ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ရီးယဲလ်အကယ်ဒမီကစားသမားဖြစ်တဲ့ နောက်ခံလူ လီမက်ထရီကို ပြင်သစ်ယူ-၁၇ အသင်းအတွက် ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
လီမက်ထရီ(၁၆ နှစ်)ဟာ စပိန်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပေမဲ့ အဖေက ပြင်သစ်၊ အမေက စပိန်ဖြစ်တာကြောင့် စပိန်နဲ့ ပြင်သစ် နှစ်နိုင်ငံစလုံးကို ကိုယ်စားပြုကစားခွင့် ရှိနေပါတယ်။
လီမက်ထရီဟာ အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားတစ်ဦးအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က လီမက်ထရီကို အနာဂတ်အတွက်ပါ ရည်ရွယ်နေတာပါ။
လီမက်ထရီဟာ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ စပိန်နိုင်ငံကို ကိုယ်စားပြုကစားခွင့်ရခဲ့ပေမဲ့ စပိန်ယူ-၁၇ အသင်းအတွက် ရွေးချယ်ခံရခြင်းမရှိသေးပါဘူး။
ဒါ့အပြင် နိုဝင်ဘာလမှာ ကျင်းပမယ့် ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စပိန်က ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။
ဒါကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ပြင်သစ်ယူ-၁၇ အသင်းအတွက် ခေါ်ယူပြီး အနာဂတ်အတွက်ပါ စည်းရုံးဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။















