လွန်ခဲ့သည့် ၁၀ လခန့်က ပျဉ်းမနားမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသားတစ်ဦးကို ဓာတ်ဆီလောင်းမီးရှို့ခဲ့မှုဖြစ်စဉ်မှ ကျူးလွန်သူအား ပျဉ်းမနားခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ် နယ်မြေ(၈) ဥယျာဉ်စုအုပ်စု ဦးကျေးရပ်ကွက်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က နေမျိုးထိုက်အား ဂျပ်စ်ပဲရိုး(ခ)ကျော်သိန်း(ခ) ဇော်ဇော်လတ်နှင့် အောင်အောင်(ခ)အောင်ကြီးတို့က ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့သဖြင့် နေမျိုးထိုက် သေဆုံးသည့်အမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းအမှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားစွဲဆိုတင်ပို့ခဲ့ရာ ပျဉ်းမနားခရိုင်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် ၃/၂၀၂၅ ဖြင့် တရားခံပြေး ဂျပ်စ်ပဲရိုး(ခ)ကျော်သိန်း(ခ)ဇော်ဇော်လတ်အား ရာဇသတ်ကြီးပုဒ်မ ၃၀၂/ကျင့် ၅၁၂ အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ ထုတ်ဆင့်ဆောင်ရွက်ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၁၅/၂၀၂၅ ဖြင့် တရားခံအောင်အောင်(ခ)အောင်ကြီးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၃၄ အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ပျဉ်းမနားခရိုင်တရားရုံးက ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။















