မြဝတီမြို့အတွင်း၌ KK Park ဆိုဒ်များမှ အလုပ်သမားဟုယူဆရသည့် တရားမဝင်နိုင်ငံခြားသား ၁၁၈ ဦး ကို စနစ်တကျ ထိန်သိမ်းထားပြီး လိုအပ်သည့် စိစစ်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
တပ်မတော်က ဝင်ရောက်ရှင်းလင်းခဲ့သည့် KK Park ၏ နောက်ဆက်တွဲ အခြေအနေများနှင့်ပတ်သက်၍ BBC သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်းထည့်သွင်း ဖြေကြားထားခြင်း ဖြစ်သည်။
" မြဝတီမြို့ဘက်ကို ထွက်ခွာလာတဲ့အလုပ်သမားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စနစ်တကျ ထိန်းသိမ်းခေါ်ဆောင်ထားပါတယ်။ မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့အထိတော့ မြဝတီမြို့အတွင်းမှာ ဒီ KK Park ဆိုဒ်တွေက အလုပ်သမားလို့ ယူဆရတဲ့ တရားမဝင်နိုင်ငံခြားသား ကျား (၁၁၄) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၁၈)ဦး ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စနစ်တကျ ထိန်သိမ်းထားပြီး လိုအပ်တဲ့ စိစစ်မှုတွေ ဆောင်ရွက်နေပါတယ်။ ပြီးသွားရင်တော့ လုပ်ထုံးလုပ်နည်းနဲ့ အညီ သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းနိုင်ရေးဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
ယနေ့တွင်လည်း မြဝတီမြို့ ပတ်ဝန်းကျင်ကို လုံခြုံရေးအဖွဲ့များနှင့် ဆက်လက်ရှာဖွေပြီး တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က " ဒီနေ့(အောက်တိုဘာ ၂၃ ရက်) မနက်ပိုင်းက ထိုင်းနိုင်ငံဘက်မှာတော့ ကျား ၆၁၈ ဦး၊ မ ၅၉ ဦး ပေါင်း ၆၇၇ ဦး ရောက်ရှိလာကြောင်း သတင်းတွေအရသိရှိရပါတယ်။ မြဝတီမြို့အတွင်းမှာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေသည့် အွန်လိုင်းလိမ်လည်မှု အပါအဝင်တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ပါဝင်ခြင်းမရှိကြဖို့၊ အဲဒီလုပ်ငန်းတွေအတွက် တရားမဝင်အဆောက်အဦတွေ ဆောက်လုပ်ခြင်း၊ အဲဒီအဆောက်အဦတွေက လုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်ခြင်းအပြင် တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်ခြင်း၊ အားပေးကူညီခြင်း စတာတွေကို မပြုကြဖို့ကိုလည်း ဒေသန္တရအမိန့်တွေထုတ်ပြန်ပြီး တားမြစ်ဆောင်ရွက်နေပါတယ်" ဟု ပြောကြားသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်နေသည့် KK Park ကို တပ်မတော်ကပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း၊ ယင်းနေ့တွင် KK Park နယ်မြေအတွင်းမှ Star Link စလောင်း အစုံ(၃၀)ကို သိမ်းဆည်းရမိခဲ့သလို ဆောက်လုပ်ပြီး အဆောက်အအုံမျိုးစုံ ၂၂၇ လုံးနှင့် ဆောက်လုပ်ဆဲ အဆောက်အအုံမျိုးစုံ ၄၃ လုံးတို့ကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ အဆောက်အအုံများထဲတွင် အလုပ် သမား ကျား (၁၆၄၅) ဦး၊ မ (၄၅၅)ဦး၊ လုံခြုံရေး(ကျား) ၉၈ ဦး၊ စုစုပေါင်း ၂၁၉၈ ဦးတို့ကို တွေ့ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၂ ရက်က ထပ်မံရရှိသည့်သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနှင့် KK Park လုပ်ငန်းဆိုဒ်ဖြစ်သည့် (K-1)သို့ ဝင်ရောက်သည့်အခါ၌ လုပ်ငန်းဆိုဒ်များဖြစ်သည့် KK (1 ၊ 2 ၊ 3 ၊ 4 ၊ 5 ၊ 6) များရှိ အလုပ်သမားများသည် နီးစပ်ရာ မယ်ထော်သလေးကျေးရွာ၊ မြဝတီမြို့ အနီးနှင့် ပတ်ဝန်းကျင်ကျေးရွာများအပြင် ထိုင်းနိုင်ငံမဲဆောက်မြို့ဘက်သို့ အသီးသီးထွက်ခွာသွားကြခြင်းကို သိရှိရကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
နိုင်ငံတော်အနေနှင့်လည်း Online Scam Center လုပ်ငန်းများ၌ ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့် နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသည့် နိုင်ငံခြားသားများနှင့်လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကိုလည်း သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။
■ မြ၀တီမြို့မှ ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားသည့် နိုင်ငံခြားသားများကို
တွေ့ရစဥ်။ Photo. Khaosod















