်ကုန်ရော။ နောက်လေယာဉ်က တက်တော့မယ်။ မနက်ပိုင်းဆို ပိုဆိုးတယ်။ weather မကောင်းလို့ မတက်ရဘူးဆို အဲ့အစောဆုံး လေယာဉ်မှာ delayed ဖြစ်ရင် ‌တစ်နေ့လုံး flight tukef delayed ဖြစ်ကုန်ရော။ သူ့ effect က အဲ့လိုပေါ့နော်။ off load လည်း အဲ့လိုပဲ။ luggage တွေကအကုန်တင်ပြီးမှ suspension ဖြစ်တဲ့အခါကျ ပြန်ချပေးရတာမျိုး‌တွေရှိတယ်။ အဲ့မှာလည်း တင်ပြီးသား luggage တွေကို အကုန်တင်ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်ချရတဲ့ အခါမျိုးတွေရှိတယ်” ဟု MAI လေကြောင်းလိုင်းတာဝန်ရှိသူက ဆိုသည်။

ယင်းပြင်၂၀၂၅ခုနှစ် စက်တင်ဘာလထုတ် Circum စစ်တမ်းအရ အရှေ့တောင်အာရှတွင် ပျမ်းမျှ On Time Performance 80% ဖော်ပြထားသော်လည်း မြန်မာနိုင်ငံသား ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းဖြစ်သည့် MAI လေကြောင်းလိုင်းသည် On Time Performance 82% ရှိနေကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

MAI လေကြောင်းလိုင်းသည် တစ်ရက်လျှင် ခရီးစဉ်ကြောင်းရေ ၈၅ ခု၏ ခရီးဆောင်အိတ်ပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို operations လုပ်နေခြင်းဖြစ်ပြီး On Time Performance (OTP) မှာ 82% ထိရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လေကြောင်းလိုင်းတစ်ခုအနေဖြင့် ခရီးသည်များသည် MAI အား မိမိတို့၏ ခရီးစဉ်တစ်ခုလုံးအတွက် တာဝန်ရှိသူအဖြစ် မှတ်ယူထားကြသော်လည်း လေကြောင်း လုပ်ငန်းတစ်ခု အောင်မြင်စွာလည်ပတ်နိုင်ရန်အတွက် လေဆိပ်အာဏာပိုင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဌာန ကဲ့သို့သော အာဏာပိုင်များ၊ လေကြောင်း ထိန်းသိမ်းရေး(ATC)၊ မြေပြင်တွင် ဝန်ဆောင်မှုပေးသူများ၊ လောင်စာဆီတင်သွင်းသူများ၊ အစားအသောက်ပြင်ဆင်ပေးသူများစသည့် ပါဝင်ပတ်သက်သူများစွာ အပေါ်အများဆုံးမှီခိုနေရကြောင်းလည်း သိရသည်။

ယင်းပြင် MAI လေကြောင်းလိုင်းသည် IOSA မှ အသိအမှတ်ပြုထားသည့် လေကြောင်းလိုင်းအဖြစ် On Time Performance (OTP) 82% ကို အစဉ်အမြဲ ထိန်းသိမ်းထားလျက်ရှိပြီး ရံဖန်ရံခါတွင် အခက်အခဲများရှိသော်လည်း မြန်မာနိုင်ငံ၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍအတွင်းတွင် မြင့်မားလျက်ရှိ‌နေ‌ကြောင်းလည်း တာဝန်ရှိသူက ဆိုသည်။

MAI သည် နေ့စဉ်ခရီးသည်ပေါင်း ထောင်ကျော်ကိုလုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်ပေးနေသည့်နိုင်ငံ၏ အဓိက လေကြောင်းလိုင်းအဖြစ် နိုင်ငံအတွက် လေယာဉ်ပြေးဆွဲပျံသန်းမှုများကို ဆက်လက်ထိန်းသိမ်းပေးနိုင်ရန်အတွက် အဆင်မပြေမှုများကို အတတ်နိုင်ဆုံးလျော့နည်းအောင် ကြိုးစားနေကြောင်း ထုတ်ပြန်‌ခဲ့သည်။

Most Read

Most Recent