မစ်ဒယ်ဘရော့နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဝုလ်ဗ်အသင်း သဘောတူညီမှုရရှိ

မစ်ဒယ်ဘရော့နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဝုလ်ဗ်အသင်း သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 10 November 2025

ဝုလ်ဗ်အသင်းဟာ မစ်ဒယ်ဘရော့နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။

ဝုလ်ဗ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်(၁၁)ပြီးဆုံးချိန်အထိ နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံး ရောက်ရှိနေပြီး ပေါ်တူဂီနည်းပြ ဗစ်တာပါရဲရားကို နိုဝင်ဘာ(၂)ရက်ကတည်းက ရာထူးက ထုတ်ပယ်ထားတာပါ။

ဒါကြောင့် အစားထိုးခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေခဲ့ရာမှာ မစ်ဒယ်ဘရော့အသင်းက အင်္ဂလန်နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်ကို (၃)နှစ်ခွဲစာချုပ်နဲ့ ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရော့ဘ်အက်ဒ်ဝပ်စ်(၄၂ နှစ်)ဟာ ဝုလ်ဗ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး နည်းပြဘဝကို စတင်ဝင်ရောက်စဉ်က ဝုလ်ဗ်အသင်းရဲ့ ယာယီနည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။

ရော့ဘ်အက်ဒ်ဝပ်စ်ဟာ မစ်ဒယ်ဘရော့အသင်းကို ပြီးခဲ့တဲ့ ဇွန်လကမှ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပေမဲ့ အခု ဝုလ်ဗ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပြီး မစ်ဒယ်ဘရော့အသင်းကတော့ မတတ်သာလို့သာ လိုက်လျော့ခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။

ဝုလ်ဗ်အသင်းက မစ်ဒယ်ဘရော့အသင်းကို လျော်ကြေးပေါင်(၃)သန်း ပေးချေခဲ့ရပြီး ရော့ဘ်အက်ဒ်ဝပ်စ်ကို၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

Most Read

Most Recent