ကင်ဂျုံအွန်အတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိစေနိုင်သည့် တရုတ်ခရီးစဉ်

ကင်ဂျုံအွန်အတွက် နိုင်ငံရေးအကျိုးအမြတ်ရရှိစေနိုင်သည့် တရုတ်ခရီးစဉ်
Published 1 September 2025

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ယခုသီတင်းပတ်အတွင်း တရုတ် နိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်သည်။ ထိုခရီးစဉ်သည် ကင်၏ပြည်ပနိုင်ငံသို့ သွားရောက်သည့် ရှားပါးခရီးစဉ်ဖြစ်သည်။ ကင်က တရုတ်သမ္မတရှီကျင်းပင်နှင့် ရုရှား သမ္မတဗလာဒီမာပူတင်တို့နှင့် တွေ့ဆုံံရန် ရည်ရွယ်ထားသည်။

ယခုခရီးစဉ်သည် တရုတ်နှင့်ရုရှားနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ကင်၏ နည်းလမ်းဖြစ်ဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ထို့ပြင် ကင်အား ကမ္ဘာ့စင်မြင့်ပေါ်တွင် ကြီးမားသောအခန်း ကဏ္ဍကို ပြသနိုင်ရန်လည်း အကူအညီဖြစ်စေနိုင်သည်။

သုံးနိုင်ငံမိတ်ဖက်ဆက်ဆံရေး

တရုတ်အစိုးရသည် ယခုသီတင်းပတ်အတွင်း စစ်ရေးပြအခမ်းအနားကြီးတစ်ခု ကျင်းပသွားမည်ဖြစ်သည်။ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့လက်နက်ချခဲ့သည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်ရေးပြအခမ်းအနား ပြုလုပ်ခြင်းဖြစ်သည်။

ကင်နှင့် ပူတင်တို့က ထိုအခမ်းအနားသို့ တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင် ၂၆ ဦးတွင် အပါအဝင် ဖြစ်သည်။ ထိုအခမ်းအနားသည် ပထမဆုံးအကြိမ် ရှီနှင့်အတူ ကင်နှင့်ပူတင်တို့ အတူတွဲဖက်တည်ရှိမှု ဖြစ်လာလိမ့်မည်။

၎င်းတို့အတူ တည်ရှိမှုသည် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားတို့၏ နီးကပ်သော ဆက်ဆံရေးတစ်ရပ်ကို ပြသနေကြောင်း နိုင်ငံ တကာနိုင်ငံရေးအန္တရာယ်အကြံပေးတစ်ဦး ဖြစ်ပြီး CIA လေ့လာသုံးသပ်သူဟောင်း ဆူးကင်က အေအက်ဖ်ပီသတင်းကို ပြောပြခဲ့ သည်။

“ဒါက ကမ္ဘာကြီးကို အထူးသဖြင့်တော့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့ကို  ရှင်းရှင်းလင်းလင်း သတင်းစကားပါးလိုက်တာပဲ ဖြစ်ပါတယ်။အခုချိန်မှာ ဒီနိုင်ငံတွေက သုံးနိုင်ငံမိတ်ဖက်ဆက်ဆံရေးတစ်ခုနဲ့ ရင်ဆိုင်နေရပြီဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်”ဟု ၎င်းက သုံးသပ်ထားသည်။

တရုတ်နှင့်ဆက်ဆံရေးတည်ဆောက်

မြောက်ကိုရီးယားနှင့် ရုရှားတို့သည်ကာလကြာရှည် မဟာမိတ်ဆက်ဆံ ရေးရှိသည်။ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကိုကျူး ကျော်စစ်ဆင်နွှဲခဲ့ပြီး နောက် ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုခိုင်မာလာခဲ့သည်။ ကင်က ရုရှားအစိုးရကို ကူညီရန် လက်နက်များနှင့် ထောင်နှင့်ချီသော စစ်သားများစေ လွှတ်ခဲ့သည်။

“ဒါဟာ ကင်နဲ့ပူတင်ကြားက ဆက်ဆံရေးကို ခိုင်မာစေပါတယ်။ ဒါတင်မကသေးပါဘူး။ ကင်ကို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူ့ရဲ့ရပ် တည်မှုအနေအထားကိုလည်း ပိုပြီးအားကောင်းလာစေပါတယ်”ဟု ဆူးကင်က သုံးသပ်ထားသည်။

ရုရှားနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းမှု ပိုမိုအားကောင်းလာခြင်းနှင့်အတူ ကင်သည် ကမ္ဘာ့နိုင်ငံများ၏ ဖယ်ကြဉ်ခံထားရသည့်အခြေအနေမှ ရုန်းထွက်လာနိုင်ခဲ့သည်။ တားမြစ်ပိတ်ပင်ခံထားရသော လက်နက်စီမံကိန်း ကြောင့် မြောက်ကိုရီးယားသည် ကုလသမဂ္ဂ ဦးဆောင်သည့် အရေးယူပိတ်ဆို့မှုများနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရသည်။

တရုတ်သည် မြောက်ကိုရီးယား၏ နောက်ထပ်အရေးပါသော ကျောထောက် နောက်ခံဖြစ်သည်။တရုတ်သည် ယူကရိန်းစစ်ပွဲကို ပြစ်တင်ရှုတ်ချ ခဲ့ခြင်းမရှိပေ။ အနောက်နိုင်ငံများကမူ တရုတ်သည် ရုရှားအားတိတ်တဆိတ် အားပေးထောက်ခံနေသည်ဟု ဝေဖန်ခဲ့ကြသည်။

“ဒီခရီးစဉ်နဲ့အတူ ကင်ဟာ ရုရှားအစိုးရနဲ့ ခိုင်မာတဲ့ဆက်ဆံရေး တည်ဆောက် ပြီး နောက်မှာ တရုတ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ရပ်ရှိဖို့ အားထုတ် နေတာ ဖြစ်ပါတယ်”ဟု ဆိုးလ်မြို့တော်ရှိ မြောက်ကိုရီးယားဆိုင်ရာ သုတေသနတက္ကသိုလ်၏ ဥက္ကဌဟောင်းယန်း မူဂျင်းက အေအက်ဖ်ပီ သတင်းကို ပြောပြခဲ့သည်။

“ပူတင်ကလည်း အဲဒီပွဲမှာရှိနေတာဆိုတော့ ဒီပွဲက မြောက်ကိုရီးယား-တရုတ်-ရုရှား ဆိုရှယ်လစ်မိတ်ဖက်တွေဆိုတာကို ပြသလိုက်တာပါ။ မြောက်ကိုရီးယား က ဒီသုံးနိုင်ငံမိတ်ဖက်အဖွဲ့မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သက်သေပြဖို့ ကြိုးစားနေပါတယ်”ဟု ယန်းက သုံးသပ်ထားသည်။

ကင်၏ သဘောထား

ကင်သည် ၂၀၁၈ ခုနှစ်ဝန်းကျင်တွင် တိုတောင်းသော နိုင်ငံတကာ သံတမန်ဆက်ဆံရေး တစ်ရပ်ရှိခဲ့သည်။ ကင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့နှင့် အကြိမ်ပေါင်း များစွာ တွေ့ဆုံခဲ့သည်။

သို့သော် ၂၀၁၉ ခုနှစ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ထရမ့်နှင့်မအောင်မြင် သော ဆွေးနွေးပွဲပြီးနောက် ကင်က ကမ္ဘာ့စင်မြင်ထက်မှ ပြန်လည်ဆုတ်ခွာ ခဲ့သည်။

ကင်သည် COVID-19 ကပ်ရောဂါကာလအတွင်း မြောက်ကိုရီးယားနိုင်ငံ အတွင်း ၌ နေထိုင်ခဲ့သည်။သို့သော် ၂၀၂၃ ခုနှစ်တွင် ကင်သည် ရုရှား၏ အရှေ့ဘက်ပိုင်းဒေသ၌ ပူတင်နှင့် တွေ့ဆုံခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံကိုု တည်ထောင်ခဲ့သည့် ကင်၏အဘိုးဖြစ်သူ ကင်အီဆွန်းက ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာတွင် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

သို့သော် ၎င်း၏ ဖခင်ကင်ဂျုံအီလက်ထက်တွင် ကမ္ဘာ့နိုင်ငံများနှင့် ပိုမိုသီးခြားနေထိုင်ခဲ့သည်ဟု ဆိုးလ်၏ Sejong Institute ဖောင်ဒေးရှင်းမှ ချောင်ဆွန်းချန်က ပြောကြားခဲ့သည်။

ကင်ဂျုံအွန်၏ တရုတ်ခရီးစဉ်သည် အဘိုးဖြစ်သူကဲ့သို့ ပြည်ပနိုင်ငံများနှင့်သံတ မန်ဆက်ဆံရေးတွင် ပိုမိုတက်ကြွစွာ ပါဝင်သွားမည်ကို ဖော်ပြနေ ဖွယ်ရောက်ကြောင်း ချန်က သုံးသပ်ထားသည်။

ပြုံယမ်းသည် အကူအညီပေါ် မှီခိုအားထားနေရပြီး တရုတ်၏ ကူညီထောက်ပံ့မှုမရှိမဖြစ် လိုအပ်နေသောကြောင့် ယင်းသည် လက်တွေ့ဆန်သော လှုပ်ရှားမှုလည်း ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ထားသည်။

ရှီသည် အရေးပါသော ထိပ်သီးညီလာခံအတွက် ယခုနှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယားသို့ သွားရောက်ရန် စီစဉ်ထားသည်။ ရှီ က တောင်ကိုရီးယား သမ္မတသစ် လီဂျေမြောင်နှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေနိုင်သော ကြောင့် ကင်၏ခရီးစဉ်သည် ကြိုတင်ပြင်ဆင်သည့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသည်။

ထရန့်၏သဘောထား

ထရန့်က ရုရှားနှင့် ယူကရိန်းကြား ငြိမ်းချမ်းရေးရရှိစေရန် ကြားဝင်စေ့စပ်မှုကို ကြိုးပမ်းလုပ်ဆောင်နေချိန် တရုတ်၏ စစ်ရေးပြ အခမ်းအနား ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကင်နှင့် သုံးကြိမ်တွေ့ဆုံခဲ့ပြီး ကင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု တစ်ချိန်က ပြောခဲ့ဖူးသည့် ထရန့်က ကင်နှင့်တစ်ဖန် ပြန်လည်တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်က မအောင်မြင်သော တွေ့ဆုံမှုပြီးနောက်ပိုင်း မြောက်ကိုရီးယား အစိုးရက “နောက်ပြန်ဆုတ်ဖို့ မရှိတဲ့ နျူကလီးယားနိုင်ငံ”ဟု မိမိကိုယ်ကိုယ် သတ်မှတ်ခေါ်ဆိုခဲ့သည်။

ထို့ပြင်တောင်ကိုရီးယား သမ္မတလီနှင့် ဆက်ဆံရေးပိုမိုတိုးတက်စေမည့် အကြံပြုချက်များကိုလည်း လတ်တလောတွင် ပယ်ချခဲ့သည်။

“ပူတင်က ကင်နဲ့ ထရန့်ကြားက အသုံးဝင်တဲ့ ကြားလူအဖြစ် ရပ်တည်လာဖွယ် ရှိပါတယ်”ဟု အော်စလိုတက္ကသိုလ်မှ ကိုရီးယားအရေး လေ့လာသုံးသပ်သူ ဗလာဒီမာတီခို နော့ဗ်က ပြောကြားခဲ့သည်။

“ဒါက ဝမ်းနည်းဖွယ်ကောင်းတဲ့ ကံကြမ္မာ လှည့်ကွက်ပါ။ ပူတင်က စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခံထားရပေမယ့် သူက ထရန့်နှင့် ကင်နှစ်ယောက်လုံး ယုံကြည်ရတဲ့ လက်ရှိ ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်လို့ပါ”ဟု ၎င်းက ဆိုသည်။

ဖြစ်လာနိုင်မည့်အခြေအနေ

ကင်၏ ပေကျင်းခရီးစဉ်သာ အောင်မြင်မည်ဆိုလျှင် အနာဂတ်တွင် ပိုမိုကောင်းမွန်သည် သံတမန်ဆက်ဆံရေး ရရှိလာနိုင်မည်ဟု တောင်ကိုရီးယား၏ ဂယောင်နမ်တက္ကသိုလ်မှ အရှေ့ဖျား လေ့လာရေး ဌာနပါမောက္ခ လင်ယူချယ်က သုံးသပ်ထားသည်။

ကင်၏ ပေကျင်းခရီးစဉ်သည် အောက်တိုဘာလတွင် မြောက်ကိုရီးယား၏ အရေးပါသော နှစ်ပတ်လည်နေ့အတွက် ရှီက ပြုံယမ်းသို့ လာရောက်ရန် အခွင့်အလမ်းတစ်ရပ်ကို ဖန်တီးလျက်ရှိသည်။

ကင်က ထိုခရီးစဉ်ကို နိုင်ငံ၏နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချရန် ဆန္ဒရှိနေ လိမ့်မည်ဟု လင်က ဆိုသည်။

“ကင်က ရှီကို ပြုံယမ်းဆီ လာဖို့ခေါ်နိုင်မယ်ဆိုရင် မြောက်ကိုရီးယားရဲ့ အဆင့်အတန်းကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ပေး နိုင်ပါလိမ့်မယ်” ဟု ၎င်းက သုံးသပ်ထားသည်။

Ref:AFP

                                                            

Most Read

Most Recent