အာရှပစိဖိတ်ဒေသအတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန် အကြိမ်(၄၀)မြောက် CIRDAP နည်းပညာကော်မတီ အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ရန်ကုန်မြို့ရှိ The Eravati Sule Grand Hotel တွင် သြဂုတ် ၂၅ ရက်မှ စတင်ကျင်းပလျက်ရှိသည်။
CIRDAP ၏ နည်းပညာကော်မတီအစည်းအဝေးကို အာရှနှင့်ပစိဖိတ်ဒေသတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများ ချမှတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အတွေ့အကြုံများ၊ အလေ့အထကောင်းများ ဆွေးနွေးဖလှယ်နိုင်စေရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရေး ဒေသတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံအလိုက် အလှည့်ကျကျင်းပခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် (၄၀) ကြိမ်မြောက် နည်းပညာကော်မတီအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။
(၄၀)ကြိမ်မြောက် CIRDAP နည်းပညာကော်မတီအစည်းအဝေးကို ၂၀၂၅ ခုနှစ် သြဂုတ် ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး ပထမနေ့တွင် CIRDAP အဖွဲ့၏လုပ်ငန်း တိုးတက်မှုအခြေအနေများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာသင်တန်းများဖွင့် လှစ်ပေးနိုင်မှုအခြေအနေများ၊ ရာသီဥတု ဘေးဒဏ်ခံနိုင်သော ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်လုပ်ငန်းတိုးတက်မှုအခြေ အနေများ၊ CIRDAP Strategic Plan (2026-2029) အစီအစဉ်အရ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
CIRDAP အဖွဲ့တွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၅)နိုင်ငံရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျင်းပသည့် နည်းပညာကော်မတီအစည်းအဝေးတွင် နည်းပညာကော်မတီဝင်များဖြစ်သည့် ဘင်္ဂလားဒေ့ရှ်(၁)ဦး၊ ဖီဂျီ(၂)ဦး၊ အိန္ဒိယ(၁)ဦး၊ အင်ဒိုနီးရှား(၇)ဦး၊အီရန်(၁)ဦး၊ လာအို(၁)ဦး၊ မလေးရှား(၂)ဦး၊ မြန်မာ(၂)ဦး၊နီပေါ(၁) ဦး၊ ပါကစ္စတန်(၁)ဦး၊ ဖိလစ်ပိုင်(၁)ဦး၊ သီရိ လင်္ကာ(၁)ဦး၊ ထိုင်း(၁)ဦးနှင့်ဗီယက်နမ်(၁) ဦး၊ CIRDAP အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များဖြင့် စုစုပေါင်း ၂၆ ဦးနှင့် မြန်မာနိုင်ငံက UN အဖွဲ့အစည်းများ၊ CIRDAP အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဌာနကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
CIRDAP အဖွဲ့ကို ၁၉၇၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံအလိုက် ဆောင်ရွက်နေသည့် ကျေးလက်ဒေသပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်ရာတွင် ဝန်ဆောင်မှုအဖွဲ့အစည်းအဖြစ် ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်မှစတင်ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကစပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။










