မြန်မာ-အိန္ဒိယနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်သည့် ကျပ် ၂ ဒသမ ၇ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ကလေးမြို့နယ်၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၆ ရက် ညနေ ၅ နာရီခန့်တွင် သတင်းအရ ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာအနီးတွင် ကလေးမြို့မှ လက်ပံချောင်းကျေးရွာဘက်သို့ ဝင်းကိုကို(ခ)အဲကိုမှ ဆိုင်ကယ်ဆိုက်တွဲဖြင့် သယ်ဆောင်လာသည့် ဂျပ်ဖာများဖြင့် ထည့်လျက် ဘိန်းဖြူ ၁၅ ဒသမ ၀၇ ကီလို (ခန့်မှန်းကျပ် ၇၅၃၅ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၉၂ သိန်း (ခန့်မှန်းကျပ် ၁ ဒသမ ၉၈၄ ဘီလျံ)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထပ်မံကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဩဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီခွဲအချိန် မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာပြီး လွှဲပြောင်းပေးအပ်ခဲ့သည့် တိုးတက်အောင်(ခ)မဲလုံးနှင့် အောင်ခန့်ဇော်(ခ)အောင်ကြီးတို့အား ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ နယ်မြေ(၅)၊ သတိပဌာန်လမ်းသွယ်ရှိနေအိမ်တွင် မန္တလေးမှ ကလေးသို့ မူးယစ်ဆေးဝါးများ တင်ဆောင်ခဲ့သည့် HINO ၁၂ ဘီးယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးပေါ်ပေါက်ချက်များအရ ဖမ်းဆီးရမိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခိုင်းသူများမှာ ဘိုမင်းနှင့် စိုးမိုးဦးတို့ဖြစ်ပြီး တမူးမြို့နယ်၊ ခမ်းပတ်မြို့နေ ကျင်မှုံခန့်မှ မြန်မာ-အိန္ဒိယနယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။















