■ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel တွင် အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သူနှင့် အ​​လောင်း​ဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိ

■ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel တွင် အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သူနှင့် အ​​လောင်း​ဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိ
Published 8 October 2025

■ လူသတ်မှုကျူးလွန်သူသည် လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများကို အလွန်အကျွံ ကြည့်ရှုလေ့ရှိပြီး ၎င်းဇာတ်ကားများထဲမှအတိုင်း လုပ်​ဆောင်ခဲ့ခြင်းဖြစ်

ပန်းဘဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel တွင် အမျိုးသမီးငယ်တစ်ဦးကို သတ်ဖြတ်ခဲ့သူနှင့် အ​​လောင်း​ဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်သူတို့ကို ဖမ်းဆီးရမိ​ကြောင်း အမျိုးသားကာကွယ်​​ရေးနှင့် လုံခြုံ​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ယ​နေ့(​အောက်တိုဘာ ၈ ရက်)တွင် ထုတ်ပြန်သည်။

ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်ရှိ 32nd Beauty Land Hotel ၊ (၅)လွှာ၊ အခန်းအမှတ်(၅၀၂) ပြတင်းပေါက်အပြင်ဘက် Air Con Outdoor နှစ်ခုကြားရှိ အမှိုက်အိတ်အတွင်း၌ သေဆုံးနေသည့် အမျိုးသမီးတစ်ဦးတွေ့ရှိရကြောင်း အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ပလပ်စတစ်အမှိုက်အိတ်အတွင်း၌ သတ်ဖြတ်ခံထားရပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အသက် (၂၀)နှစ်ခန့် အမည်မသိအမျိုးသမီးတစ်ဦး၏အလောင်းအား တွေ့ရှိရသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း (ပ)၉၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃)နှစ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေး​ဆောင်ရွက်ခဲ့ရာ  ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်၊ အမှတ်(၇)အရှေ့ ရပ်ကွက်နေ အသက် ၁၈ နှစ် အရွယ်ရှိအောင်ခန့်ကျော်ဇင်နှင့် ၎င်း၏ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်၊ အရှေ့ ရွှေဂုံတိုင်ရပ်ကွက်၊ အောင်ချမ်းသာအိမ်ရာနေ အသက် ၁၈ နှစ် အရွယ်ရှိ အေမွန်အောင်တို့ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ၎င်းတို့နှစ်ဦးအား အောက်တိုဘာ ၇ ရက် နေ့လယ်ပိုင်းတွင် ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အောင်ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား နှစ်ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သည့် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့​ကြောင်း သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်၏ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန် အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများအား အလွန်အကျွံ ကြည့်ရှုလေ့ရှိကြောင်း၊ အောက်တိုဘာ ၅ ရက်တွင် LEADER အမည်ရှိ Telegram Channel မှတစ်ဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန်အတွက် အခကြေးငွေဖြင့်ဆက်သွယ်ခေါ်ယူခဲ့ပြီး ပန်းဘဲတန်း မြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ်(၅၀၂)၌ ပျော်ပါးနေစဉ် ၎င်းကြည့်ရှုခဲ့သည့် လူသတ်အလောင်းဖျောက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများမှ ဇာတ်ဆောင်များအတိုင်း မစုမြတ်ဝင်းအား အသင့်ဆောင်ထားသည့် စတီးဓား နှစ်ချောင်းဖြင့် ရက်စက်စွာသတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများအား လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် ၎င်း၏ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းပေကျံနေသည့် သွေးများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏ အလောင်းအား ဖျောက်ဖျက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည့်အတွက် အမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အောင်ခန့်ကျော်ဇင်နှင့် အလောင်းဖျောက်ဖျက်ရာတွင် ပူးပေါင်း ပါဝင်ကျူးလွန်ခဲ့သူ အေမွန်အောင်တို့ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

Most Read

Most Recent