Lee Jung-jae အယောင်ဆောင်ချစ်သူက အမျိုးသမီးတစ်ဦးထံမှ ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူသွား     

Lee Jung-jae အယောင်ဆောင်ချစ်သူက အမျိုးသမီးတစ်ဦးထံမှ ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူသွား     
Published 27 October 2025

Squid Game မင်းသား Lee Jung-jae အဖြစ် အယောင်ဆောင်ထားသည့် အွန်လိုင်းချစ်သူက အမျိုးသမီးတစ်ဦးကို ကိုရီးယားဝမ်သန်း ၅ဝဝ လိမ်ယူမှု ဖြစ်ပွားခဲ့ကြောင်း JTBC ရုပ်သံက ဖော်ပြသွားသည်။

သတင်းအရ ငွေလိမ်ခံရသူအမျိုးသမီးက အသက် ၅ဝ ကျော်ဖြစ်ပြီး လူလိမ်အမျိုးသားနှင့် ဆိုရှယ်မီဒီယာတွင် သိကျွမ်းခဲ့သည်။ ယင်းအမျိုးသားက ၎င်းကိုယ်၎င်း Lee Jung-jae ဟု မိတ်ဆက်ခဲ့ပြီး ပရိသတ်နှင့် ထိတွေ့ဆက်သွယ်ချင်သည်ဟုဆိုကာ တစ်ဖက်လူယုံကြည်လာစေရန် လေဆိပ်တွင်ရိုက်ကူးထားသည့် AI ဓာတ်ပုံများကို အမျိုးသမီးထံ ပို့ခဲ့သည်။

ထို့ပြင် အိုင်ဒီကတ်အတုကိုပါ ပြသခဲ့ပြီး  လက်ရှိတွင် Squid Game 3 ရိုက်နေပြီဟု အယုံသွင်းခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ လူလိမ်က အမျိုးသမီးကို ဟန်နီ၊ ဒါလင်ဆိုသည့် အခေါ်အဝေါ်များ သုံးလာပြီး ချစ်သူဆက်ဆံရေးသဖွယ် ဖန်တီးပြလာသည်။

ထို့နောက်၎င်းက နောက်ထပ်ကြံရာပါတစ်ဦးကို အမှုဆောင်အဖြစ် မိတ်ဆက်ပေးကာ ထိုကြံရာပါက Lee Jung-jae နှင့်သီးသန့်တွေ့ရန် စီစဉ်ပေးနိုင်သည်ဟုဆိုကာ ဝမ်ခြောက်သန်းတောင်းခဲ့သည်။ အကြောင်းမျိုးစုံဖြင့် ငွေဆက်တိုက်လိမ်တောင်းခဲ့ပြီး ခြောက်လအတွင်း ဝမ်သန်း ၅ဝဝ အထိ အလိမ်ခံလိုက်ရသည်။

အင်တာဗျူးတစ်ခုတွင် အမျိုးသမီးက Lee Jung-jae အစစ်ဟု ထင်ခဲ့ကြောင်း၊ ပြန်တွေးကြည့်လျှင် အတော်ရူးမိုက်ခဲ့ကြောင်း ပြောသည်။

ရဲတပ်ဖွဲ့က ထိုအမှုကိုဖော်ထုတ်နေပြီဖြစ်ပြီး ကမ္ဘောဒီးယားရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ပတ်သက်နေနိုင်သည့် အချက်ကို ထည့်စဉ်းစားနေသည်။ စစ်ဆေးမှု စတင်ပြီးနောက်မှာပင် လူလိမ်က 'ငါ့ကိုယုံပါ' ဆိုသည့် မက်ဆေ့များ ဆက်ပို့နေခဲ့သည်။

Ref & Photo : Allkpop

Most Read

Most Recent